နေစိုးဦး


မကြာသေးမီက တရုတ်နိုင်ငံ၏ နိုင်ငံတော်သတင်းပြန်ကြားရေးကောင်စီရုံးက “ ကိုဗစ်-၁၉ ကူးစက်ရောဂါအပေါ် တရုတ်နိုင်ငံ၏ အရေးယူဆောင်ရွက်ခြင်း” အမည်ရှိ စာတမ်းတစ်စောင်ကို ထုတ်ပြန်ခဲ့သည်။ ယင်းသည် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါနှင့်ပတ်သက်၍ နိုင်ငံတကာမှ တရုတ်နိုင်ငံကို အပြစ်တင်နေမှုအပေါ် တရုတ်နိုင်ငံ၏ ပယောဂကင်းရှင်းကြောင်း ရှင်းလင်း ဖော်ပြသည့် စာတမ်းတစ်စောင်လည်းဖြစ်ဖွယ်ရှိသည်။ အဆိုပါစာတမ်းတွင် အစိုးရက ဗိုင်းရပ်စ် ကူးစက်ရောဂါနှင့်ပတ်သက်၍ ၎င်း၏ကြိုးပမ်းအားထုတ်ပုံများကိုသာမက ဗိုင်းရပ်စ်တိုက်ဖျက် ရေးနှင့်ပတ်သက်၍ ၎င်း၏အတွေ့အကြုံများကို ကမ္ဘာ့နိုင်ငံများအား မျှဝေရန် ရည်ရွယ်သည့် စာတမ်းလည်း ဖြစ်ဖွယ်ရှိပါသည်။

 

တရုတ်နိုင်ငံ သတင်းပြန်ကြားရေးကော်မတီရုံးမှ ထုတ်ပြန်သော အစီရင်ခံစာရှင်းတမ်းတွင် ဤသို့ ရှင်းလင်း ဖော်ပြထားသည်ကို တွေ့ကြရပါသည်။ ကိုဗစ်-၁၉ ကပ်ရောဂါသည် ရာစုနှစ် တစ်ခုအတွင်း လူသားတို့အပေါ် အကြီးမားဆုံး ထိခိုက် ပျက်စီးစေသည့် ကပ်ရောဂါဖြစ်သည်။ တရုတ်နိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးမှ လူသားတို့အနေဖြင့် အကောင်အထည်မမြင် ရသော၊ မျှော်လင့်ထားခြင်းမရှိသော၊ အကြီးအကျယ် ထိခိုက်ပျက်စီး စေသော ရောဂါဆိုးနှင့် ရင်ဆိုင်နေရခြင်းဖြစ်သည်။ တရုတ်နိုင်ငံက ထိုသို့သော ကူးစက်ရောဂါပျံ့နှံ့မှုကို ကာကွယ်ထိန်းချုပ်ရန် တိုက်ပွဲဝင်ဖြေရှင်းအားထုတ်ခဲ့ရသည်ဟု ဆိုသည်။

 

အောင်မြင်စွာဖြတ်တောက် ထိန်းချုပ်နိုင်ခဲ့

ထိုသို့ကာကွယ်ထိန်းချုပ်ရေးကို ကြိုးပမ်းအားထုတ်ရာတွင် အများပြည်သူတို့၏ ကျန်းမာရေးနှင့် အသက်ဘေး အန္တရာယ် ကင်းဝေးရေးကို ပထမဦးစားပေးအဖြစ် ဆောင်ရွက်ခဲ့ကြောင်း၊ ထိုသို့ဆောင်ရွက်ရာ တွင် တင်းကျပ်သော သတ်မှတ်ပြဋ္ဌာန်းမှုများ၊ ကန့်သတ်ထိန်းချုပ်မှုများဖြင့် စီမံဆောင်ရွက်ခဲ့ကြောင်း၊ ထိုသို့သော ဆောင်ရွက်မှုများက ဗိုင်းရပ်စ်ကူးစက်နိုင်ဖွယ်ရှိမှု အခြေအနေများကို အောင်မြင်စွာ ဖြတ်တောက်ထိန်းချုပ်နိုင်ခဲ့သည်ဟု ဆိုပါသည်။

