ပေ ၅၀၀၀ ကျော် မြင့်မားသည့် ကယားပြည်နယ်၏ အမြင့်ဆုံး လွိုင်နန်းဖတောင်ပေါ်မှ စိမ်းစိုနေသော တောတောင်တစ်ခွင်ကို စီးမိုး၍ မြင်နေရသည့် မြင်ကွင်းသည် နှစ်နာရီကျော်ခရီးဖြင့် တောင်ပေါ်တက်လာသည့် အမောကို ကွယ်ပျောက်သွားစေသည်။ တောင်တက်ခြင်း၊ စွန့်စားခရီးသွားခြင်း နှစ်သက်သူများ အကြိုက်တွေ့စေ မည့် လွိုင်နန်းဖတောင်သည် ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်တွင် တည်ရှိသည်။
တန်းတူညီမျှစိတ်ထား
လွိုင်နန်းဖတောင်ပေါ်တွင် ဉာဏ်တော်အမြင့် ၄၅ ပေရှိ စေတီတော်၊ ကက်သလစ်အသင်းတော်နှင့် နှစ်ချင်း ခရစ်ယာန်အသင်းတော်တို့မှ စိုက်ထူခဲ့သည့် အမြင့် ၄၅ ပေရှိ လက်ဝါးကပ်တိုင်တို့ကို ယှဉ်တွဲတွေ့ရှိရသည်။ လာရောက်လည်ပတ်သူများက လွိုင်နန်းဖတောင်သည် ကယားတိုင်းရင်းသားတို့၏ တန်းတူညီမျှစိတ်ထားနှင့် တစ်ဦးအပေါ်တစ်ဦး လေးစားမှုများ၊ ဘာသာရေးလွတ် လပ်ခွင့်များကို အတိုင်းသားပေါ်လွင်စေသည့် နေရာ တစ်ခုဟု ဆိုကြသည်။
လွိုင်နန်းဖတောင်တည်ရှိရာ ဒီးမော့ဆိုမြို့နယ်သည် အေးမြစိုစွတ်သော ရာသီဥတုရှိပြီး အမြင့်ဆုံးအပူချိန်မှာ ၃၄ ဒီဂရီ စင်တီဂရိတ်နှင့် အနိမ့်ဆုံးအပူချိန်မှာ ၆ ဒီဂရီ စင်တီဂရိတ်ရှိကြောင်း သိရသည်။ ခြေလျင်တောင်တက် ခရီးသွားမည်ဆိုလျှင် ပွင့်လင်းရာသီတွင် သွားရောက်ပါက အဆင်ပြေသည့် ခရီးစဉ်ဒေသတစ်ခုဖြစ်သည်။
ကယားပြည်နယ်အစိုးရသည် ဒီးမော့ဆိုမြို့နယ်ရှိ လွိုင်နန်းဖတောင်၊ ဖရူဆိုမြို့နယ်ရှိ ဆင်ဖြူတောင်နှင့် ထီးပရူးနူးလိုဏ်ဂူတို့ အပါအဝင် ခရီးစဉ်ဒေသသစ်များစွာ ဖော်ထုတ်ဆောင်ရွက်လျက်ရှိသည်။ ပြည်နယ်အစိုးရ အနေဖြင့် ကယားပြည်နယ်အား ခရီးသွားပြည်နယ်တစ်ခု ဖြစ်လာစေရန်လည်း ရည်မှန်းဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ရည်မှန်းဆောင်ရွက်မှုအပေါ် ကယားပြည် နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက “ကယားပြည်နယ် ဟာ ကုန်းတွင်းပိတ် ပြည်နယ်တစ်ခုဖြစ်ပါတယ်။ ကုန်းတွင်းပိတ်ပြည်နယ်ဖြစ်တဲ့အတွက် အလျင်အမြန် ဖွံ့ဖြိုးတိုးတက်ဖို့ဆိုတာ မလွယ်ကူလှပါဘူး။ ဒါကြောင့် ကုန်းတွင်းပိတ်နေတဲ့ ပြည်နယ်အတွက် ပိတ်နေတဲ့ လမ်းကြောင်းဆိုတာ တံခါးဖွင့်ပေးမှသာ ခရီးသွား လုပ်ငန်းကဏ္ဍနဲ့ ပြည်သူတွေရဲ့ လူမှုစီးပွားဖွံ့ဖြိုးအောင် ဆောင်ရွက်မှုတွေက ဒွန်တွဲပါလာမှာပါ။ ပြည်နယ်ကို ခရီးသွားပြည်နယ်တစ်ခု ဖြစ်လာစေဖို့ ဆောင်ရွက်နေ ပါတယ်” ဟု ပြောကြားသည်။
