ချင်းတိုင်းရင်းသားတို့၏ရိုးရာ ဆာဗူးသီး (SABUTI) အစားအစာ

၇ ဇွန်

 

မြန်မာနိုင်ငံရှိသွေးချင်းတိုင်းရင်းသားလူမျိုးများတွင် မိမိတို့၏ကိုယ်ပိုင်ရိုးရာ အစားအစာများရှိကြရာ ချင်းတိုင်းရင်းသားတို့တွင်လည်း ကိုယ်ပိုင်ရိုးရာဆာဗူးသီး(Sabuti) အစားအစာတစ်မျိုးရှိပြီး ဆာဗူးသီးဟူသော ဝေါဟာရမှာချင်းပြည်နယ် ဟားခါးဘာသာစကားဖြစ်ရာ “ ဆာ” ကို အသားဟုအဓိပ္ပာယ်ရကာ “ဗူးသီး”ကို ပြောင်းဖူးပြုတ်ရည်ဟုအဓိပ္ပာယ်ရသည်။ ထို့ကြောင့် ဆာဗူးသီး၏ မြန်မာလိုအဓိပ္ပာယ်မှာ အသားဖြင့် ရောချက်ထားသောပြောင်းဖူးပြုတ်ရည်ဖြစ်သည်။ ဆာဗူးသီးသည် ချင်းလူမျိုးတို့၏အဓိကဟင်းလျာအဖြစ် စားသုံးသော အစားအစာမဟုတ်ဘဲ အဆာပြေစားသုံးသော အစားအစာအမျိုးအစား တစ်မျိုးပင်ဖြစ်သည်။

 

ဆာဗူးသီးအစားအစာသည် ရှေးနှစ်ပေါင်းများစွာကတည်းက ပေါ်ပေါက်လာခဲ့ပြီးမြန်မာဘုရင်မင်းများ လက်ထက်ချင်းစော်ဘွားများခေတ်ကတည်းကပင်စော်ဘွားများမှစ၍ သာမန်ပြည်သူများအထိ ဆာဗူးသီးအစား အစာကိုနှစ်ခြိုက်ခုံမင်စွာ စားသုံးခဲ့ကြသည်ဟု ချင်းတိုင်းရင်းသားဘိုးဘွားလူကြီးသူမများက ပြောဆိုခဲ့သည်။

 

 

ချင်းတောင်တန်းဒေသတွင် ရှေးအခါက ဆန်စပါးထက် ပြောင်းဖူးကို ပထဝီအနေအထားအရ ပိုမိုစိုက်ပျိုးကြခြင်းကြောင့် ပြောင်းဖူးနှင့်ဆက်နွှယ်သောချင်းရိုးရာအစားအစာပေါ်ပေါက်လာခြင်းပင်ဖြစ်နိုင်သည်ဟု ယူဆကြသည်။ဆာဗူးသီးအစား အစာချက်ပြုတ်ရန် ပါဝင်သောအရာများမှာ သစ်သားဆုံဖြင့်ထောင်းထားသော အခွံချွတ် ပြောင်းဖူးကြမ်းအဆန်၊ အသားနှင့် ရေတို့ပင်ဖြစ်သည်။

 

ရှေးအခါက နွားနောက်ဝမ်းတွင်းသားကို အခွံချွတ်ပြောင်းဖူးကြမ်းဆန်ဖြင့်ရော၍ပြုတ်ရာ ဟင်းခတ်အမွှေးအကြိုင်မှုန့်မပါသော်လည်း အသား၏အချိုဓာတ်နှင့် ပြောင်းဖူး၏ချိုဆိမ့်သော အရသာပေါင်းစပ်ထားသည့် ချိုဆိမ့်အီနေသော အစားအစာပင်ဖြစ်သည်။

 

နွားနောက်ခြောက်ဖုတ်နှင့် ပြောင်းဖူးပြုတ်ရည်ပျစ်ပျစ်ဖြင့်တွဲ၍စားသောက်ကြသည့်အတွက် ဆာဗူးသီးတစ်ခွက်စားပြီးပါက တောင်ယာလုပ်ငန်းကိုတစ်နေကုန်မမောမပန်းဘဲ အလုပ်လုပ်နိုင်စွမ်းရှိလောက်အောင် အာဟာရခွန်းအားပြည့်ဝသည်ဟု ချင်းရှေးလူကြီးများက ဆိုစမှတ်ပြုခဲ့ကြသည်။