 

ကိုဗစ်-၁၉ ကပ်ရောဂါ တိုက်ဖျက်ရေးနှင့် ပတ်သက်၍ တရုတ်နိုင်ငံ၏ စီမံဆောင်ရွက်ပုံ အဆင့်ဆင့်ကို နိုင်ငံတော်သတင်းပြန်ကြားရေးကောင်စီရုံး၏ အစီရင်ခံစာ၌ ပထမဦးစွာ ကပ်ရောဂါတိုက်ဖျက်ရေးအတွင်း အများ ပြည်သူကျန်းမာရေး အရေးပေါ်စီမံ ဆောင်ရွက်မှုအဖြစ် အလျင်အမြန် အရေးယူဆောင်ရွက်ခြင်း၊ ဒုတိယအဆင့် အဖြစ် ဗိုင်းရပ်စ်ထိန်းချုပ်ရေးကို လက်ဦးမှုရယူ ဆောင်ရွက်ခြင်း၊ တတိယအဖြစ် ပြည်တွင်းမှ ကူးစက်လူနာ အရေအတွက် လျော့ကျရေးကို ဆောင်ရွက်ခြင်း၊ စတုတ္ထအဖြစ် ကူးစက်ရောဂါဖြစ်ပွားရာ ဟူပေပြည်နယ် ဝူဟန်မြို့ တွင် ထိရောက် စွာ ရောဂါထိန်းချုပ်နိုင်ရေးကို အလေးထားဆောင်ရွက်ခြင်းနှင့် ပဉ္စမအဖြစ် ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ခြင်းကို သတိဝီရိယမပြတ် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြထားသည်ကို တွေ့ရပါသည်။


အခက်အခဲများနှင့် ရင်ဆိုင်ခဲ့ရ

တရုတ်နိုင်ငံက ကိုဗစ်-၁၉ ကပ်ရောဂါကို နိုင်ငံ၏ အများပြည်သူကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် သတ်မှတ်ဆောင်ရွက်ခဲ့ကြောင်း၊ ကိုရိုနာဗိုင်းရပ်စ်သည် တရုတ် ပြည်သူ့သမ္မတနိုင်ငံ ထူထောင်ပြီးကတည်းက ရင်ဆိုင်ကြုံတွေ့ခဲ့ရသော အခြားကူးစက် ရောဂါများထက် ပို၍လျင်မြန်စွာ ကူးစက်တတ်သည့် ကပ်ရောဂါ ဖြစ်သည့်အတွက် ၎င်းကို ထိန်းချုပ်ရာတွင် များစွာအခက်အခဲများနှင့် ရင်ဆိုင်ခဲ့ရကြောင်း ဆိုထားသည်။ ကြုံတွေ့ရသော ကပ်ရောဂါအကျပ်အတည်းမှာ တရုတ်နိုင်ငံအတွက် ကြီးမားသော စမ်းသပ်မှုလည်းဖြစ်ကြောင်း၊ ယင်းကြောင့်ပင် သမ္မတ ရှီကျင့်ဖျင် ဦးဆောင်သော အစိုးရအဖွဲ့က ကိုဗစ်-၁၉ ကပ်ရောဂါကို ထိပ်တန်းဦးစားပေး အရေးကိစ္စအဖြစ် ရောဂါထိန်းချုပ်နိုင်ရေးကို အလျင်အမြန် ဆောင်ရွက်ခဲ့ရကြောင်း၊ ကပ်ရောဂါကာကွယ်ထိန်း ချုပ်ရေး ဆောင်ရွက်ရာတွင် ယုံကြည်မှု၊ ပေါင်းစည်းညီညွတ်မှု၊ သိပ္ပံပညာအခြေခံသော ချဉ်းကပ်မှုများဖြင့် ဆောင်ရွက်ခဲ့ကြောင်း၊ ဆိုရလျှင် ဗိုင်းရပ်စ် ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးတွင် ပြည်သူတစ်ရပ်လုံးက စစ်ပွဲတစ်ပွဲဆင်နွှဲသကဲ့သို့ လက်တွဲညီညီ ပါဝင်ဆောင်ရွက်ခဲ့ကြကြောင်း ဖော်ပြခဲ့သည်။


၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်မှ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၁၉ ရက်အထိ အခြေအနေများကို ဖော်ပြရာတွင် ဟူပေပြည်နယ် ဝူဟန် မြို့တွင် အဆုတ်ရောင်ရောဂါနှင့်ဆင်တူသော အဖျားရောဂါတစ်မျိုးဖြစ်ပွားခဲ့ရာမှစ၍ တရုတ် နိုင်ငံက ရောဂါပျံ့နှံ့မှု ရပ်တန့်ရေးကို အလျင်အမြန် အရေးယူဆောင်ရွက်ခဲ့သည်ဟုဆိုသည်။ အလားတူပင် ကူးစက်ရောဂါနှင့်ပတ်သက်၍ ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် အခြားသောနိုင်ငံများသို့ အသိပေးအကြောင်းကြား ခဲ့ကြောင်း၊ ဝူဟန်တွင် ဖြစ်ပွားလျက်ရှိသည့် ကိုရိုနာဗိုင်းရပ်စ်နှင့် ပတ်သက်၍လည်း အဆောတလျင် စမ်းသပ်စစ်ဆေး မှုပြု၍ ရောဂါအမည်ကို ဖော်ထုတ်နိုင်ရန်ကြိုးပမ်းခဲ့ကြောင်း၊ အလားတူပင် တရုတ်နိုင်ငံ အမျိုးသားကျန်းမာရေး ကော်မရှင်၏ ညွှန်ကြားမှုအောက်တွင် နိုင်ငံ၏ ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေးဌာန၊ ဆေးပညာသိပ္ပံအကယ်ဒမီ စသည့် အဖွဲ့အစည်း များကပါ ပူးပေါင်းပါဝင်ဆောင်ရွက်၍ ကိုရိုနာဗိုင်းရပ်စ်ကူးစက်နိုင်မှု အခြေအနေများကို အဖြေရှာဖော်ထုတ်ခဲ့ကြသည်ဟု ဖော်ပြခဲ့သည်။


အရေးပါသော ခြေလှမ်း

တရုတ်နိုင်ငံက ဗိုင်းရပ်စ်ကူးစက်မှု ထိန်းချုပ်နိုင်ရေးဆောင်ရွက်ရာတွင် ၎င်း၏ ကနဦး တိုးတက်မှုအခြေအနေများကို ဖော်ပြရာ၌ ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုကို ပိတ်ဆို့ဖြတ်တောက် ခြင်းသည် အရေးပါသော ခြေလှမ်းဖြစ်သည်ဟု ဆိုသည်။ ထိုသို့ ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှု ထိန်းချုပ်ရာတွင် ဝူဟန်နှင့်အခြားအရပ်ဒေသများအား သွားလာမှု တားဆီးပိတ်ဆို့ ခဲ့ကြောင်း၊ အလားတူပင် တရုတ်ကွန်မြူနစ်ပါတီ ဗဟို ကော်မတီက ကိုရိုနာဗိုင်းရပ်စ် ကာကွယ် ထိန်းချုပ်ရေးကို ဦးဆောင်မည့်အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းကာ ဟူပေသို့ သွားရောက်ကြပ်မတ် စေခဲ့ကြောင်း၊ အထူးသဖြင့် အချက်အချာကျ သော အများပြည်သူကျန်းမာရေး အရေးပေါ်စီမံဆောင်ရွက်မှုက တရုတ်နိုင်ငံတစ်လွှားတွင် အသက်ဝင်နိုးကြားစေ ခဲ့ကြောင်း ဖော်ပြခဲ့သည်။

