ဒေါက်တာဝင်းဝင်းကြိုင် (DAE)

 

ကျွန်မတို့အားလုံး တွေ့ကြုံရင်ဆိုင်နေကြရသော ကိုဗစ် - ၁၉ ကပ်ရောဂါသည် ကမ္ဘာတစ်ဝန်းတွင် စတင် ဖြစ်ပွားလာခဲ့သည်မှာ ခုနစ်လကျော်လာခဲ့ပြီ ဖြစ်ပါသည်။ ကပ်ရောဂါပြီးဆုံးမည့်ကာလကို ကျွန်မတို့အားလုံး ယခုထက်တိုင် မမှန်းဆနိုင်သေးပါ။ UNESCO ၏ အချက်အလက်များအရ ကမ္ဘာ့လူဦးရေ သုံးပုံတစ်ပုံခန့်မှာ Lockdown အခြေအနေတွင် နေထိုင်နေကြရပြီး ၉၁ ရာခိုင်နှုန်းသော ကျောင်းနေအရွယ် ကျောင်းသား ကျောင်းသူများ၏ စာသင်ကျောင်းများမှာ ပိတ်ထားရဆဲ ဖြစ်ပါသည်။ ၂၅ သန်းမျှသော အလုပ်သမားများမှာလည်း အလုပ်လက်မဲ့ ဖြစ်ကုန်ကြပါသည်။ အဆိုပါ ကပ်ရောဂါ ကြောင့် ထိခိုက်ရမှုများတွင် ပညာရေးသည်လည်း အထိခိုက်ဆုံး ကဏ္ဍတစ်ရပ်ဖြစ်ပါသည်။ သက်ဆိုင်ရာ အစိုးရများ၊ ပညာရေးတာဝန်ရှိသူ အကြီးအကဲများနှင့် ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများ အားလုံးတို့သည် ကပ်ရောဂါနှင့် အလွန်ကာလများတွင် ရုတ်ခြည်း ပြောင်းလဲသွားသော အခြေအနေများကြောင့် သက်ငယ်၊ သက်ကြီးများ စာတတ်မြောက်ရေးအပါအဝင် ပညာရေး လုပ်ငန်းစဉ်များ အဆက်မပြတ် လည်ပတ်နိုင်စေရန်နှင့် စဉ်ဆက်မပြတ်စေရန် အတူတကွ အစွမ်းကုန်ကြိုးစား အားထုတ်နေကြပါသည်။

 

ကျွမ်းကျင်မှု စွမ်းရည်အသစ်များ


ထိုကဲ့သို့မကြုံစဖူးအခြေအနေများကြောင့် သိမြင်လိုက်ရသော၊ ရရှိလိုက်သော ကျန်းမာရေးအသိများနှင့် အလေ့အကျင့်များ၊ လိုအပ်နေသော ဒစ်ဂျစ်တယ်နည်းပညာ ကျွမ်းကျင်မှုများ၊ ဘဏ္ဍာရေး စီမံခန့်ခွဲမှုများနှင့် မိဘအုပ်ထိန်းမှုဆိုင်ရာ ကျွမ်းကျင်မှုများစသည့် လိုအပ်လာမှုများကို အကန့်အသတ်ရှိသော ရင်းမြစ်များနှင့် ဖိအားများ၊ အခက်အခဲများကြားမှ အလိုက်သင့် ပြောင်းလဲလုပ်ဆောင်နိုင်သော နိုင်ငံသားတစ်ဦးချင်း၏ စွမ်းရည်များ၊ လက်ရှိရင်ဆိုင်နေရသော အခက်အခဲများမှ ကျော်လွှားနိုင်သော အဖွဲ့အစည်းဆိုင်ရာ ထူးခြားသော စွမ်းဆောင်နိုင်မှုစွမ်းရည်များ လိုအပ်လာရုံသာမက ကပ်ရောဂါနှင့် အလွန်ကာလများတွင် တည်ဆောက်ကြရမည့် ကျွမ်းကျင်မှုစွမ်းရည် အသစ်များရရှိစေရန်မှာ လူ့အဖွဲ့အစည်းအတွင်းရှိ လူသားတိုင်းအပေါ် တာဝန်တစ်ရပ်အဖြစ် ကျရောက်လာပြီ ဖြစ်ပါသည်။

 