ခရီးစဉ်သစ်များ
ခရီးစဉ်သစ်များအဖြစ် လွိုင်ကော်-မိုးဗြဲရေတံခါး-ဖယ်ခုံ-အင်းလေး ရေလမ်းကြောင်း ခရီးစဉ်နှင့် လွိုင်ကော် မြို့ကို ဖြတ်သန်းစီးဆင်းနေသော ဘီလူးချောင်းအတွင်း အပျော်စီး စက်လှေခရီးစဉ်တို့ကို ဖော်ထုတ်ဆောင်ရွက်နိုင်ခဲ့သည့်အပြင် ထူးချောင်းနှင့် ပွန်ချောင်းဆုံရာတွင် ကနူး၊ ကယက်လှေစီးနိုင်ရန် ပြည်နယ်ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနအနေဖြင့် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
“ကျွန်တော်တို့ ပြည်နယ်မှာ ခရီးသွားလုပ်ငန်း အောင်မြင်ဖို့အတွက် ပြည်နယ် သန့်ရှင်းသာယာလှပရေး က အရေးကြီးပါတယ်။ ပြည်နယ်သန့်ရှင်းသာယာ လှပနေမှ ခရီးသွားဧည့်သည်တွေက လာမှာပါ။ ဒါကြောင့် ပြည်နယ် သန့်ရှင်းသာယာရေးဟာ ကျွန်တော်တို့ အစိုးရအဖွဲ့ရဲ့ ကြိုးစားဆောင်ရွက်မှုတစ်ခုပါ။ ဒါက ရုပ်ပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုပါ။ စိတ်ပိုင်းဆိုင်ရာအနေနဲ့ ကျွန်တော်တို့ တိုင်းရင်းသားတွေဟာ ချစ်ခြင်းမေတ္တာကို တန်ဖိုးထားကြတယ်။ စေတနာတွေ၊ ကူညီရိုင်းပင်းမှုတွေက ရှိပြီးသားပါ။ ဒါကြောင့် ရုပ်ပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲဖို့ အတွက် အစိုးရအဖွဲ့၊ ပြည်သူလူထု၊ ရပ်ရွာ လူမှုရေးအဖွဲ့တွေ အားလုံးပူးပေါင်းပြီး ပြည်နယ်သန့်ရှင်းသာယာလှပဖို့ အားလုံးပူးပေါင်းဆောင်ရွက်တယ်။ ဒီလို ပူးပေါင်းမှု အားကောင်းတဲ့အတွက် ကျွန်တော်တို့ ပြည်နယ်ဟာ အာဆီယံအဖွဲ့ကြီးက ပေးအပ်တဲ့ဆုကို ရရှိခဲ့တယ်။ ဒီလို အားကောင်းအောင်လည်း လိုအပ်တဲ့ပံ့ပိုးမှုတွေကို တစ်နှစ်ထက်တစ်နှစ် ဖြည့်ဆည်းပေးပါတယ်” ဟု ပြည်နယ် ဝန်ကြီးချုပ်က ရှင်းပြသည်။
ပြည်နယ်အစိုးရ၊ ပြည်သူနှင့် လူမှုအဖွဲ့အစည်းများ အားလုံး၏ ပူးပေါင်းဆောင်ရွက်မှု၊ ပြည်သူတစ်ဦးချင်း၏ တာဝန်သိ၊ တာဝန်ယူမှုများကြောင့် ကယားပြည်နယ် လွိုင်ကော်မြို့သည် ASEAN Tourist City Award ကို ၂၀၁၉ ခုနှစ်က ရရှိခဲ့သည်။
ညီအစ်မမြို့တော်
