ခင်ဦး ၄ မေ
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ် (COVID-19) ရောဂါ ကာကွယ်တားဆီးနိုင်ရေးအတွက် အမိန့်ထုတ်ပြန်ထားခြင်းအပေါ် လိုက်နာခြင်းမရှိသူ ၄ ဦးအား မေ ၄ ရက် မွန်းတည့် ၁၂ နာရီက ထောင်ဒဏ် (၃)လစီ အသီးသီး အမိန့်ချမှတ်လိုက်ကြောင်း မြို့နယ်တရားရုံး တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
ဖြစ်စဉ်မှာ ခင်ဉီးမြို့နယ် ရွာသာကျေးရွာ ကျေးရွာအုပ်ချုပ်ရေးမှူး အိမ်ရှေ့လမ်းမပေါ်၌ မူးယစ်သောက်စားပြီး အော်ဟစ်ဆဲဆိုခြင်းများ ပြုလုပ်နေကြသော တစ်ရွာတည်းနေ အောင်ကို (၃၂)နှစ်၊ စိုးရဲထွန်း (၂၅)နှစ်၊ သန်းဇော် (၃၅)နှစ်၊ ဇော်ဆန်း (၂၄)နှစ်တို့ (၄)ဦးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးချိုလင်းအောင်မှ တရားလိုပြုလုပ်၍ မြို့နယ်တရားရုံးသို့ ဦးတိုက်လျှောက်တိုင်တန်းခဲ့သည်။
အဆိုပါ ဒေသန္တရာအမိန့်အား (COVID-19) ရောဂါပြန့်ပွားမှုမရှိစေရေး၊ ကာကွယ် ထိန်းချုပ် ကုသရေးလုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် တာဝန်ရှိသူများမှအပ မည်သူမျှ ခွင့်ပြုချက်သော်လည်းကောင်း၊ လုံလောက်သည့် အကြောင်းတစ်စုံတစ်ရာသော်လည်းကောင်း မရှိဘဲ မိမိတို့အသုံးပြုနေထိုင်သည့် နေအိမ်ဥပစာ၏ ပြင်ပသို့ ဧပြီ ၁၇ ရက်မှ မေ ၅ ရက်အထိ နေ့စဉ် ည ၁၀ နာရီမှ နံနက် ၄ နာရီအတွင်း မည်သူတစ်ဉီးတစ်ယောက်မျှ သွားလာခြင်း၊ စုဝေးခြင်း၊ တစ်စုံတစ်ရာ ပြုလုပ်ခြင်းမပြုကြရန် ရပ်ကွက်/ကျေးရွာများသို့ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ-၁၄၄ အရ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဉီးစီးဌာနရုံးမှ အမိန့်ထုတ်ပြန်ကြေညာထားကြောင်း သိရသည်။
ချစ်စံ(ခင်ဦး)