ကျွန်မတို့ နိုင်ငံတော်အစိုးရက COVID-19 Economic Relief Plan (CERP) ကို ဦးစီးဆောင်ရွက်နေပြီး သက်ဆိုင်ရာ ဝန်ကြီးဌာနများအလိုက် ကိုဗစ် - ၁၉ ကို ရင်ဆိုင်ရန် အစီအစဉ်များလည်း ဂရုပြုဆောင်ရွက်နေကြပြီ ဖြစ်ပါသည်။ ပညာရေးဝန်ကြီးဌာနအနေဖြင့်လည်း ကပ်ရောဂါနှင့် အလွန်ကာလများတွင် ပညာသင်ကြားရေးလုပ်ငန်းစဉ်များကို အဆက်မပြတ်စေရန် ကိုဗစ် - ၁၉ အရေးပေါ်တုံ့ပြန်အစီအစဉ်များ၊ ပြန်လည် ထူထောင်ရေးအစီအစဉ်များနှင့် ရေရှည်လုပ်ငန်းရပ်များ ရေးဆွဲပြီး ပညာသင်ယူမှု မနှောင့်နှေးရေး၊ မရပ်တန့်ရေး၊ ပိုမိုကောင်းမွန်လာစေရေးတို့အတွက် ရောဂါကာကွယ်ရေးနှင့် ဘေးကင်းလုံခြုံသောအစီအမံများ စနစ်တကျ ပြုလုပ်ပြီး တီထွင်ဆန်းသစ်သော နည်းလမ်းများကို အရေးကြီးဦးစားပေးလုပ်ငန်းစဉ်များအလိုက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိနေပါသည်။

 

နိုင်ငံအနှံ့အပြားတွင် ဆောင်ရွက်နေ


ကျောင်းတွင်းသင်ပညာရေးနှင့်အတူ ကျောင်းနေ အရွယ်လွန် ကလေးများအတွက် ကျောင်းပြင်ပ ပညာရေးလုပ်ငန်းများနှင့် နိုင်ငံအနှံ့အပြားတွင် ဆောင်ရွက်နေသော သက်ကြီးစာတတ်မြောက်ရေး အစီအစဉ်များလည်း ဆိုင်းငံ့လိုက်ရသည်။ စာမတတ်သော သို့မဟုတ် စာတတ်မြောက်မှုအားနည်းသော လူငယ်၊ လူကြီး အမြောက်အမြားသည် ကိုဗစ် - ၁၉ ကာလအတွင်း အသက်ရှင်သန်ရေး သတင်းအချက်အလက်များ သိရှိနိုင်မှု အခွင့်အရေးနည်းပါးသောကြောင့် အသက်ဆုံးရှုံးနိုင်သော အန္တရာယ်များနှင့် ရင်ဆိုင်ရလျက်ရှိပါသည်။ ထို့ကြောင့် ဆက်လက်ရှင်သန်နိုင်မှုအတွက် အဝေးရောက်သင်ယူမှု အခွင့်အလမ်းများကို ICT နည်းပညာများ အကောင်းဆုံးအသုံးပြု၍ လူနေမှု ပုံစံသစ် (New Normal) နှင့်အတူ ပညာသင်ယူမှုပုံစံသစ်၊ နည်းလမ်းသစ် (New Learning Model) များဖြင့် တိုးမြှင့် လုပ်ဆောင်ပေးကြရန် လိုအပ်လာပြီဖြစ်သည်။

 

ကိုဗစ် - ၁၉ ၏ ပညာရေးအပေါ် ဆိုးကျိုးသက်ရောက်မှုများမှ လွန်မြောက်စေရန် ထူထောင် တည်ဆောက်ရာတွင် လူငယ်၊ လူကြီးစာတတ်မြောက်ရေး အပါအဝင် စာတတ်မြောက်မှု၏ အရေးကြီးပုံကို သိရှိနားလည်ပြီး ကိုဗစ် - ၁၉ တုံ့ပြန်မှု၊ ပြန်လည်ထူထောင်မှု အစီအစဉ်များတွင် နိုင်ငံအလိုက်နှင့် အပြည်ပြည်ဆိုင်ရာ အတူတကွ ပူးပေါင်းဆောင်ရွက်ကြရန်မှာ အလွန်အရေးကြီးပါသည်။ သို့မှသာ သင်ယူမှုအတွက် ပိုမိုကောင်းမွန်သော ထောက်ပံ့ပေးမှုများ၊ လူတိုင်းအကျုံးဝင်ပါဝင်သော ဘဝတစ်သက်တာ သင်ယူမှုစနစ်များနှင့် စွမ်းဆောင်မှုများ ဆက်လက်ရှင်သန်မည် ဖြစ်ပါသည်။ သင်ယူမှုပုံစံသစ်များ၊ နည်းလမ်းသစ်များဖြင့် အရည်အသွေးပြည့် ပညာရေးရရှိရေး အရှိန်အဟုန်မြှင့် စီမံဆောင်ရွက်ရင်း “မည်သူတစ်ဦး တစ်ယောက်မျှမကျန် ရစ်စေရေး” ရည်မှန်းချက်ကိုပါ ပေါက်မြောက်စေရန်မှာ အရေးကြီးလှပါသည်။ ထိုသို့ အောင်မြင်နိုင်စေရေးအတွက် ပညာသင်ယူခွင့်အခြေအနေ၊ အရင်းအမြစ် နည်းပါးသော ကလေးများ၊ လူငယ်များ၊ လူကြီးများ ပညာရေးအဆက် ပြတ်မှု မရှိစေရေးနှင့် ပိုမိုကောင်းမွန်အောင် ပြန်လည် တည်ဆောက်ရေးတွင် ဆရာ ဆရာမများ၊ နည်းပြ၊ ကြီးကြပ်များ၏ အခန်းကဏ္ဍမှာ အဓိကကျလာပါသည်။ အဆိုပါ သင်ကြားပေးသူများသည် တစ်သက်တာသင်ကြားခြင်းကို အရည်အသွေးမြှင့်တင်ပေးရာတွင် အခရာကျသူများ ဖြစ်ပါသည်။