“ကျွန်တော်တို့ ပြည်နယ်ဟာ ထိုင်းနိုင်ငံနဲ့ ဆက်စပ် နေပါတယ်။ ကျွန်တော်တို့နဲ့ ထိစပ်နေတဲ့ ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ပြည်နယ်ဟာ နိုင်ငံတကာခရီးသွား အများကြီး ဝင်ရောက်တဲ့ ပြည်နယ်ပါ။ မယ်ဟောင်ဆောင် ပြည်နယ်ကနေ ကျွန်တော်တို့ ကယားပြည်နယ်ကို ဆက်စပ် ဝင်ရောက်လည်ပတ်နိုင်ဖို့ ကျွန်တော်တို့ ပြည်နယ်အနေနဲ့ ဆောင်ရွက်ခဲ့ပါတယ်။ ဒါကြောင့် ကယားပြည်နယ်နဲ့ မယ်ဟောင်ဆောင်ပြည်နယ်ကို ညီအစ်မမြို့တော်(Sister Cities) အဖြစ် ဖော်ဆောင်နိုင်ခဲ့ပါတယ်” ဟု ပြည်နယ် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ ပြည်နယ်ဦးစီး မှူး ဦးလင်းဇော်ထွဋ်က ဆိုသည်။
ကယားပြည်နယ်နှင့် မယ်ဟောင်ဆောင်ပြည်နယ် တို့သည် ညီအစ်မမြို့တော် (Sister Cities) အဖြစ် ဆောင် ရွက်သွားနိုင်ရန် ၂၀၁၇ ခုနှစ် စက်တင်ဘာ ၁၇ ရက်က လွိုင်ကော်မြို့၌ နှစ်နိုင်ငံ နားလည်မှုစာချွန်လွှာ- MoU ရေးထိုးခဲ့ကြသည်။
ထိုသို့ MoU ရေးထိုးနိုင်ခဲ့သည့်အပြင် ပြည်နယ်နှစ်ခုမှ အစိုးရအဖွဲ့များ၏ သဘောတူညီချက်ဖြင့် ချစ်ကြည်ရေး မော်တော်ယာဉ်တန်း ခရီးစဉ်များဖြင့် အပြန်အလှန် လည်ပတ်လျက်ရှိသည်။
ပြည်နယ်အတွင်း ခရီးသွားများ ပိုမိုဝင်ရောက်လာ စေရေးအတွက် ကယားပြည်နယ်အစိုးရသည် ကန့်သတ် နယ်မြေအတွင်း ကျရောက်လျက်ရှိသော မြို့နယ်များကို လည်ပတ်နိုင်ရန် ဆောင်ရွက်နိုင်ခဲ့သည်။ ပြည်ပခရီးသည် များသည် ၂၀၁၇ ခုနှစ်အထိ လွိုင်ကော်မြို့နယ် ဒီးမော့ဆို မြို့ပေါ်၊ ဖရူဆိုမြို့ပေါ်များသာ ဝင်ရောက်လည်ပတ်ခွင့် ရှိသော်လည်း ယခုအခါ ဒေသအနှံ့ သွားလာလည်ပတ် နိုင်ပြီဖြစ်သည်။
နိုင်ငံတကာခရီးသွားပြပွဲများ
ထိုသို့ ပြည်တွင်း၊ ပြည်ပခရီးသွားများ ကန့်သတ်နယ် မြေများကိုပါ သွားလာလည်ပတ်နိုင်ပြီဖြစ်သည့်အတွက် ကယားပြည်နယ်ခရီးစဉ်များကို နိုင်ငံတကာ ခရီးသွားပြပွဲများတွင်ပါ ပါဝင်ပြသလျက်ရှိကြောင်း ပြည်နယ် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
ပြည်နယ်ခရီးသွားကဏ္ဍ ပိုမိုတိုးတက်ရန်အတွက် လူထုအခြေပြုခရီးသွားလုပ်ငန်း (CBT) ကျေးရွာများကို ပြည်နယ်အစိုးရအနေဖြင့် ဖော်ဆောင်လျက်ရှိသည်။ ၂၀၁၆ ခုနှစ်တွင် ဒီးမော့ဆိုမြို့နယ်ရှိ ပန်ပက်ကျေးရွာနှင့် တနီးလာလဲကျေးရွာ၊ ၂၀၁၈ ခုနှစ်တွင် ဖရူဆိုမြို့နယ်ရှိ ထေခိုကျေးရွာနှင့် ဒီးမော့ဆိုမြို့နယ်ရှိ ဒေါတမကျေးရွာ စုစုပေါင်း ကျေးရွာလေးရွာ၌ လူထုအခြေပြုခရီးသွား လုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။
