ပါမောက္ခသိန်း၊ ဆေးတက္ကသိုလ်(၁) ရန်ကုန်

နှစ်တိုင်းလိုလို   နိုဝင်ဘာလလယ်နဲ့   ဒီဇင်ဘာလဆန်း လောက်ဆို မိမိတို့  ယူကေပညာတော်သင်သွားတုန်းက ကြုံတွေ့ခဲ့ရတာလေးတွေ  အမြဲသတိရလေ့ရှိပါတယ်။ မိမိတို့   မြန်မာနိုင်ငံမှာ     တပေါင်းလ/   တန်ခူးလဆန်း (မတ်လ/ ဧပြီလဆန်း)မှာ   ကြုံတွေ့လေ့ရှိတဲ့  အတွေ့ အကြုံလိုပါပဲ။  ဧပြီလလယ် (၁၃)  ရက်နေ့မှာ ကျရောက် တော့မယ့်  အတာကူးတဲ့   သင်္ကြန်ပွဲတော်အတွက်  အရပ် စကားနဲ့ပြောရရင် “သင်္ကြန်ပိုး”  လေးတွေ  ထကြတာပေါ့။ ဘယ်တော့မှ   မရိုးနိုင်တဲ့   “တူးပို့၊   တူးပို့”   အပါအဝင် သင်္ကြန်သီချင်းတွေကို  လက်ဖက်ရည်ဆိုင်၊  စားသောက် ဆိုင်၊ ဈေးဆိုင်တိုင်းက ဖွင့်ကြ၊  ရေပက်ခံကားတွေငှားကြ၊ ပြင်ဆင်ကြ၊ သင်္ကြန်အလှပြကား၊ ပြိုင်ပွဲဝင်ကြမယ့် ကား တွေငှားကြ၊  ပြင်ဆင်ကြ၊  သံချပ်၊  အက၊  အလှ ပြိုင်ပွဲဝင် ကြမယ့်အသင်းအဖွဲ့တွေ၊ ဆိုင်းတွေဗုံတွေ “တူးပို့” သံတွေ နဲ့ အကတွေ၊ သံချပ်တွေတိုက်ကြ၊ ကလေးတွေ  ရေပက် ဆော့ကစားဖို့ ရေပက်တဲ့ ပိုက်ပြွန်၊ ခွက်၊ အဝတ်အစား၊ မျက်မှန်၊ မျက်နှာဖုံးတွေ အပြိုင်အဆိုင် တစ်နှစ်နဲ့တစ်နှစ်  မတူအောင် ထွင်ကြ၊ ရောင်းကြ၊ အခါတွင်းကို အလှူအတန်း ကုသိုလ်ကောင်းမှု တရားဘာဝနာနဲ့ ကျော်ဖြတ်မယ့်သူ တွေကလည်း လှူဒါန်းမယ့်လှူဖွယ်ပစ္စည်းတွေ စုဆောင်း ကြ၊ တရားစခန်းဝင်ဖို့ စာရင်းပေး၊ ပြင်ဆင်ကြနဲ့ပေါ့။

ထိုနည်းတူစွာပါပဲ၊  မိမိတို့ကြုံခဲ့တဲ့   ယူကေနိုင်ငံ အပါအဝင်   ခရစ်ယာန်ဘာသာဝင်   အများစုရှိကြတဲ့ အနောက်တိုင်းနိုင်ငံတွေမှာလည်း  နိုဝင်ဘာလလောက် ကစပြီး  “ခရစ္စမတ်နဲ့  နယူးရီးယားပိုး”  ထကြတယ်၊  Christmas and New Year Mood လို့  ပြောနိုင်ပါတယ်။ အိမ်တွေ၊ ခြံတွေကို သန့်ရှင်းရေးတွေ လုပ်ကြ၊ အိမ်တွေမှာ မီးအလှတွေဆင်ကြ၊  ထွန်းကြဖို့ ပြင်ဆင်ကြသလို   အဲဒီ ကာလတွေမှာ  မိဘ၊  မိသားစုတွေရှိရာ  ဒေသကိုသွား၊ မိသားစုဆုံစည်းကြဖို့၊  ခွင့်ယူကြဖို့၊  လုပ်ဖော်ကိုင်ဖက်တွေ နဲ့ ညှိကြ၊ လက်ဆောင်တွေပေးဖို့ ဝယ်ခြမ်း၊ စုဆောင်းကြ လေ့ရှိပါတယ်။   စနေ၊  တနင်္ဂနွေလို  Weekend အလုပ် ပိတ်ရက်တွေမှာဆိုရင်တော့  Down  Town  ခေါ်တဲ့ မြို့လယ်ကောင်မှာ ဘာစည်ကားသလဲ မမေးနဲ့ပဲ။ ရှိသမျှ ဆိုင်တွေမှာ “CHRISTMAS  SALE”  ဆိုတဲ့  စာတန်းတွေ ဆွဲပြီး ဈေးတွေလျှော့ရောင်း၊  Christmas  Song တွေ အပြိုင်အဆိုင်ဖွင့်၊ မီးဆိုင်းမီးတန်းတွေ အလှဆင်ထွန်းညှိ ကြတဲ့အပြင်   ဈေးဝယ်လာတဲ့    ဖောက်သည်တွေကို ချောကလက်တို့၊   ကိတ်တို့၊ တချို့ဆို ဝိုင်ကို ခွက်လေး တွေနဲ့ အခမဲ့ကျွေးကြ၊ တိုက်ကြနဲ့မို့ လူအတော်များများ က အဲဒီမြို့လယ်ကောင်မှာပဲ တစ်နေ့လုံး အချိန်ဖြုန်းကာ နေကြ၊ လည်ကြ၊ စားကြ၊ သောက်ကြ၊  ဝယ်ကြ၊ ချမ်းကြနဲ့ ပျော်စရာကြီးပါပဲ။

