ခူမီးနှစ်သစ်ကူးပွဲတော်အခမ်းအနား ရန်ကုန်မြို့၌ ကျင်းပ

ရန်ကုန် ၃ ဒီဇင်ဘာ

 

ခူမီးတိုင်းရင်းသားတို့ ရိုးရာနှစ်သစ်ကူးပွဲတော်အခမ်းအနားကို ဒီဇင်ဘာ ၁ ရက် ၁၀ နာရီခွဲက ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ရွာမရပ်ကွက်၊ အထက်မင်းကြီးလမ်းရှိ ဝေသနိဓမ္မတက္ကသိုလ်၌ ကျင်းပခဲ့သည်။

 

ရှေးဦးစွာ အခမ်းအနားကို ခူမီးရိုးရာအကဖြင့် ဖွင့်လှစ်ပေးပြီး၊ ချင်းပြည်နယ်အစိုးရအဖွဲ့ လျှပ်စစ်၊ စည်ပင်နှင့် စက်မှုလက်မှုဝန်ကြီး ဦးစိုးထက်ထံမှ ပေးပို့သည့် သဝဏ်လွှာကို ဒေါ်ခင်ခင်သန်းမှ ဂုဏ်ပြုဖတ်ကြားခဲ့သည်။

 

အခမ်းအနားတွင် ပလက်ဝမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိန်အောင်၊ ချင်းတိုးတက်ရေးပါတီ ဥက္ကဋ္ဌ၊ ဦးပူးနိုင်ထန်ကပ်၊ ဒု-ဥက္ကဋ္ဌ ဦးကျော်ငြိမ်း၊ အီရှော့(ပ်) အင်ဒရှုးမန်လုံးနှင့် ဘီရှော့(ပ်) ဂျိမ်းစ်မင်းဒိန်တို့က နှစ်သစ်ကူးအမှာစကားများ ပြောကြားပေးခဲ့ကြသည်။

 

အခမ်းအနားသို့ ရန်ကုန်ရောက် ခူမီးတိုင်းရင်းသားများ၊ ချင်းတိုင်းရင်းသားများ တက်ရောက်ခဲ့ကြပြီး ၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ရန်ကုန်ရောက် ခူမီးတိုင်းရင်းသား၊ တိုင်းရင်းသူများဖြစ်ကြသည့် ခြောက်ဘာသာဂုဏ်ထူးရှင် မယဉ်ယဉ်နွယ်၊ လေးဘာသာဂုဏ်ထူးရှင် မောင်ငြိမ်းသတိုး၊ မောင်ရဲသီဟလင်းတို့အား တာဝန်ရှိသူများက ဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

 

ထို့နောက် ချင်းပြည်နယ် အမှတ် (၁၁) အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းက ထူးချွန်ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုအားပေးစကားပြောကြားကာ ခူမီးနှစ်သစ်ကူးပွဲတော် (ရန်ကုန်) ဖြစ်မြောက်ရေး ကော်မတီဥက္ကဋ္ဌ ဦးစောမြက ကျေးဇူးတင်စကားပြောကြားသည်။

 

ခူမီးနှစ်သစ်ကူးပွဲတော်ကို ခူမီးဘာသာစကားဖြင့် (တအိုင်စားပွဲတော်)ဟု ခေါ်သည်။ နှစ်ဟောင်းမှ မကောင်းမှုများ၊ အခက်အခဲများ၊ အနှောက်အယှက်များပပျောက်ပြီး လာမည့်နှစ်သစ်အတွင်း လူသစ်စိတ်သစ်ဖြင့် အတွေးအခေါ်အကြံဉာဏ်ကောင်းတို့ဖြင့် အလုပ်အကိုင်များ အောင်မြင်မှုရရှိစေရန်နှင့် တောင်ယာကောက်ပွဲသီးနှံများ အောင်မြင်ဖြစ်ထွန်းစေရန် ရည်ရွယ်၍ နှစ်စဉ်ကျင်းပခြင်း ဖြစ်ရာ ရန်ကုန်မြို့၌ ယခုနှစ်ဆိုလျှင် လေးနှစ်မြောက် ကျင်းပခြင်းဖြစ်သည်။ ညနေပိုင်းတွင် ခူမီးရိုးရာ ယဉ်ကျေးမှုအကများ၊ အဆိုများဖြင့် ဖျော်ဖြေမှုအစီအစဉ်နှင့် ရိုးရာအသုံးဆောင်ပစ္စည်းပြခန်းနှင့် ရိုးရာအဝတ်အထည် အရောင်းဆိုင်များ၊ ပျော်ပွဲရွှင်ပွဲများပါ ထည့်သွင်း၍ စည်းကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။

 

မောင်မောင်ကျော့ (ပလက်ဝ)