“ကျွန်တော်တို့ ကျေးရွာမှာ လူထုအခြေပြုခရီးသွား လုပ်ငန်းဖော်ဆောင်ခဲ့တဲ့အတွက် ကျေးရွာရဲ့ ယဉ်ကျေးမှု ဓလေ့ထုံးစံတွေ၊ လူနေမှုဘဝတွေကို ပြသခွင့်ရတယ်။ ဒီလို ပြသခွင့်ရတဲ့အတွက် ဝင်ငွေလည်း အထောက်အပံ့ရ တယ်။ ပြသတဲ့အခါမှာလည်း ကျွန်တော်တို့ မြေ၊ ရေ၊ ပတ်ဝန်းကျင် ထိခိုက်မှုလည်း မရှိဘူး။ ပြီးတော့ လမ်း၊ မီး၊ ရေစတဲ့ အခြေခံ လိုအပ်ချက်တွေပါ ရရှိလာတယ်။ အရင်ထက်ပိုမို ဖွံ့ဖြိုးတိုးတက်လာတယ်လို့ ဆိုရမှာဖြစ်တယ်” ဟု လူထုအခြေပြု ခရီးသွားလုပ်ငန်း ဖော်ဆောင်ထားသည့် ပန်ပက်ကျေးရွာမှ ကျေးရွာလူထုအခြေပြု ခရီး သွားလုပ်ငန်းဥက္ကဋ္ဌ ကိုမောင်သားက ပြောသည်။
လူထုအခြေပြုခရီးသွားလုပ်ငန်းများ ဖော်ဆောင်ထားသည့် ကျေးရွာများသည် ခရီးသွားလုပ်ငန်းမှ ဝင်ငွေ တိုးတက်ရရှိသလို လူထုအခြေပြုခရီးသွားလုပ်ငန်းနှင့် ဆက်စပ်၍ ကျေးရွာတစ်ရွာလျှင် လူဦးရေ ၅၀ ကျော် အလုပ်အကိုင်များ ရရှိနေကြောင်း အဆိုပါ ကျေးရွာများမှ သိရသည်။
သင်တန်းများပို့ချ
လူထုအခြေပြုခရီးသွားလုပ်ငန်း ဖော်ဆောင်ထား သည့် ကျေးရွာများတွင် ကျေးရွာယဉ်ကျေးမှုအဖွဲ့များ၊ ဒေသခံဧည့်လမ်းညွှန်များ၊ ရိုးရာလက်မှုလုပ်ငန်း ဆောင်ရွက်သည့် အိမ်များ၊ အချက်အပြုတ်အဖွဲ့များနှင့် လက်ဆောင်ပစ္စည်းထုတ်လုပ်သည့် အဖွဲ့များကို ပြည်နယ် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ လိုအပ်သည့် သင်တန်းများ ပို့ချပေးလျက်ရှိကြောင်း သိရသည်။
ထို့ပြင် ပြည်နယ် ခရီးသွားကဏ္ဍ ပိုမိုမြှင့်တင်နိုင်ရန် အတွက် ကယားပြည်နယ် ဒေသဆိုင်ရာခရီးသွားလုပ်ငန်း ကော်မတီကို ဖွဲ့စည်းထားရှိပြီးဖြစ်သည်။ အဆိုပါ ကော်မတီအနေဖြင့် ဟိုတယ်၊ တည်းခိုရိပ်သာ၊ ခရီးစဉ် လှည့်လည်ရေး လုပ်ငန်းလိုင်စင်များ ဆောင်ရွက်ရာတွင် ပိုမိုအဆင်ပြေ လွယ်ကူစေရန်နှင့် ခရီးစဉ်ဒေသများ ဖွံ့ဖြိုး တိုးတက်စေရန် ဆောင်ရွက်ပေးလျက်ရှိသည်။