 

စသိခဲ့ကြတဲ့အချိန်

ဒီနှစ် ၂၀၂၀ ပြည့်နှစ်ကတော့ အားလုံးသိကြတဲ့ အတိုင်း ၂၀၁၉   နှစ်ကုန်ခါနီး တရုတ်နိုင်ငံ    ဝူဟန်ကစခဲ့ပြီး တစ်ကမ္ဘာလုံးပျံ့နှံ့ခဲ့တဲ့ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကြီး ကြောင့် လူစုလူဝေး လုပ်လို့ လုံးဝ (လုံးဝ) မဖြစ်တာကြောင့် တစ်ကမ္ဘာလုံးမှာ     ဘာပွဲလမ်းသဘင်မှ    လုပ်လို့မရခဲ့၊ မရသေးပါဘူး။   မိမိတို့နိုင်ငံမှာဆိုရင်လည်း    မတ်လမှာ ပထမဆုံး ကိုဗစ်ပိုးရှိလူနာ   စတွေ့ခဲ့ပြီး   ဒီရောဂါဟာ လူလူချင်းသာ ကူးတဲ့ရောဂါ၊  ကူးရင်လည်း  Droplet infection ခေါ်တဲ့ အသက်ရှူလမ်းကြောင်းကထွက်လာတဲ့  အမှုန်အမွှားက တစ်ဆင့်ကူးတာ၊  လူတွေ   (အဲဒီအချိန် တုန်းက သိထားကြတာက)  တစ်ဦးနဲ့တစ်ဦး   သုံးပေ အတွင်း အကာအကွယ်မရှိဘဲ  ပူးကပ်နေထိုင်ကြရင်  ကူးနိုင်တာတွေ စသိခဲ့ကြတဲ့အချိန်ပါ။

