နိုင်ငံတိုင်းမှာ ကမ္ဘာလှည့်ခရီးသွားတွေကို ဆွဲဆောင်ဖို့အတွက် Brand Name လို့ ခေါ်တဲ့ စာသားလေးတွေကို ရေးသားဖန်တီးပြီး နိုင်ငံကိုယ်စားပြုကြော်ငြာတာကို ခရီးသွားလုပ်ငန်းနဲ့ မစိမ်းတဲ့သူတွေ၊ ခရီးသွားလုပ်ငန်းကို စိတ်ပါဝင်စားသူတွေဂရုပြုမိကြမှာပါ။ ဥပမာ- မလေးရှားနိုင်ငံဆိုရင် “Malaysia Truly Asia”၊ထိုင်းနိုင်ငံဆိုရင် “Amazing Thailand” စသည်ဖြင့် Brand Name လေးတွေ ပေးထားကြပါတယ်။

မြန်မာနိုင်ငံဆိုရင် “Myanmar Be Enchanted” လို့ ပေးထားပါတယ်။ ဒီ Brand Name ကို မြန်မာနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းမြှင့်တင်ရေးလုပ်ငန်းတွေအတွက် အသုံးပြုကြပါတယ်။ အဓိကအားဖြင့်တော့ မီဒီယာတွေမှာပေါ့။ကိုဗစ်- ၁၉ ကပ်ရောဂါကြီး ဖြစ်ပွားနေချိန်မှာ ကာလအတန်ကြာရပ်ဆိုင်းနေတဲ့ ခရီးသွားလုပ်ငန်းတွေဟာ အခုဆိုရင် ပြန်လည်စတင်ဖို့ တာစူနေကြပါပြီ။ ဒီတော့အိပ်ပျော်နေတဲ့ ခရီးသွားနဂါးကြီးကို လှုပ်နှိုးဖို့အတွက် နိုင်ငံတော်တော်များများဟာ မိမိတို့နိုင်ငံရဲ့ Brand Name ကို ပြန်လည်ပြင်ဆင်လာကြပါတယ်။ အိုက်စလန်နိုင်ငံ ဆိုရင် ကိုဗစ်- ၁၉ ကြောင့် လူတွေအိမ်မှာနေရတာကြာတဲ့ အတွက် မွန်းကျပ်လာမှုတွေကို ဖြေဖျောက်ဖို့အတွက် ခရီးသွားဖို့ကို “Looks Like You Need to Let it Out” “သင့်ကို ကြည့်ရတာ ဖောက်ထွက်ပစ်လိုက်ဖို့ လိုအပ်နေပြီ” ဆိုတဲ့စာသားနဲ့ ဆွဲဆောင်ထားပါတယ်။

ကိုဗစ်- ၁၉ ကြောင့် နိုင်ငံရဲ့စီးပွားရေးလုပ်ငန်းတွေ ထိခိုက်ခဲ့ရတာကို ခရီးသွားလုပ်ငန်းနဲ့ ပြန်လည်ကုစားဖို့ ကြိုးစားလာကြတာအပြင် ခရီးသွားလာခြင်းဟာ လူသားတွေရဲ့ လိုအပ်ချက်တစ်ခုဖြစ်တာကြောင့် ခရီးသွား လုပ်ငန်းတွေကို နည်းလမ်းကြံဆ ဖွင့်လှစ်ဖို့ကြိုးပမ်း လာကြတာ ဖြစ်ပါတယ်။ ဥပမာ- Travel Bubble လို့ ခေါ်တဲ့ စိတ်ချရတဲ့ နိုင်ငံအချင်းချင်း အပြန်အလှန် လည်ပတ်ခရီးသွားမှုကို ဖော်ဆောင်တာတွေ၊ ပြည်တွင်း ခရီးသွားတွေနဲ့ ခရီးသွားလုပ်ငန်းကို ပြန်လည် လည်ပတ်စတင်ဖို့လုပ်ဆောင်လာတာတွေ စသည်ဖြင့်ပေါ့လေ။ 

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ကလည်း ၇-၇-၂၀၂၀ ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီအစည်းအဝေးကို အမှာစကားပေးပို့ရာမှာ “ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းတွေ အနေနဲ့ ပြည်တွင်းခရီးသွားလုပ်ငန်းကိုသာ ဦးစွာလုပ်ဆောင်ရမှာဖြစ်ကြောင်း၊ ဒီလိုလုပ်ဆောင်ရာမှာ ခရီး သွားရော ဝန်ဆောင်မှုပေးတဲ့ ဝန်ထမ်းရော ဘေးကင်း လုံခြုံမှုကို ပထမဦးစားပေးအနေနဲ့ ဆောင်ရွက်ရမှာ ဖြစ်ကြောင်း” မှာကြားခဲ့ပါတယ်။ မှန်ပါတယ်။ မြန်မာ စကားပုံတစ်ခုဖြစ်တဲ့ “အစားမတော်တစ်လုတ်၊ အသွား မတော်တစ်လှမ်း” ဆိုသလိုပါပဲ။ ခရီးသွားလာရခြင်းဟာ ကြိုတင်ပြင်ဆင်မှုနဲ့ ဆင်ခြင်သုံးသပ်ခြင်းမရှိရင် ဘေးဒုက္ခ အန္တရာယ်နဲ့ ကြုံတွေ့ရနိုင်ပါတယ်။ အခုလိုကူးစက်တတ် တဲ့ ကပ်ရောဂါကြီးဖြစ်ပွားနေချိန်မှာ မမြင်ရတဲ့ ရန်သူ ကို ရှောင်လွှဲဖို့ဆိုတာ အလွန်ခက်ပါတယ်။