“ပြည်ပခရီးသွား အများစုက ပြုပြင်ဖန်တီးထား တာတွေကို မကြိုက်ကြပါဘူး။ သဘာဝအတိုင်း ရှိနေတာ ကို နှစ်သက်ကြတယ်။ ကျွန်တော်တို့ ပြည်နယ်ရဲ့ ခရီးသွား လုပ်ငန်းက တိုင်းရင်းသားတွေရဲ့ သဘာဝကို သဘာဝ အတိုင်း ပြသတဲ့ ခရီးသွားလုပ်ငန်း ဖြစ်ပါတယ်။ သဘာဝ အခြေခံခရီးသွားလုပ်ငန်းဖြစ်တဲ့အတွက် တိုင်းရင်းသား တွေရဲ့ ဖွံ့ဖြိုးမှုကိုပါ ဆောင်ရွက်ပေးသလိုပါပဲ” ဟု ကယား ပြည်နယ် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီမှ ခရီးသွားတတ်သိပညာရှင် ဦးသန်းထွေးက ပြောသည်။
ကယားပြည်နယ်သို့ ၂၀၁၆ ခုနှစ်တွင် ပြည်ပခရီးသွား ဧည့်သည် ၆၃၇၄ ဦး ဝင်ရောက်ခဲ့ရာမှ၂၀၁၉ ခုနှစ်တွင် ၁၂၉၇၃ ဦး ဝင်ရောက်ခဲ့သည့်အတွက် ၆၅၉၉ ဦး တိုးတက် ဝင်ရောက်ခဲ့သည်။ ပြည်တွင်းခရီးသွားဧည့်သည် ဝင်ရောက်မှုအနေဖြင့် ၂၀၁၆ ခုနှစ်တွင် ၁၆၉၉၄ ဦး ဝင်ရောက်ခဲ့ရာမှ ၂၀၁၉ ခုနှစ်တွင် ၇၅၂၈၆ ဦး တိုးတက် ဝင်ရောက်ခဲ့သည့်အတွက် ၅၈၂၉၂ ဦး တိုးတက် ဝင်ရောက်ခဲ့သည်။
ခရီးသွားကဏ္ဍ တိုးတက်
ဟိုတယ်၊ မိုတယ်၊ တည်းခိုရိပ်သာများ တိုးတက်မှု အနေဖြင့် ၂၀၁၆ ခုနှစ်တွင် ဟိုတယ် ကိုးလုံးရှိရာမှ ၂၀၁၉ ခုနှစ်တွင် ဟိုတယ် ၂၉ လုံးအထိ တိုးတက်လာခဲ့သည်။ ထိုသို့ ခရီးသွားကဏ္ဍ တိုးတက်လာသည့်အတွက် ခရီးသွား ကဏ္ဍနှင့်ဆက်စပ်သည့်လုပ်ငန်းများတွင် ရင်းနှီး မြှုပ်နှံမှုပါ တိုးတက်ရရှိလာခဲ့သည်။ လေးနှစ်တာကာလ အတွင်း ခရီးသွားလုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံမှု ကျပ်ငွေ ၁၅ ဘီလီယံ ကျော်ရှိကြောင်း ပြည်နယ်အစိုးရအဖွဲ့မှ သိရသည်။
“ကျွန်တော်တို့ပြည်နယ်မှာ ခရီးသွားလုပ်ငန်း တစ်စထက်တစ်စ၊ တစ်ဆင့်ပြီးတစ်ဆင့်၊ တစ်နှစ်ထက် တစ်နှစ် အောင်မြင်အောင် ဆောင်ရွက်နိုင်ခြင်းဟာ ပြည်ထောင်စုအစိုးရအဖွဲ့နဲ့ ပြည်နယ်အစိုးရအဖွဲ့ရဲ့ တူညီတဲ့အမြင်နဲ့ ပြည်နယ်ဖွံ့ဖြိုးအောင် ကြိုးပမ်းဆောင် ရွက်ပေးချင်တဲ့ စိတ်စေတနာကြောင့် အောင်မြင်မှုရရှိ တယ်လို့ မြင်ပါတယ်။ ဒီလို နိုင်ငံတော်က သွားတဲ့မူဝါဒနဲ့ အညီ အင်နဲ့အားနဲ့ ပြည်သူတွေ တက်တက်ကြွကြွ ပါဝင် တာလည်း ဂုဏ်ယူဝမ်းမြောက်စရာဖြစ်ပါတယ်” ဟု ပြည်နယ်ဝန်ကြီးချုပ်က ပြောကြားသည်။
သို့သော် ကိုဗစ်-၁၉ ဖြစ်ပွားမှုကြောင့် ကယားပြည်နယ်၏ ခရီးသွားကဏ္ဍ ဖွံ့ဖြိုးမှုအရှိန်သည် လျော့နည်းသွားသော်လည်း ယခုအခါ ပြည်နယ်၏ ခရီးသွားလုပ်ငန်းများသည် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ပြန်လည်စတင် နေပြီဖြစ်သည်။