နောက်ရက်ပိုင်းအတွင်းမှာ         ရက်ရှည်သင်္ကြန် ရုံးပိတ်၊ အားလပ်ရက်ရှိလာ၊  ရလာကြတော့မယ်အချိန်၊ အပေါ်မှာ   ပြောခဲ့သလိုပဲ    ရာသီချိန်   သင်္ကြန်ပိုးတွေနဲ့ Long Holiday ကို   နည်းအမျိုးမျိုးနဲ့  လူစုလူဝေးနဲ့ ကုန်ဆုံးကျော်ဖြတ်ကြဖို့  စိုင်းပြင်းနေကြတဲ့အချိန်ပါ။  အဲဒီတုန်းက နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင် ဦးဆောင်ပြီး  သက်ဆိုင်ရာတာဝန်ရှိသူများက  ရက်ရှည် ရုံးပိတ်ရက်အတွင်းမှာ    လူစုလူဝေးမဖြစ်ကြရအောင် ကျန်းမာရေးရှုထောင့်အရ  နှစ်စဉ်လို ရေသဘင်ပွဲဆင်နွှဲမှု မလုပ်ကြစေဖို့၊   ရေပက်ခံကား၊ ရေပက်မဏ္ဍပ်၊  အလှပြ မဏ္ဍပ်များ မပြုလုပ်ကြဖို့၊ လူစုလူဝေးဖြစ်နိုင်တဲ့အခါတွင်း  တရားစခန်းများ  အလှူသဘင်ပွဲများကိုပင်  မပြုလုပ်ကြဖို့၊ လူအများ  အရေးပေါ်အခြေအနေမှလွဲ၍   လုံးဝ  အိမ်ပြင် မထွက်ကြဘဲ  “ Strict Stay Home” နေကြဖို့၊ ရပ်ကွက် တစ်ခုမှတစ်ခု၊ မြို့တစ်မြို့မှတစ်မြို့ ကူးလူးဆက်ဆံသွားလာ မှု  လုံးဝမလုပ်ကြဖို့   အသိပေးနှိုးဆော်ညွှန်ကြားခဲ့သလို အများပြည်သူလူထုကလည်း  စည်းကမ်းရှိရှိ   စနစ်တကျ လိုက်နာကျင့်သုံးခဲ့ကြတာကြောင့်     မိမိတို့နိုင်ငံအနေနဲ့ ကိုဗစ်ပထမလှိုင်းမှာ  အထိအခိုက်  အသေအပျောက် နည်းခဲ့ တာကို အားလုံးမှတ်မိကြမယ်ထင်ပါတယ်။ ဘာသာရေး အကြောင်းပြပြီး   စုဝေးခဲ့ကြတဲ့   အခမ်းအနားတွေကနေ ကူးစက်မှုတချို့ရှိခဲ့လို့  လိုအပ်တဲ့ အရေးယူဆောင်ရွက်မှုတွေ လည်း ဆောင်ရွက်ခဲ့ကြရတာ ရှိခဲ့ပါတယ်။

 

 ဝမ်းနည်းဖွယ် ရင်ဆိုင်ကြုံတွေ့

အဲဒီလိုနဲ့ ဩဂုတ်လလယ်အထိ ပိုးတွေ့လူနာ ၃၇၄ ဦး၊ သေဆုံးသူ ခြောက်ဦးနဲ့  ကမ္ဘာနဲ့  အာဆီယံမှာ  မျက်နှာ ပန်းလှလှနေခဲ့ကြရာကနေ  ဒုတိယလှိုင်းလို့ခေါ်ရမယ့်အချိန် ဩဂုတ်လကုန်၊ စက်တင်ဘာလကစပြီး  ကူးစက်မှု အလွန် မြန်ပြီး (ပိုပြင်းတယ်လို့ တချို့က လက်ခံကြတဲ့ ) ကိုဗစ်ပိုးရဲ့ မျိုးရိုးဗီဇ ( D 614 to G 614သို့)  ပြောင်းတာရယ်၊  လူထုရဲ့ သတိလက်လွတ်နေထိုင်ပြုမူကြတဲ့      အလေ့အကျင့်၊ စည်းမျဉ်းစည်းကမ်းတွေ မလိုက်နာကြတော့တဲ့ အခြေအနေ တွေကြောင့် နိုင်ငံရဲ့အနောက်တံခါးနဲ့ အဲဒီပြည်နယ်ကနေ ရန်ကုန်နဲ့   တစ်နိုင်ငံလုံးကို   မထိန်းမသိမ်းနိုင်တဲ့အထိ ပျံ့နှံ့သွားကာ ၂၀၂၀  ပြည့်နှစ်  ဒီဇင်ဘာလ ၂၃ ရက်နေ့ ကိန်းဂဏန်း အရ ပိုးတွေ့လူနာ ၁၁၈၈၆၉ ဦး၊  သေဆုံးလူနာ ၂၅၀၇ ဦးနဲ့ အာဆီယံနိုင်ငံတွေထဲမှာ ပိုးတွေ့ရော  သေဆုံးပါ တတိယနေရာရောက်တဲ့အထိ    ဝမ်းနည်းဖွယ်  ရင်ဆိုင် ကြုံတွေ့နေကြရတာပါ။

ကမ္ဘာ့နိုင်ငံအတော်များများမှာလည်း      အလားတူ အဖြစ်တွေကြုံခဲ့ကြရပါတယ်။  အထူးသဖြင့်  ခရစ်ယာန် ဘာသာဝင်တွေရဲ့ ကျေးဇူးတော်ချီးမွမ်းခြင်းနေ့ ( Thanks - giving Day) အချိန်ကဖြစ်ခဲ့တာပါ။  အဲဒီ  Thanksgiving Day က တစ်နိုင်ငံနဲ့တစ်နိုင်ငံ  ကျင်းပတဲ့ရက်တွေ  မတူကြ ပါဘူး။  ဒီထဲက  နိုင်ငံနှစ်နိုင်ငံအကြောင်းပဲ   အနည်းငယ် ဖော်ပြပါမယ်။

