နေပြည်တော် ၂၈ မတ်
ခရီးသွားလုပ်ငန်းကော်မတီ၏ (၁/၂၀၁၉) ကြိမ်မြောက် အစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်၊ မင်္ဂလာသီရိ ဟိုတယ်၌ ကျင်းပသည်။
အခမ်းအနားတွင် ခရီးသွားလုပ်ငန်း ကော်မတီဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင် အဖွင့်အမှာစကားပြောကြားသည်။
ထို့နောက် ခရီးသွားလုပ်ငန်းကော်မတီအတွင်းရေးမှူး ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးဗရတ်ဆင်းက နေပြည်တော်ကောင်စီနယ်မြေနှင့် တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ အတည်ပြုပေးပို့ထားသည့် ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီ ဝင်အမည်စာရင်းအား ဖတ်ကြားတင်ပြပြီး ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီ(၁၅) ခုအား ဖွဲ့စည်းခွင့်နှင့် အမိန့်ကြော်ငြာစာများ ဆက်လက် ထုတ်ပြန် ခွင့်ကို အစည်းအဝေးက အတည်ပြုကြသည်။
ဆက်လက်၍ တက်ရောက်လာသော နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများနှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ တတ်သိပညာရှင်များ၊ ပုဂ္ဂလိကခရီးသွားလုပ်ငန်းအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များက ဒေသဆိုင်ရာ ခရီးသွား လုပ်ငန်း ကော်မတီဖွဲ့စည်းခြင်းနှင့် ဒေသဆိုင်ရာ ခရီးသွား လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေမှုအခြေအနေများနှင့် ရှေ့ဆက်လက် ဆောင်ရွက်သင့်သော မြှင့်တင်ရေးအစီအစဉ်များ၊ Digital Platform ထူထောင်နိုင်ရေးအတွက် ကျွမ်းကျင်ပညာရှင်များနှင့် နည်းပညာပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်စကားပြောကြားရာတွင် အမျိုးသား ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီအစည်းအဝေးကို နှစ်စဉ် တစ်နှစ်လျှင် (၂)ကြိမ် ကျင်းပရန် လျာထားသဖြင့် ယခုကဲ့သို့ ခရီးသွားလုပ်ငန်း ကော်မတီ အစည်းအဝေး များကိုလည်း နှစ်စဉ် တစ်နှစ်ကို (၄) ကြိမ်ကျင်းပနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အစည်းအဝေးတွင် တင်ပြခဲ့သည့် အကြံပြုဆွေးနွေးချက်များကိုလည်း မှတ်တမ်းထားရှိပြီး အစည်းအဝေး ဆုံးဖြတ်ချက်များအတိုင်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ဝန်ကြီးဌာနအနေဖြင့် လိုအပ်သည့် ပေါင်းစပ်ညှိနှိုင်းမှုများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ခရီးသွားလုပ်ငန်းသည် ကျယ်ပြန့်သည့်အတွက် ဖွံ့ဖြိုးတိုးတက်လာသည်နှင့် အမျှ လူတန်းစားပေါင်းစုံကို အကျိုးဖြစ်ထွန်းစေမည်ဖြစ်၍ ဒေသဖွံ့ဖြိုးရေးကိုလည်းများစွာ အထောက်အကူပြုမည်ဖြစ်ကြောင်း၊ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် အားလုံးဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားသည်။
(သတင်းစဉ်)