“ထိုင်းနိုင်ငံမှာဆိုရင် မြန်မာနိုင်ငံက တိုင်းရင်းသား တွေကို ခရီးသွားဧည့်သည်တွေကို ပြတာမျိုးတွေရှိတယ်။ သူတို့နိုင်ငံက တိုင်းရင်းသားပုံစံမျိုးနဲ့ ပြသတယ်။ ဒီလိုပြတဲ့အခါ ဘာပြဿနာရှိလဲဆိုရင် ကိုဗစ်ကြောင့် ခရီးသွား ကဏ္ဍရပ်သွားတဲ့အခါ တိုင်းရင်းသားတွေက မြန်မာနိုင်ငံကို ပြန်လာကြတယ်။ ကျွန်တော်တို့ ပြည်နယ်မှာက သဘာဝအတိုင်း တိုင်းရင်းသားတွေ နေထိုင်စားသောက်တာကို ပြသတဲ့ ခရီးသွားလုပ်ငန်းဖြစ်တဲ့အတွက် ခရီးသွား မလာတဲ့အခါမှာလည်း တိုင်းရင်းသားတွေဟာ သူတို့ဓလေ့အတိုင်း နေထိုင်စားသောက်မြဲဖြစ်တဲ့အတွက် ရပ်တည်မှု ထိခိုက်တာနည်းတယ်လို့ ဆိုရမှာဖြစ်ပါတယ်။ ခရီးသွား ဝင်ရောက်ရင်ရတဲ့ အပိုဝင်ငွေတစ်ခုတော့ လျော့သွားတာတော့ ရှိတာပေါ့။ ကိုဗစ်ကြောင့် ထိခိုက်မှု ရှိတယ်ဆိုပေမယ့် လုံးလုံးလျားလျားကြီး ထိခိုက်တာ မျိုးတော့ မဟုတ်ဘူး” ဟု ခရီးသွားတတ်သိပညာရှင် ဦးသန်းထွေးက ဆိုသည်။
ကယားပြည်နယ်၏ ခရီးသွားလုပ်ငန်းများသည် သဘာဝအခြေခံ ခရီးသွားလုပ်ငန်းများဖြစ်သည့်အတွက် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေး ဦးတည်ဆောင်ရွက်ရာတွင် တိုင်းရင်းသားများ၏ လိုအပ်ချက်များကို အဓိကထား ဆောင်ရွက်ပေးကြောင်း သိရသည်။
“ကယားပြည်နယ်ရဲ့ ခရီးသွားလုပ်ငန်းဟာ တစ်နှစ် ထက်တစ်နှစ် အောင်မြင်မှု ရရှိပါတယ်။ ဒါပေမဲ့ ဒီလို အောင်မြင်မှုအရှိန်ရတုန်းမှာ ကိုဗစ်-၁၉ ကြောင့် ကျွန်တော်တို့ပြည်နယ်ရဲ့ ခရီးသွားလုပ်ငန်းဟာ အရှိန် လျော့သွားတယ်။ ကံကောင်းတာကတော့ ကျွန်တော်တို့ ပြည်နယ်ဟာ ကိုဗစ်ကင်းစင်ခဲ့တယ်။
ဒီကပ်ရောဂါဟာ ဘယ်အချိန်ပြီးမယ်မှန်း အတိအကျ မသိတဲ့အတွက် ကျွန်တော်တို့ ပြည်နယ်အစိုးရနဲ့ ပြည်သူ တွေဟာ တက်ညီလက်ညီနဲ့ ကြိုတင်ကာကွယ်ရေးလုပ်ငန်းတွေကို ဗဟိုကော်မတီရဲ့ လမ်းညွှန်ချက်တွေနဲ့အညီ ကြိုးပမ်းဆောင်ရွက်နေပါတယ်” ဟု ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက ဆိုသည်။