ကနေဒါနိုင်ငံမှာ အောက်တိုဘာလ ၁၂ ရက်နေ့မှာ ကျင်းပခဲ့ပြီး အမေရိကန်နိုင်ငံမှာတော့ နိုဝင်ဘာလ ၂၆ ရက်    ကြာသပတေးနေ့ကစပြီး  ၂၉  ရက်  တနင်္ဂနွေနေ့အထိ ပြုလုပ်ခဲ့ကြပါတယ်။ နှစ်နိုင်ငံလုံးမှာ အဲဒီပွဲတော်အပြီးတွင် ကိုဗစ်ရောဂါကူးစက်မှုနှုန်းရော  ကိုဗစ်ရောဂါနဲ့  ဆေးရုံ တက်ရတဲ့လူနာရော သေဆုံးတဲ့လူနာပါ ပွဲတော်မတိုင်မီ ကထက် ပိုများလာတာကို  စာရင်းဇယားတွေနဲ့ ဖော်ထုတ် တင်ပြထားကြပါတယ်။ အမေရိကန်နိုင်ငံမှာဆို မက်ဆာ ချူးဆက်ပြည်နယ်၊       နော့ကာရိုလိုင်းနားပြည်နယ်၊ တင်နက်(စ်)ဆီပြည်နယ်နဲ့   နယူးဂျာစီပြည်နယ်တွေမှာ သိသိသာသာတိုးလာတာဟာ လူစုလူဝေးစုမိပြီး  သတ်မှတ် ထားတဲ့ ကာကွယ်မှုတွေမလုပ်ကြလို့ဆိုတာ  သာဓကပါပဲ။

 

နည်းလမ်းပေါင်းစုံနဲ့ဆောင်ရွက်

မိမိတို့နိုင်ငံမှာ   ဒုတိယလှိုင်းအစကနေပြီး   ကိုဗစ် ရောဂါဆိုးကြီးကို အားလုံးက စိတ်တူကိုယ်တူ ခုခံတိုက်ခိုက် နေကြပေမယ့်   အမှန်အတိုင်းဝန်ခံရရင်    အောင်မြင်တဲ့ အခြေအနေ  မရောက်ရှိ၊  မရရှိသေးပါဘူး။    နိုင်ငံတော်နဲ့ တာဝန်ရှိသူတွေက ရောဂါဖြစ်တဲ့၊ ခံစားရတဲ့ လူနာတွေကို အသက်ကယ်နိုင်အောင်၊ ခံစားရတာတွေ လျော့နည်းအောင်၊ နည်းစနစ်ကျကျ   အဆင့်ဆင့်သော  ဆရာဝန်၊  သူနာပြု၊ ကျန်းမာရေးဝန်ထမ်းအဆင့်ဆင့်၊        စေတနာ့ဝန်ထမ်း (Volunteer)   အဖွဲ့အစည်းတွေ၊    လူတွေနဲ့စေတနာရှင်၊ အလှူရှင်တွေရဲ့အင်အားတွေနဲ့     ဆောင်ရွက်နေသလို တစ်ဖက်မှာလည်း ရောဂါပိုပြီး မကူးစက်၊   မပြန့်ပွားရလေ အောင်  နည်းလမ်းပေါင်းစုံနဲ့ဆောင်ရွက်နေပြီး    အများ ပြည်သူကိုလည်း မဖြစ်မနေလိုက်နာရမယ့်……

(၁) မလိုအပ်ရင်  အိမ်ပြင်လုံးဝမထွက်ဘဲ  အိမ်ထဲမှပဲ နေ( Stay Home)၊

(၂) မဖြစ်လို့  အိမ်ပြင်ထွက်ရရင်   တစ်ယောက်နဲ့ တစ်ယောက်    အနည်းဆုံး   ခြောက်ပေခွာနေ  (Social Distancing) ၊

(၃) အပြင်ထွက်တိုင်း နှာခေါင်းစည်း၊  ပါးစပ်စည်းကို (မေးစေ့မှာ ချိတ်မထားဘဲ) စနစ်တကျတပ်၊  ပြီးရင်လည်း စနစ်တကျစွန့်ပစ်   ( Wearing   Masks   and   proper disposal)၊