 



ချင်းစော်ဘွားများခေတ်မတိုင်မီက ဆာဗူးသီးအစားအစာကို ဝါးဘိုးဝါးအဆစ်ဖြင့်ချက်ပြုတ်၍ ဟင်းခွက်နှင့် ဇွန်းများကိုဘူးခါးခြောက်ဖြင့်ပြုလုပ်အသုံးပြုကြပြီး ချင်းစော်ဘွားများခေတ်တွင်ဆာဗူးသီးကို မြေအိုးများဖြင့် ချက်ပြုတ်လာကြသည်။

 

အိုးမှာအောက်ခြေရှူးပြီးအလယ်ကားသောပုံသဏ္ဌာန်ရှိသည်။ ဆာဗူးသီးအစားအစာကိုအထက်ဖော်ပြပါ အိုးများဖြင့်သာ နှောင်းခေတ်အထိ ချက်ပြုတ်လေ့ရှိကြသည်။

 

ချင်းတောင် ပေါ်ဒေသအချို့တို့တွင် ဘူးခါးခြောက်အကြီး၊အသေးတို့ဖြင့်ပြုလုပ်ထားသော ဟင်းခွက်၊ ဇွန်းများနှင့် ဆာဗူးသီးချက်သောမြေအိုးများကို ယနေ့တိုင်တွေ့မြင်နိုင်သေးသည်။

 

ဆာဗူးသီးစားသုံးသောဓလေ့မှာ တစ်နေရာနှင့်တစ်နေရာပုံစံနှင့်အခေါ်အဝေါ်မတူညီကြပေ။ ချင်းပြည်နယ် တီးတိန်၊တွန်းဇံမြို့နယ်နှင့် ကျီခါးမြို့တို့တွင် ဆာဗူးသီးကိုဇိုမီးဘာသာစကားဖြင့် ဗိုင်မင်မ်ကျင်းမ် (Vaimim Ciim) ဟုခေါ်ဆိုကြသည်။

 

 

အဓိပ္ပာယ်မှာ မြန်မာလို ပြောင်းဖူးပြုတ်ရည်ပင်ဖြစ်သည်။ ချက်ပြုတ်ည့်ပုံစံမှာ ရာသီပေါ်ပဲအမျိုးမျိုး၊ အခွံချွတ်ပြောင်းဖူးကြမ်းအဆံနှင့်ရာသီပေါ်ဟင်းသီးဟင်းရွက်စုံတို့ကိုရော ၍ချက်ပြုတ်သောထိုပြုတ်ရည်ကို အသားဖြင့်တွဲစားကြသည်။ အသားဖြင့်မချက်ပြုတ်ဘဲပဲနှင့်အသီးအရွက် အစုံတို့ဖြင့်ရောချက်သောပြုတ်ရည်ကို ဟားခါးဘာသာစကားဖြင့် အန်းဗူးသီး(Anbuti)ဟုခေါ်ဝေါ်ကြသည်။

 

ချင်းပြည်နယ်တောင်ပိုင်းဒေသများဖြစ်သော မင်းတပ်၊ မတူပီ၊ ကန်ပက်လက်၊ပလက်ဝဒေသများတွင် ဆာဗူးသီးကို မင်းတပ်နှင့် ကန်ပက်လက်ဘာသာစကားဖြင့်အေတွီ(Ai Thwi)ဟုခေါ်ဆိုပြီး မင်းတပ်နှင့် ကန်ပက်လက်ဒေသများတွင် အေတွီ ခေါ်ပြောင်းဖူးပြုတ်ရည်အတွင်း ရာသီစာဖြစ်သော ပဲအမျိုးမျိုး၊ ရုံးပ သေသီး၊ဖရုံသီး၊ ဖရုံရွက်၊ ပဲရွက်စသည်တို့ကိုရောထည့်၍ အဆာပြေစားသောအစားအစာအဖြစ်စားသုံးကြသည်။ ပြောင်းဖူးပြုတ်ရည်ကိုအသားဖြင့် တွဲစားလေ့မရှိကြပါ။

 