 

ပြည်တွင်းရှိ ကူးစက်လူနာအသစ် ဖြစ်ပွားမှု လျော့ကျရေး စီမံဆောင်ရွက်မှုက ဗိုင်းရပ်စ် အလျင်အမြန် ကူးစက်ပျံ့နှံ့မှု ထိန်းချုပ်ရေးကို သိသိသာသာ တိုးတက်စေခဲ့ကြောင်း၊ အထူးသဖြင့် ဝူဟန်တွင် ဗိုင်းရပ်စ်အလျင်အမြန် ကူးစက်ပျံ့နှံ့မှုကို ထိရောက်စွာ ထိန်းချုပ်နိုင်ရေး ဆောင်ရွက်နိုင်ခဲ့ခြင်းက ပြည်တွင်းရှိ အခြား မြို့၊ ရွာ၊ ပြည်နယ်များ တွင် ရောဂါကူး စက်မှုအခြေအနေကို တည်ငြိမ်စေခဲ့ကြောင်း၊ ကူးစက်လူနာသစ်များ တိုးပွားမှုကိုလည်း လျော့ကျ စေခဲ့ကြောင်း ဆိုသည်။ အလားတူပင် ဗဟိုကော်မတီက ကူးစက်ရောဂါထိန်းချုပ် ရေးအပြင် စီးပွားရေးနှင့် လူမှုရေးအခြေအနေ တိုးတက်မှုကိုပါ ချိန်ညှိဆောင်ရွက်သွားရန် ဆုံးဖြတ်ခဲ့ကြောင်း၊ ယင်းသည် အများပြည်သူ တို့၏ နေ့စဉ်ပုံမှန်ဘဝ အခြေအနေတစ်ရပ် အတိုင်းရှိစေရန်နှင့် ပုံမှန်လုပ်ကိုင်ဆောင်ရွက် မှုများကို အခြေမပျက် ဆောင်ရွက်နိုင်ရန်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။


အောင်မြင်စွာ ထိန်းချုပ်နိုင်ခဲ့

ဟူပေပြည်နယ် ဝူဟန်မြို့တွင် ကူးစက်ရောဂါကို လက်ဦးအစ အောင်မြင်စွာ ထိန်းချုပ်နိုင်ခဲ့ခြင်းသည် ကပ်ရောဂါ ကူးစက်ပျံ့နှံ့မှု တိုက်ဖျက်ရေးတိုက်ပွဲတွင် အရေးပါသော ဆောင်ရွက်မှုဖြစ်သည်ဟု ဆိုသည်။ ဝူဟန်တွင် ဗိုင်းရပ်စ် ကူးစက်မှုကို ထိရောက်အောင်မြင်စွာ ထိန်းချုပ်နိုင်ခဲ့ခြင်းက နိုင်ငံတစ်လွှားတွင် ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှု ရပ်တန့်ရေး အတွက် အရေးပါသော ဆောင်ရွက်မှုဖြစ်ကြောင်း၊ ဝူဟန်မြို့အား သွားလာမှုကန့်သတ်ထားမှုမှ ယခုအခါ ရုပ်သိမ်းပေးခဲ့ပြီဖြစ်သကဲ့သို့ ဗိုင်းရပ်စ်ကူးစက်ခံရသူ လူနာအားလုံး ဆေးရုံမှနေ၍ အိမ်ပြန်ခွင့်ရရှိခဲ့ပြီဖြစ်ကြောင်း၊ ယင်းသည် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး ဆောင်ရွက်မှုကို တရုတ်နိုင်ငံက အချိန်မီ တိုးတက်အောင် ဆောင်ရွက်နိုင်မှု၏ အကျိုးဆက်ဖြစ်ကြောင်း၊ ထိုသို့သော အကျိုးရလဒ် ထွက်ပေါ်လာစေရန် ကိုဗစ်-၁၉ အရှိန်အဟုန် ကို ပြောင်းလဲရပ်တန့်သွားစေရန် တုံ့ပြန်နိုင်ခဲ့ခြင်းကြောင့်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။