အကယ်၍ သင်ကြားပေးသူများကို လုံလောက်သော လေ့ကျင့်သင်ကြားမှုများနှင့်အတူ အာမခံမှုရှိသော လုပ်ငန်းခွင်များ၊ သင့်တင့်ထိုက်တန်သော လစာငွေနှင့် မိမိသက်မွေးမှု လုပ်ငန်း၏ အနာဂတ် အလားအလာများကိုပါ ထောက်ပံ့ဆောင်ကြဉ်းပေးနိုင်မည်ဆိုလျှင် သင်ကြားရေးလုပ်ငန်းများ ပိုမိုအောင်မြင်လာမည်ဖြစ်ပြီး ပိုမိုကောင်းမွန်၊ ထိရောက်ဆန်းသစ်သော သင်ကြားနည်းစနစ်များကို ဖော်ဆောင်ကြခြင်းဖြင့် တိုးတက်အောင်မြင်သော ရလဒ်ကောင်းများ ရရှိလာမည်ဖြစ်ပါသည်။ ကမ္ဘာကြီးနှင့် လူသားဆန်မှု ပိုမိုကောင်းမွန် တိုးတက်လာစေရန်အတွက် အခြေခံစာတတ် မြောက်မှုစွမ်းရည်ကို မြှင့်တင်ပြောင်းလဲပေးရာတွင် သင်ကြားပေးသူများ၏ ပြောင်းလဲနိုင်စွမ်းနှင့် ဒစ်ဂျစ်တယ် နည်းပညာ ကျွမ်းကျင်မှုအခန်းကဏ္ဍသည် မရှိမဖြစ် အရေးကြီးကြောင်းကို ကိုဗစ် - ၁၉ အကျပ်အတည်းက နှိုးဆော်အသိပေးလျက်ရှိနေပါသည်။

 

စိန်ခေါ်မှုတစ်ရပ် ဖြစ်လာ

 

ကိုဗစ် - ၁၉ ကာလနှင့် အလွန်ကာလများတွင် ပိုမိုဆန်းသစ်ထိရောက်သော စာတတ်မြောက်ရေး သင်ကြား၊ သင်ယူလုပ်ငန်းစဉ်များ ဆောင်ရွက်ရန် အဟန့်အတားဖြစ်စေသော အကြောင်းတရားများ၊ အခြေအနေများကို နားလည်သိရှိရန် လိုအပ်လာပါသည်။ အထူးသဖြင့် ကျောင်းပြင်ပနယ်ပယ်များနှင့် အလှမ်းကွာဝေးသော ဒေသ များတွင် တာဝန်ထမ်းဆောင်ရန် ပညာသင်ကြားပေး သူများ ရှားပါးပြတ်လပ်လာမှုမှာ ပေါ်လွင်ထင်ရှားသော စိန်ခေါ်မှုတစ်ရပ် ဖြစ်လာပါသည်။ ဥပမာအားဖြင့် သက်ကြီးစာတတ်မြောက်ရေး သင်ကြားပေးသူများအတွက် လုံလောက်သော ပညာအရည်အချင်းများရရှိ စေရန်ကိုလည်း ထည့်သွင်းစဉ်းစားနေရခြင်းမျိုး ဖြစ်ပါသည်။ သင်ကြားမှု စွမ်းရည်မပြည့်ဝသော စေတနာ့ဝန်ထမ်းများအပေါ် အားပြုနေရသော လုပ်ငန်းအစီအစဉ်များလည်း ရှိနေပါသည်။ ထိုကဲ့သို့သော စိန်ခေါ်မှုများကြောင့် သင်ကြားပေးသူများအား အလုပ်မဝင်မီသင်တန်းများ၊ လုပ်ငန်းခွင်သင်တန်းများနှင့် စဉ်ဆက်မပြတ် ထောက်ပံ့ပေးမှုများဖြင့် ၎င်းတို့၏ လုပ်ငန်းခွင် တိုးတက်ဖွံ့ဖြိုးရေးကို အဆက်မပြတ် တိုက်တွန်းအားပေးရန် လိုအပ်လာပါသည်။


