နေပြည်တော် ၂၀ ဧပြီ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ယနေ့နံနက်ပိုင်းတွင် ချင်းပြည်နယ် ဖလမ်းမြို့၌ လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် ဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် လူမှုကာကွယ်စောင့်ရှောက်ရေး၊ ဘေးအန္တရာယ်ဆိုင်ရာ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ရေး၊ ဘက်စုံသုံး ဘေးဒဏ်ခံ အဆောက်အဦ ဆောက်လုပ်ပေးနိုင်ရေး၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးမှူးရုံးတည်ဆောက်နိုင်ရေးနှင့် လူငယ်ရေးရာမူဝါဒကို မဟာဗျူဟာစီမံချက်ပါ လုပ်ငန်းစဉ်များအတိုင်း အကောင်အထည်ဖော်နိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် Multipurpose Cyclone Shelter နှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးမှူးရုံး တည်ဆောက်နိုင်မည့် မြေနေရာများကို ကြည့်ရှုသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ဟားခါးမြို့ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သော ချင်းပြည်နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းမှမွေးဖွားသော အသက် (၂)နှစ်အောက် ကလေးငယ်များ၊ မသန်စွမ်းသူများ၊ ပရဟိတဂေဟာများ၊ ကိုယ်အားကိုယ်ကိုး မူလတန်းကြိုကျောင်းများနှင့် မိခင်ဝိုင်းများအတွက် ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ပြီး အမှာစကားပြောကြားသည်။
ပြည်ထောင်စုဝန်ကြီးက ချင်းပြည်နယ်တွင် ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းမှမွေးဖွားသော ကလေးအသက်(၂)နှစ်အထိ ငွေကြေးထောက်ပံ့ခြင်းနှင့်အတူ အာဟာရပညာပေး၊ တစ်ကိုယ်ရည်သန့်ရှင်းရေးပညာပေးနှင့် မိသားစုစီမံကိန်းပညာပေး အစီအစဉ်များဖြင့် ဆောင်ရွက်ပေးနေပါကြောင်း၊ ဤစီမံချက်သည် စွမ်းရည်ပြည့်ဝသော အနာဂတ်လူ့စွမ်းအား အရင်းအမြစ်များ ထွက်ပေါ်လာရေးအတွက် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ လူသားတစ်ဦး ချင်းစီဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာတွင် မသန်စွမ်းသူများကိုပါ ထည့်သွင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မသန်စွမ်းအဆင့်သတ်မှတ်ပြီးပါက ပိုမိုစနစ်ကျသော ထောက်ပံ့မှုများ ပေးအပ်နိုင်မည်ဖြစ်ပါကြောင်း၊ တစ်နိုင်ငံလုံးအတိုင်းအတာ အနေဖြင့် အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများကို လူမှုရေးပင်စင်ထောက်ပံ့ရာ၌ လမ်းပန်း ဆက်သွယ်မှုခက်ခဲသော ချင်းပြည်နယ်တွင် ခံစားခွင့်ရရှိမည့် ဘိုးဘွားများမကျန်ရှိစေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ယနေ့အခမ်းအနား၌ ချင်းပြည်နယ် တစ်ခုလုံးရှိ မသန်စွမ်းသူများအားလုံးအတွက် ကနဦးထောက်ပံ့ခြင်း၊ ကိုယ့်အားကိုယ်ကိုးမူကြိုကျောင်း များ၊ ပရဟိတဂေဟာများ၊ လူငယ်ရိပ်သာများနှင့် မိခင်ဝိုင်းများကို ထောက်ပံ့မှုများ ပေးအပ်သွားမည်ဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာန၏ ဆောင်ရွက်ချက်များသည် ပြည်သူ များတိုက်ရိုက်အကျိုးခံစားရရှိစေရန် ကြိုးပမ်းဆောင်ရွက်ခြင်း ဖြစ်ပြီးပြည်သူများ၊ သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် လူမှုအဖွဲ့အစည်းများအားလုံး ပူးပေါင်းပါဝင်ကြပါရန် တိုက်တွန်းပြောကြားသည်။