ပုံမှန်အတိုင်း ပြန်လည်ရောက်ရှိလာဖွယ်ရှိ

ထို့ပြင် တရုတ်နိုင်ငံအနေဖြင့် လက်ရှိအချိန်အထိ ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှု ကာကွယ် ထိန်းချုပ်ရေးကို သတိမလပ် ဆက်လက် ဆောင်ရွက်နေဆဲရှိကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကြိုးပမ်း အားထုတ်ခြင်းသည် အများပြည်သူတို့အနေဖြင့် ပုံမှန်လုပ်ငန်းခွင်အတွင်း ပြန်လည်ဝင်ရောက်နိုင်ရေး၊ စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် အားထုတ်ကြိုးပမ်းခဲ့ခြင်း ဖြစ်ကြောင်း၊ လက်ရှိကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေး စီမံဆောင်ရွက်မှု များက များမကြာမီကာလအတွင်း နိုင်ငံ၏ အခြေအနေအရပ်ရပ်များကို ပုံမှန်အတိုင်း ပြန်လည်ရောက်ရှိလာဖွယ်ရှိကြောင်း ဖော်ပြခဲ့သည်။


တရုတ်နိုင်ငံ နိုင်ငံတော်သတင်းပြန်ကြား ရေးကော်မတီရုံးမှ ထုတ်ပြန်သော နိုင်ငံ၏ ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ထိန်းချုပ် ရေး စီမံဆောင်ရွက်မှုများနှင့်ပတ်သက်သော အစီရင်ခံစာကို ကြည့်မည်ဆိုလျှင် ကူးစက် ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် ပတ်သက်သော စီမံဆောင်ရွက်မှုပြုသည့်အပိုင်း ကဏ္ဍလေးခုကို တွေ့မြင်ရမည်ဖြစ်သည်။ ဆိုရလျှင် “တရုတ်နိုင်ငံ၏ ကပ်ရောဂါ ဆန့်ကျင်တိုက်ဖျက်ရေး စီမံဆောင်ရွက်မှု”၊ “ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး တို့တွင် ကောင်းစွာ ချိတ်ဆက်ဆောင်ရွက်မှု”၊ “ဗိုင်းရပ်စ်ကူးစက်မှု အားနည်းဆုတ်ယုတ် သွားစေရန် စုပေါင်းအားဖြင့် တိုက်ထုတ် အနိုင်ယူခြင်း” နှင့် “အားလုံးအတွက် ကမ္ဘာ လုံးဆိုင်ရာ ကျန်းမာရေးအဆောက်အအုံ ဖြစ်ပေါ်လာစေရန် ဆောင်ရွက်ခြင်း” တို့ဖြစ်သည်ကို တွေ့ရမည်ဖြစ်သည်။


မည်သို့ဆိုစေ တရုတ်နိုင်ငံ၏ ကိုရိုနာ ဗိုင်းရပ်စ်ကာကွယ်ထိန်းချုပ်‌ရေး စီမံဆောင်ရွက်မှု အစီရင်ခံစာသည် လက်ရှိ ကမ္ဘာ တစ်လွှားတွင် ကြုံတွေ့နေရဆဲရှိသော ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးတွင် အကျိုးရလဒ် တစ်စုံတစ်ရာ ရရှိ နိုင်မည်ဟု မျှော်လင့်လျက်ရေးသားလိုက် ရပါသည်။

Ref: Xinhua News