၁၁ မတ်
တရုတ်နိုင်ငံက ကိုဗစ်-19 ဗိုင်းရပ်စ်ပိုး စတင်ပျံ့ပွားရာ ဝူဟန်မြို့က လုပ်ငန်းတွေ ပြန်လည် စတင်နိုင်ကြောင်း ဒီနေ့(ဗုဒ္ဓဟူးနေ့)မှာ ကြေညာလိုက်ပါတယ်။
ဒီဆုံးဖြတ်ချက်ဟာ သမ္မတရှီကျင့်ဖျင် ဝူဟန်မြို့ကို လာရောက်လည်ပတ်ပြီးနောက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
ဝူဟန်မြို့ရှိ ဂျပန်ကားကုမ္ပဏီ ဟွန်ဒါ ကလည်း ဗုဒ္ဓဟူးနေ့ကစပြီး ကားထုတ်လုပ်မှုတွေ စတင် ထုတ်လုပ်လာ ပါတယ်။
ဝူဟန်မြို့မပါဝင်ဘဲ ဟူဘေ ပြည်နယ်အတွင်းမှာ အများသုံး ရထား၊ လေယာဉ်၊ ကား၊ ဘတ်စ်ကားတွေကို စတင်ပြေးဆွဲလာပါတယ်။ ဒါပေမယ့် ဝူဟန်မြို့နဲ့ ဟူဘေ ပြည်နယ်အတွင်းက သွားလာမှုတွေကို တင်းတင်းကျပ်ကျပ် စစ်ဆေးသွားမယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
မြို့ခံတွေကို မိုဘိုင်းအက်ပလီကေးရှင်းမှာ အရောင်နဲ့ပြထားတဲ့ အမှတ်အသားတွေ သွင်းထားပါတယ်။ အစိမ်းရောင် အမှတ်အသားရရှိထားသူဟာ ဗိုင်းရပ်စ်ပိုးကူးစက်မခံရသူ၊ အဝါရောင်ကတော့ ဗိုင်းရပ်စ်ပိုးကူးစက်ခံရသူနဲ့ နီးစပ်သူ၊ အနီရောင်ကတော့ ဗိုင်းရပ်စ်ပိုးကူးစက်ခံရသူ သို့မဟုတ် သံသယရှိသူ ဖြစ်တဲ့အတွက် သီးသန့်ခွဲပြီးနေထိုင်ရမယ့်သူလို့ သတ်မှတ်ထားပါတယ်။
ဝူဟန်ရှိ လုပ်ငန်းတွေ ပြန်လည်လည်ပတ်ပေမယ့် ဟူဘေပြည်နယ်က ကျောင်းတွေကတော့ ဆက်လက် ပိတ်ထားဆဲ ဖြစ်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှုကို ထိန်းချုပ်ရန် ဝူဟန်မြို့ကို ဇန်နဝါရီ ၂၃ ရက်နေ့စပြီး အသွားအလာတွေနဲ့ လုပ်ငန်းတွေ အားလုံးပါ ပိတ်ပင်ခဲ့ပါတယ်။
MDN
ကိုးကား-AFP