ဂရုဓမ္မကြီးစွာပြုနိုင်ပါမှ ကာကွယ်နိုင်မှာဖြစ်ပါတယ်။

ကဲ - ဒါဆိုရင် ခရီးသွားချင်နေသူတွေ၊ မဖြစ်မနေခရီးသွား ရမယ့်သူတွေအနေနဲ့ ဘာတွေလုပ်ဆောင်ရမလဲ။ 

အောက်ပါအချက်(၁၀)ချက်ကတော့ World Travel and Tourism Council က အကြံပြုထားတဲ့ ခရီးသွားတဲ့အခါ လိုက်နာလုပ်ဆောင်သင့်တဲ့ အချက်တွေပဲ ဖြစ်ပါတယ်။

(၁) မျက်နှာဖုံးဝတ်ဆင်ပါ။

အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါ ဖြစ်တာကြောင့် နှာခေါင်းနဲ့ ပါးစပ်ကို အဓိက ဖုံးအုပ်နိုင်တဲ့ မျက်နှာဖုံး Face Mask ဒါမှမဟုတ် Face Shield ကို ဝတ်ဆင်ပါ။ ၎င်းကို လူလူချင်းထိတွေ့ဆက်ဆံတဲ့နေရာမှာ၊ ယာဉ်၊ ရထားတွေ စီးနင်းတဲ့နေရာမှာ၊ လေ့လာရေးနဲ့ အလည်အပတ်သွားတဲ့အခါတွေမှာ ဝတ်ဆင်ရမှာ ဖြစ်ပါတယ်။

(၂) လက်ဆေးပါ။

လက်ကို ရေ၊ ဆပ်ပြာအသုံးပြုပြီး စနစ်တကျနဲ့ မကြာခဏဆေးကြောပါ။ ရေမရနိုင်တဲ့နေရာတွေမှာ အယ်လ်ကိုဟော ၆၀ ရာခိုင်နှုန်းပါဝင်တဲ့ လက်သန့် ဆေးရည်ကို တစ်ပါတည်း သယ်ဆောင်သွားရမှာဖြစ် ပါတယ်။

(၃) တစ်ဦးနဲ့တစ်ဦးခပ်ခွာခွာနေပါ။

အခြားသူများနဲ့ မိမိကိုယ်ကို ရောဂါကူးစက်မှုမှ ကာကွယ်နိုင်ရန် သတ်မှတ်အကွာအဝေးအတိုင်း နေထိုင် ရမှာဖြစ်ပါတယ်။ သတိပေးဆိုင်းဘုတ်များကို သေချာစွာ ဖတ်ရှုပြီး ညွှန်ကြားချက်များကို တိတိကျကျလိုက်နာ ဖို့လည်း လိုအပ်ပါတယ်။

(၄) သင်၏ ခရီးစဉ်အတွက် ဝန်ဆောင်မှုများကို အွန်လိုင်း မှတစ်ဆင့်မှာယူပါ။

လူအချင်းချင်းထိတွေ့မှုကို လျှော့ချနိုင်ဖို့ ခရီးသွား လာမှုအတွက် လိုအပ်တဲ့ ဝန်ဆောင်မှုများကို ရယူရန် အွန်လိုင်းကို အသုံးပြုသင့်ပါသည်။ ဥပမာ- လေယာဉ် လက်မှတ်၊ ကားလက်မှတ်များဝယ်ယူခြင်းနှင့် ဟိုတယ် အခန်းကို ကြိုတင်စာရင်းသွင်း မှာကြားခြင်း။

(၅) မိမိခရီးစဉ်ကို စနစ်တကျ ကြိုတင်ပြင်ဆင်ပါ။

လူစုလူဝေးကို ရှောင်လွှဲနိုင်ရန်နှင့် ကျန်းမာရေး သတိပေးချက်များ၊ ခရီးသွားလာမှုဆိုင်ရာသတင်းအချက် အလက်များကို စဉ်ဆက်မပြတ်ရရှိနိုင်ရန် စီစဉ်ထားရ ပါမည်။ ယင်းအတွက် မိုဘိုင်းဖုန်းဆော့ဝဲများနှင့် သတင်း အရင်းအမြစ်များရှိရာကို ကြိုတင်ချိတ်ဆက်ထားရမည်။