ချင်းလူမျိုးအချို့တို့သည် အချဉ်ဓာတ်ရှိသည့် အောင်လောက်ပဲကိုပြောင်းဖူးပြုတ်ရည်အတွင်းနှစ်ခြိုက်စွာထည့် ပြုတ်စားသောက်လေ့ရှိကြသည်။

 

ယခုအခါ ဆာဗူးသီးအစားအစာကို တန်ဆာပိုဆင်လာကြပြီးရှေးအခါကချက်ပြုတ်သောအိုးနှင့် သဏ္ဌာန်တူ အောက်ခြေရှူးအလယ်ကားဒန်အိုးကြီးများဖြင့် ချက်ပြုတ်လာကြသည်။ ဆာဗူးသီးချက်ပြုတ်သောမီးဖိုများကို အုတ်ဖြင့်ပြုလုပ်လာကြသည်။ အသားအနေဖြင့် ကြက်သား၊ဝက်သား၊ နွားနောက်သားများအပြင် ကလီစာ များကိုလည်းဖြည့်စွက်ချက်ပြုတ်လာကြသည်။ ဆာဗူးသီးနှင့်တွဲစားရန် ချင်းတောင်ပေါ်တွင်သာပေါက်သော ခရမ်းကစော့သီးကိုပြုတ်၍ စမိတ်၊ နံနံပင်၊ ကြက်သွန်မိတ်၊ ငရုတ်သီး၊ ဆားတို့ဖြင့် ရောထောင်းထားသော ငရုတ်ထောင်းဖြင့်တွဲ၍စားသုံးလာကြသည်။ ထို့အပြင် ဟင်းခတ်မှုန့်ကြိုက်သူများ အတွက်ဟင်းခတ်မှုန့်ဘူး အမျိုးမျိုး၊ အငန်ကြိုက်သူများအတွက် ဆားဘူးများလည်း တွဲစားလာကြသည်။

 

 

ယနေ့ဆာဗူးသီးအစားအစာကို ချင်းပြည်နယ်တောင်ပိုင်းဒေသများဖြစ်သော မင်းတပ်၊မတူပီ၊ ကန် ပက်လက်၊ ပလက်ဝမြို့နယ်များနှင့်ချင်းပြည်နယ်မြောက်ပိုင်းဖြစ်သော ဟားခါး၊ ဖလမ်း၊ ထန်တလန်၊ တီးတိန်၊တွန်းဇံ၊ ကျီခါးမြို့နယ်များတွင် ရိုးရာအစားအစာအဖြစ်ချင်းတိုင်းရင်းသားများ မိမိဓလေ့နှင့်အညီ ချက်ပြုတ်၍ စားသုံးကြသည်။

 

ထို့အပြင် ချင်းတိုင်းရင်းသားအများစုနေထိုင်ရာ စစ်ကိုင်းတိုင်းဒေသကြီးကလေးမြို့နှင့် ရန်ကုန်၊ မန္တလေးမြို့ များတွင်ဆိုင်များဖွင့်၍ဆာဗူးသီးအစားအစာကိုရောင်းချလာကြရာ အခြားသွေးချင်းတိုင်းရင်းသားများကပါနှစ် ခြိုက်စွာ စားသုံးလာကြသည်။

 

သို့ဖြစ်ရာ မြန်မာပြည်အနှံ့အပြားတွင်နေထိုင်ကြသောသွေးချင်းတိုင်းရင်းသားများအနေဖြင့် ချင်းပြည်နယ် ကိုရောက်ရှိလာခိုက်အာဟာရပြည့်ဝ၍ သဘာဝချိုဆိမ့်မွှေးနေသော ချင်းတိုင်းရင်းသားတို့၏ ရိုးရာဆာဗူးသီး အစားအစာ၏အရသာကိုခံစားပြီး ဆာဗူးသီးကို မိမိတို့အရပ်ဒေသ၌လည်းချက်ပြုတ်စားသုံးနိုင်ရန်နှင့် ဆာဗူးသီးကိုမြန်မာပြည်ရှိအခြားသွေးချင်းတိုင်းရင်းသားများကပါသိရှိနားလည်စေရန်ရည်ရွယ်၍ ချင်းတိုင်းရင်းသားတို့၏ရိုးရာအစားအစာဆာဗူးသီးအကြောင်းကို ရေးသားတင်ပြလိုက်ရပါသည်။

 

နေစု(ချင်းရိုးမ)