ဆက်လက်၍ ချင်းပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်က ချင်းပြည်နယ်အတွင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၏ လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ ဆောင်ရွက်မှုတွင်ပြည်နယ် အစိုးရ၏ ပူးပေါင်းဆောင်ရွက်မှုများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ချင်းပြည်နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းမှမွေးဖွားသော အသက်(၂)နှစ်အောက် ကလေးငယ် ၃၀၁၇၇ ဦး အတွက် ထောက်ပံ့ငွေကျပ် ၈၈၉ ဒသမ ၇၆ သန်း၊ မသန်စွမ်းသူ ၂၆၉၁ ဦးအတွက် ထောက်ပံ့ငွေကျပ် ၈၀ ဒသမ ၇၃ သန်း၊ မိခင်ဝိုင်း ၅ ဝိုင်း ဖွင့်လှစ်ရန် ထောက်ပံ့ငွေကျပ် ၃ ဒသမ ၅၃ သန်း၊ ပရဟိတဂေဟာ(၁၃)ခုအတွက် ထောက်ပံ့ငွေကျပ် ၄၃ ဒသမ ၃၆ သန်း၊ ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်းများအတွက် ထောက်ပံ့ငွေကျပ် ၂၄ ဒသမ ၇ သန်းနှင့် လူငယ်ရိပ်သာ(၁၁)ခုအတွက် ထောက်ပံ့ငွေကျပ် ၁၁ သိန်းတို့ကို ထောက်ပံ့ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူကြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် အခမ်းအနားသို့ ကိုယ်တိုင်တက်ရောက် လာကြသော ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးငယ်များ၊ မသန်စွမ်းများအား ထောက်ပံ့ငွေများကို လက်ဝယ်အရောက်ပေးအပ်၍ ကလေးငယ်များအတွက် အာဟာရမုန့်များနှင့် ကစားစရာအရုပ်များ ပေးအပ်ပြီး လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ထောက်ပံ့မှုများအတွက် ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ပြည်ထောင်စုဝန်ကြီးသည် ဧပြီ ၁၉ ရက် ညနေပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ အစည်းအဝေးခန်းမ၌ အရပ်ဖက်လူမှုအဖွဲ့ အစည်းများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ ဒေသခံများနှင့်တွေ့ဆုံ၍ လူမှုကာကွယ်စောင့် ရှောက်ရေး၊ သဘာဝဘေး ကာကွယ်ရေးနှင့် ပြည်လည်ထူထောင်ရေးလုပ်ငန်းများကို ပူပေါင်းဆောင်ရွက်ရန်နှင့် လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန် ညှိနှိုင်းဆွေးနွေးသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက အရပ်ဖက်လူမှုအဖွဲ့အစည်းများသည် ပြည်သူများ၏ ဒုက္ခအမျိုးမျိုးကို ကူညီကယ်တင်ပေးနေကြခြင်းဖြစ်သဖြင့် မိမိတို့ဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် အတူတကွပူးပေါင်းခြင်းဖြင့် ပြည်သူ့အကျိုးကို ပိုမိုဆောင်ရွက်ပေးနိုင်မည်ဖြစ်ပါကြောင်း၊ အစိုးရအနေဖြင့် ပြည်သူအားလုံးသာတူညီမျှ အကျိုးခံစားခွင့်ရရှိရေးကို အလေးထားဆောင်ရွက်ပေးလျက်ရှိပြီး လက်ရှိအပြောင်းအလဲကို ကြုံတွေ့ရသည့်အချိန်တွင် ရင်ဆိုင်ရမည့် အခက်အခဲများကို အောင်မြင်အောင် ပူးပေါင်း ကျော်လွှားဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ယနေ့တက်ရောက်လာသော အရပ်ဖက်လူမှု အဖွဲ့အစည်းများအနေဖြင့် မိမိတို့ဒေသတွင်း လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များ၊ အကြံပြုချက်များကို ပွင့်လင်းစွာဆွေးနွေးကြရန် တိုက်တွန်းပြောကြားသည်။
ထို့နောက် အရပ်ဖက်လူမှုအဖွဲ့အစည်းများက မူးယစ်ဆေးစွဲသူများ ပြန်လည် ထူထောင်ရေးလုပ်ငန်း၊ သဘာဝဘေး ကြိုတင်ကာကွယ်တားဆီးရေး၊ ရေရှားပါးမှုကြိုတင် ကာကွယ်ရေး၊ ကလေးခရိုင်ရှိ ရာဇဂြိုဟ်ဆည်အတွင်း သဲနုန်းများဝင်ရောက်မှုနှင့် ချောင်းရေတိုက်စားမှုကာကွယ်ရေးလုပ်ငန်းများ၊ ဒေသတွင်း တစ်နိုင်တစ်ပိုင် အလုပ်အကိုင်အခွင့် အလမ်းများ ဖော်ဆောင်ရေးနှင့် လူမှုရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကြုံတွေ့နေရသော အခက်အခဲများကို တင်ပြကြရာ ဒုတိယဝန်ကြီး ဦးစိုးအောင်နှင့် တာဝန်ရှိသူများက ချက်ခြင်းဖြေရှင်းဆောင်ရွက်ပေးနိုင်သည့် ကိစ္စရပ်များကို ဖြေရှင်းဆောင်ရွက်ပေးခြင်း၊ ဆက်လက်ဖြေရှင်းဆောင်ရွက်ရမည့် ကိစ္စရပ်များအပေါ် လိုအပ်ချက်များကို သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ပေးနိုင်ရေးကို ပြန်လည်ဆွေးနွေးခဲ့ကြသည်။
ချင်းပြည်နယ်အတွင်း ယနေ့ထောက်ပံ့ငွေစုစုပေါင်းမှာ ငွေကျပ်သန်းပေါင်း (၁၀၄၃ ဒသမ ၁၈) ဖြစ်ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)