ခရီးသွားများအနေဖြင့် ကျန်းမာရေးဆိုင်ရာ လမ်းညွှန် ချက်များနှင့်အညီ သွားလာနိုင်စေရန်၊ ပြည်နယ်၏ ဟိုတယ် နှင့် ခရီးသွားလုပ်ငန်းများအနေဖြင့် ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ ဝန်ဆောင်မှုပေးနိုင်ရန် Tourism National Guidelines for Covid-19 Safe Services ကို ပြည်နယ်ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ ပြုစု ထုတ်ပြန်ထားသည်။
ထို့အတူ ကယားပြည်နယ်၏ ခရီးစဉ်ဒေသများ၊ တည်းခိုရန်နေရာများ၊ စားသောက်ဆိုင်နေရာများနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကျန်းမာရေး ဆိုင်ရာ လမ်းညွှန်ချက်များကို လူမှုကွန်ရက်စာမျက်နှာ Tourism Kayah နှင့် ဝက်ဘ်ဆိုက်စာမျက်နှာ www.kayahtourism.org တို့မှတစ်ဆင့် ဖော်ပြပေးလျက်ရှိသည်။
“ကိုဗစ်ကြောင့် ဟိုတယ်တွေ၊ ခရီးသွားကဏ္ဍတွေကို ယာယီပိတ်ထားခဲ့ပေမယ့် နိုင်ငံတော်အစိုးရရဲ့ ဖြေလျှော့ ပေးမှုတွေနဲ့အတူ ပြည်နယ်မှာလည်း ဖြေလျှော့ပေးမှု တွေကို လုပ်ဆောင်ခဲ့တယ်။ ဇွန် ၁၅ ရက်မှာ ပြည်နယ် ဝန်ကြီးချုပ်က ပြည်နယ်ခရီးစဉ် ဒေသတွေကို ပြန်လည် ဖွင့်လှစ်ခဲ့ပါတယ်။ ဟိုတယ်တွေကို Social Distancing နဲ့အညီ စနစ်တကျ ပြန်ဖွင့်ခဲ့ပါတယ်။
ကိုဗစ်-၁၉ ဖြစ်ပွားတဲ့အခါ ဒီလို ခရီးသွားကဏ္ဍ ဖော်ဆောင်ထားတဲ့ ကျေးရွာတွေက ကြောက်ကြပါတယ်။ ဒါကြောင့် ခရီးသွားဧည့်သည်တွေကို လတ်တလော လက်မခံချင်ကြပါဘူး။ ရွာထဲကို အဝင်မခံချင်ကြပါဘူး။ ကျွန်တော်တို့အနေနဲ့ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ Stakeholder တွေနဲ့ ပူးပေါင်းပြီး ကျေးရွာတွေမှာ ကျန်းမာရေးဆိုင်ရာ အသိ ပညာပေး သင်တန်းတွေ ဆောင်ရွက်ပေးပါတယ်။ ဒီလို ဆောင်ရွက်ပေးတဲ့အတွက် ကျန်းမာရေး လမ်းညွှန်ချက် တွေနဲ့အညီ ဧည့်သည်တွေ ပြန်လက်ခံနေကြပါပြီ” ဟု ပြည်နယ် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာန ဦးစီးမှူးက ပြောပြသည်။
ကယားပြည်နယ်၏ ခရီးသွားကဏ္ဍ တိုးတက်ရေး အတွက် ပြည်နယ်အစိုးရအဖွဲ့နှင့် သက်ဆိုင်ရာ ဌာန ဆိုင်ရာ အဖွဲ့အစည်းများနှင့် တိုင်းရင်းသား ပြည်သူများသည် တက်ညီလက်ညီ အဘက်ဘက်မှ ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ကြိုးပမ်းမှုနှင့်အတူ ကယားတို့ဌာနေ ငွေတောင်ပြည်၏ သဘာဝအလှအပများ၊ ရိုးရာဓလေ့များက ပြည်တွင်း၊ ပြည်ပ ခရီးသွားများကို လာလည်ချင်အောင် ဆွဲဆောင်လျက်ရှိပါကြောင်း ဖော်ပြအပ်ပါသည်။ ။


