၁၆ မတ်
ဗင်နီဇွဲလားနိုင်ငံသမ္မတ မာဒူရိုက မြို့တော် ကာရာကတ်အပါအဝင် နယ်မြေဒေသ၇ ခုကို သီးသန့်နေထိုင်ရန် ဒေသများအဖြစ် မနေ့က ကြေညာလိုက်ပါတယ်။ လက်တင်အမေရိကနိုင်ငံများမှာ ပျံ့နှံ့လာတဲ့ ကိုဗစ် ၁၉ ဗိုင်းရပ်စ်ပိုးကို ကာကွယ်ရန်အတွက် အခုလိုကြေညာ လိုက်တာလို့ သိရပါတယ်။
အာရှနဲ့ ဉရောပနိုင်ငံများမှာ ကိုဗစ် ၁၉ ဗိုင်းရပ်စ်ပိုး ပျံ့နှံ့ခဲ့ပေမယ့် လက်တင်အမေရိက နိုင်ငံများဆီကို ဖေဖော်ဝါရီ ၂၆ ရက်နေ့အထိ ရောက်ရှိလာခြင်းမရှိခဲ့တာကို တွေ့ရပါတယ်။ ဒါပေမယ့် လက်တင်အမေရိက နိုင်ငံများကို ဗိုင်းရပ်စ်ပိုးရောက်ရှိချိန်မှာတော့ ပျံ့နှံ့နှုန်းက မြင့်မားခဲ့ပါတယ်။ လက်ရှိအချိန်မှာ ကူးစက်ခံရသူ ၅၅၀ ကျော်ရှိပြီး သေဆုံးသူ ၇ ဦး ရှိသွားပြီဖြစ်ပါတယ်။
ဗင်နီဇွဲလားနိုင်ငံရဲ့ မြို့တော် ကာရာကတ် အပါအဝင် နေရာဒေသ ၇ ခုရဲ့ လှုပ်ရှားမှုတွေကို တနင်္လာနေ့အစောပိုင်းမှစပြီး ရပ်နားရန်၊ အစားအစာ ဖြန့်ဖြူးရေး၊ ကျန်းမာရေး၊ သယ်ယူပို့ဆောင်ရေးနဲ့ လုံခြုံရေးမှလွဲပြီး ကျန်လှုပ်ရှားမှုတွေကို ရပ်နားထားရန် ရုပ်မြင်သံကြားမှတဆင့် သမ္မတ မာဒူရိုက မိန့်ခွန်းပြောကြားပြီး ပိတ်ပင်လိုက်တာ ဖြစ်ပါတယ်။
လူဦးရေ ၆ သန်းနေထိုင်တဲ့ ကာရာကတ် မြို့သူမြို့သားတွေကို အိမ်ထဲမှာ နေထိုင်ရန်၊ ကိုယ့်ကိုယ်ကို သီးသန့်ခွဲနေထိုင်ရန် ပြောကြားပါတယ်။ အခုကြေညာချက်ဟာ နောက်ဆုံးထွက်ပေါ်လာတဲ့ စည်းမျဉ်းဖြစ်ပါတယ်။
ဉရောပမှ ပျံသန်းလာမယ့် လေကြောင်းလိုင်းတွေ ပိတ်ပင်ခြင်း၊ ကိုလံဘီယာ၊ ပနားမားနဲ့ ဒိုမေနီကန် နိုင်ငံများမှ ပျံ့သန်းလာမယ့် လေကြောင်းခရီးစဉ်တွေ ပိတ်ပင်ခြင်း၊ ကျောင်းများ၊ တက္ကသိုလ်များ၊ သင်တန်းများနဲ့ အားကစားပွဲစဉ်တွေကို ပိတ်ပင်ခြင်းများကို အရင်က လုပ်ဆောင်ခဲ့ပြီးဖြစ်ပါတယ်။
ဗင်နီဇွဲလားနိုင်ငံမှာ ကိုဗစ်၁၉ ဗိုင်းရပ်ကူးစက်ခံရသူ ၁၇ ဦးရှိကြောင်း မတ် ၁၆ ရက်နေ့ ထုတ်ပြန်တဲ့စာရင်းအရ သိရပါတယ်။
MDN
ကိုးကား - AFP