(၆) ငွေသားဖြင့်ပေးချေမှုများကို ရှောင်ရှားပါ။

ခရီးစဉ်အတွင်း ငွေပေးချေမှုများတွင် ငွေသားဖြင့် ပေးချေမှုကို တတ်နိုင်သမျှ ရှောင်ရှား၍ ထိတွေ့မှု အနည်းဆုံးဖြစ်သော မိုဘိုင်းဖုန်း၊ ကတ်စနစ်တို့ကို အသုံးပြု၍ ပေးချေခြင်းပြုလုပ်ပါ။

(၇) သွားလာလည်ပတ်ရာတွင် လမ်းလျှောက်ခြင်း (သို့မဟုတ်) စက်ဘီးစီးလည်ပတ်ခြင်းပြုလုပ်ပါ။
လမ်းလျှောက်ခြင်း (သို့မဟုတ်) စက်ဘီးစီး၍ လည်ပတ်ခြင်းသည် လူအများနှင့်ထိတွေ့မှုကို လျှော့ချနိုင်ပြီး၊ သဘာဝပတ်ဝန်းကျင် ထိခိုက်ညစ်ညမ်းမှုကိုပါလျော့ကျစေနိုင်သဖြင့် လိုက်နာဆောင်ရွက်သင့်ပါသည်။

(၈) ပြင်ပနေရာများတွင် နေထိုင်ပါ။

လေအေးပေးစက်ဖွင့်ထားသော အခန်းများနှင့် လူထူထပ်သော အလုံပိတ်နေရာများတွင် နေထိုင်ခြင်းကို တတ်နိုင်သမျှရှောင်ရှားပြီး၊ သဘာဝလေကောင်းလေသန့် ရရှိနိုင်သည့် ပြင်ပနေရာများ (ဥပမာ-ပန်းခြံများ၊ စိမ်းလန်း စိုပြည်သော ပတ်ဝန်းကျင်နေရာများ) တွင် နေထိုင် အပန်းဖြေပါ။

(၉) ပေါ့ပေါ့ပါးပါးခရီးသွားပါ။

ခရီးသွားလာရာတွင် မိမိအတွက် လိုအပ်သလောက် ပစ္စည်းအသုံးအဆောင်များကိုသာ သယ်ဆောင်သွားပါ။ 
တစ်ကိုယ်ရေသုံးပစ္စည်းများ ဖောင်းပွခြင်းသည် ခရီးသွား ရာတွင် နှောင့်နှေးကြန့်ကြာမှုကို ဖြစ်စေနိုင်ပြီး၊ ဗိုင်းရပ်စ် ကပ်ငြိမှုကို ဖြစ်စေနိုင်ပါသည်။

(၁၀) စိတ်ရှည်သည်းခံပါ။ အခြားသူများကို လေးစားပါ။

ကိုဗစ်- ၁၉ ကာလအတွင်း တန်းစီစောင့်ဆိုင်းရခြင်း၊ လိုအပ်သော အခြေခံကျန်းမာရေးစစ်ဆေးမှုများခံယူရ ခြင်း၊ စစ်တမ်းလွှာများ၊ မေးခွန်းများဖြေကြားပေးရခြင်းနှင့် အသိပညာပေးမှုများ၊ ညွှန်ကြားမှုများခံယူရခြင်းတို့ရှိနိုင်သဖြင့် ခရီးသွားလာရာတွင် စိတ်ရှည်သည်းခံ၍ ပူးပေါင်းကူညီဆောင်ရွက်မှုများ ပြုလုပ်ပေးရန် လိုအပ်ပါ သည်။ အလားတူ အခြားသူများ၏ အခွင့်အရေးနှင့် လွတ်လပ်မှုကို လေးစားလိုက်နာရန်လည်း လိုအပ်ပါသည်။ဖော်ပြချက်များကို အစိုးရပိုင်းကသာမက ခရီးသွား များ၊ လုပ်ငန်းရှင်များ၊ ဒေသခံပြည်သူများနှင့်ဝန်ဆောင် မှုပေးသူများကပါ အလေးထားလိုက်နာဆောင်ရွက်ပါက ခရီးသွားခြင်းမှ ကိုဗစ်- ၁၉ ပြန့်ပွားခြင်းကို ဟန့်တားပေး နိုင်မှာဖြစ်ပါတယ်။

ယခုဆိုရင် ခရီးစဉ်ဒေသများမှာ ပြည်တွင်းခရီးသွား များနဲ့ တစ်စတစ်စ ပြန်လည်စည်ကားသက်ဝင်လာတာကို တွေ့ရမှာဖြစ်ပါတယ်။

ဒါကြောင့် ခရီးသွားများအနေနဲ့ တစ်ယောက်က အစ အများဆိုသလို မိမိကပင်စတင်၍ လိုက်နာ ဆောင်ရွက်ကြပါစို့လို့ တိုက်တွန်းရေးသား တင်ပြလိုက် ရပါတယ်။ ။

မြန်မာ့အလင်း