ခင်ဦး  ၇  မေ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ရပ်ကွက်/ကျေးရွာအုပ်စု စာရေးဝန်ထမ်းများအား ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားရေး သင်တန်းဖွင့်ပွဲကို မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ယနေ့ နံနက် ၇ နာရီခွဲက ကျင်းပခဲ့ကြောင်း သိရသည်။

 

အခမ်းအနားတွင် ရွှေဘိုခရိုင်အုပ်ချုပ်ရေးမှူး ဦးကိုကိုအောင်က သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားပြီး ကန့်ဘလူခရိုင် ဒုတိယအုပ်ချုပ်ရေးမှူး ဦးညီညီလင်း၊ ရွှေဘိုခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးနိုင်လင်းထက်၊ တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်ကိုမင်းတို့က စာရေးဝန်ထမ်း သင်တန်းသား သင်တန်းသူ (၇၃) ဦးတို့ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး၊ ဒီမိုကရေစီနှင့် တရားဥပဒေစိုးမိုးရေး၊ ခေါင်းဆောင်မှု၊ အုပ်ချုပ်မှုနှင့် စီမံခန့်ခွဲရေး၊ မြန်မာနိုင်ငံ အုပ်ချုပ်ရေးယန္တရားနှင့် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများ၊ ပြည်သူ့ရေးရ စီမံခန့်ခွဲမှု ပြောင်းလဲရေးလုပ်ငန်းစဉ်များ၊ စွမ်းဆောင်ရည် တည်ဆောက်ခြင်း၊ ပြည်သူကိုဗဟိုပြု ဒေသဖွံ့ဖြိုးရေး၊ ကောင်းမွန်သောအုပ်ချုပ်ရေး စသည့် ဘာသာရပ်များကို မေ ၇  ရက်မှ မေ ၉ ရက်ထိ ၃ ရက်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

 

ချစ်စံ(ခင်ဦး)

 

1