ထိုကဲ့သို့ ထောက်ပံ့အားပေးမှုများသည် ၎င်းတို့ အတွက် ဆွဲဆောင်မှုတစ်ရပ် ဖြစ်လာစေပြီး ပိုမိုတိုးတက် ဖွံ့ဖြိုးအောင် ဆောင်ရွက်လာနိုင်မှာ ဖြစ်ပါသည်။ သို့မှသာလျှင် ကမ္ဘာကြီး၏ ကောင်း၊ ဆိုး ပြောင်းလဲမှုများ ဖြစ်လာသောအခါ ကြုံတွေ့လာရမည့် ကြိုတင်တွက်ဆမထားနိုင်သော စိန်ခေါ်မှုများကို လိုက်လျောညီထွေ ရှိအောင် ပြင်ဆင်ညှိနှိုင်းဆောင်ရွက်နိုင်မည်ဖြစ်သည်။

 

လွန်ခဲ့သောနှစ်ပေါင်း၄၀ကျော် ၁၉၄၆ ခုနှစ် စက်တင်ဘာလ ၈ ရက်နေ့မှစတင်၍ နိုင်ငံတကာတွင် ကျင်းပလာခဲ့သော “နိုင်ငံတကာ စာတတ်မြောက်ရေးနေ့” သည် သက်ငယ်၊ သက်ကြီး စာတတ်မြောက်ရေးလုပ်ငန်းများ၏ အရည်အသွေး ပိုမိုကောင်းမွန်မြှင့်တင်နိုင်ရေးတွင် ပြောင်းလဲလာသော ခေတ်နှင့်အညီ သင်ကြား၊ သင်ယူမှုလုပ်ငန်းများအပေါ် ကွဲပြားခြားနားသော၊ ထိရောက်မှုများကိုလည်း ပြန်လည်စဉ်းစားသုံးသပ်နိုင်ပြီး ရေရှည်တွင်လိုအပ်သလို ဖြည့်စွက်ဆောင်ရွက်နိုင်သည့် အခွင့်အရေးတစ်ရပ်လည်း ဖြစ်ပါသည်။ ကိုဗစ် - ၁၉ အကျပ်အတည်း ကာလအစပိုင်း တုံ့ပြန်မှုများမှ သင်ခန်းစာများရယူပြီး တစ်ကမ္ဘာလုံးမှ ခြုံငုံရရှိထားသော အသိပညာများကို ကိုဗစ် - ၁၉ ကာလနှင့်အလွန်တွင် စာတတ်မြောက်အောင် သင်ကြားပေးကြမည့် နည်းပြ များ၊ ဆရာ ဆရာမများ၏အခန်းကဏ္ဍနှင့် ပိုမိုဆန်းသစ် ထိရောက်သော သင်ကြားနည်းလမ်းများ ဖော်ဆောင်နိုင်ရေးအတွက် ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ ၈ ရက်နေ့ တွင် ကျရောက်သည့် “နိုင်ငံတကာ စာတတ်မြောက်ရေးနေ့” ၏ ဆောင်ပုဒ် “Literacy teaching and learning in the COVID-19 crisis and beyond” မြန်မာဘာသာ ပြန်ဆိုထားသော “ကိုဗစ် - ၁၉ ကာလနှင့်အလွန်မှာ ဆန်းသစ်ထိရောက်သော သင်ကြားသင်ယူမှုနည်းလမ်းများ အသုံးချလို့ စာတတ်မြောက်ရေး ဆောင်ရွက်စို့” ဟူသော အဆိုအတိုင်း ကျွန်မတို့အားလုံး ဝိုင်းဝန်းလုပ်ဆောင်ကြရမည် ဖြစ်ပါသည်။


ကိုးကားချက်။

၁။ https://en.unesco.org/commemorations/ literacyday


၂။ https://en.unesco.org/ covid19/educationresponse/globalcoalition