ခင်ဦး ၈ ဖေဖော်ဝါရီ
ခင်ဦးမြို့ အခြေခံပညာအထက်တန်းကျောင်းအတွင်းရှိ အဋ္ဌမတန်း (နှင်းဆီဆောင်အဟောင်း) မီးလောင်မှုဖြစ်ပွားကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။
ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ ၈ ရက်နေ့ နံနက် ၅ နာရီ ၅၁ မိနစ်ခန့်က စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် မီးလောင်နေကြောင်း သတင်းအရ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်တင့်၊ မြို့မရဲစခန်းမှ ခေတ္တစခန်းမှူး ရဲအုပ်အောင်အောင်နှင့်တပ်ဖွဲ့ဝင်များ၊ လျှပ်စစ်ဦးစီးမှူး ဦးဇင်မင်းဝင်း၊ ပြည်သူများ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်သူခ နှင့် မီးသတ်တပ်ဖွဲ့ဝင်များသည် မီးငြိှမ်းသတ်ယာဉ် ၂ စီး ဖြင့် သွားရောက်ငြိှမ်းသတ်ရာ နံနက် ၆ နာရီ ၂၅ မိနစ် တွင် မီးငြိမ်းသွားခဲ့ပြီး၊ ဆက်လက်စစ်ဆေးရာ အဆိုပါကျောင်းဆောင်မှာ(အလျား ၁၂၀ ပေx အနံ ၂၄ ပေ) ရှိ သွပ်မိုး၊ နံကပ် တစ်ထပ် ၅ ခန်းတွဲ အဋ္ဌမတန်း (နှင်းဆီဆောင်အဟောင်း)အဆောက်အဦမှာ ဆရာ၊ဆရာမများ နားနေဆောင်အဖြစ် အသုံးပြုသောအခန်းအတွင်းရှိ လျှပ်စစ်ရေနွေးအိုး လျှပ်စစ်မီး အပူလွန်ကဲ၍ လောင်ကျွမ်းသည်ဟု ယူဆရကြောင်း သိရသည်။
၎င်းဖြစ်စဉ်နှင့် ပတ်သက်၍ ခင်ဦးမြို့မရဲစခန်းမှ စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။
ချစ်စံ(ခင်ဦး)