(၄) လက်ကို ဘာနဲ့မှမထိမိအောင် အထူးဂရုစိုက်ပြီး တစ်ခုတစ်ခုနဲ့ထိပြီးတိုင်း၊ အပြင်ကပြန်လာတိုင်း သတိရ တိုင်း ဆပ်ပြာ သို့မဟုတ် Alcohol  ၆၀  ရာခိုင်နှုန်းနဲ့ အထက် ပါတဲ့   လက်သန့်ဆေးရည်နဲ့   အနည်းဆုံး   စက္ကန့်   ၂၀ ကြာအောင် စနစ်တကျဆေး  ( Hand washing and hand hygiene)

……စတဲ့ ငွေကုန်ကြေးကျသိပ်မများပေမယ့်  သေချာ ပေါက်  ရောဂါမဝင်အောင်   ကာကွယ်စေမယ့်  ကာကွယ်မှု နည်းလမ်းတွေ  မမေ့မလျော့ဆောင်ရွက်ကြဖို့   စဉ်ဆက် မပြတ် ပညာပေး နှိုးဆော်လျက်ရှိပါတယ်။

ဒီလို အတန်တန်  စည်းကမ်းတွေထုတ်၊ တားမြစ်မှုတွေ လုပ်နေတဲ့ကြားထဲကပဲ လူ့သဘာဝကြောင့်ရော၊ သတိလက် လွတ်မိကြလို့၊ ပေါ့ပေါ့ဆဆ တွေးတောခဲ့ကြလို့၊ ရွေးကောက် ပွဲအပြီး  အောင်ပွဲခံခဲ့ကြတာ  (အတန်တန်တားခဲ့တာပါ)၊ တန်ဆောင်တိုင် ရက်ရှည်ရုံးပိတ်ရက်နဲ့ ရန်ကုန်တက္ကသိုလ် ရာပြည့်ပွဲတွေမှာ လူစုလူဝေးတွေ  လုပ်ခဲ့မိကြတာကြောင့် အထူးသဖြင့် ရန်ကုန်မြို့မှာ ပိုးတွေ့မှုနဲ့ သေဆုံးမှုတန်းနေရာ က လျော့ကျရတော့မယ့်အချိန်မှာ   မလျော့တော့ဘဲ   တချို့ ရက်တွေ   ပိုများလာတာတောင်ရှိလာလို့   နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင်            ပြောရတဲ့အထိဖြစ်ခဲ့ပြီး အခုရက်မှာ နည်းနည်း ပြန်ငြိမ်လာတဲ့အခြေအနေပါ။

အခု ခရစ္စမတ်နေ့ရောက်ပြီ။  မကြာခင်  ၂၀၂၀  နှစ်ဟောင်းကုန်ပြီး  ၂၀၂၁  နှစ်သစ်ကူးတော့မှာပါ။   မိမိ ဒီဆောင်းပါးအစမှာ ဖော်ပြခဲ့သလိုပဲ ပုံမှန်ဆို “ခရစ္စမတ် ပိုး” (Christmas Mood)  ထကြရတော့မယ့် အချိန်ကာလ ပေမယ့် ဒီနှစ်တော့   ဘယ်တိုင်းပြည်၊   ဘယ်နိုင်ငံမှာမှ  နှစ်တိုင်းလို မဖြစ်နိုင်ကြတော့ပါဘူး။   နိုင်ငံတိုင်းလိုလိုမှာပဲ  ဒီအတောအတွင်းပိုများလာတဲ့  ပိုးကူးစက်ပြန့်ပွားမှုတွေ၊   ထပ်မံတင်းကျပ်ထုတ်ပြန်လိုက်တဲ့   သွားလာမှုကန့်သတ် ချက်တွေကြောင့် လူစုလူဝေးတွေနဲ့ ဝတ်ပြုဆုတောင်းပွဲ တွေမလုပ်ကြဖို့   ကမ္ဘာအနှံ့   တပ်လှန့်နှိုးဆော်နေရတဲ့ အချိန်ပါ။

 

မျိုးရိုးဗီဇ ပြောင်းလဲနေတဲ့ ကိုဗစ်ပိုး

တိုက်တိုက်ဆိုင်ဆိုင်ပဲ (ပထမလှိုင်းမပြီးခင်  ဒုတိယ လှိုင်းစခါနီးမှာ နိုင်ငံတွေမှာ ကြုံခဲ့ကြရသလိုပဲ)  ယူကေ နိုင်ငံမှာ   အခုမျိုးရိုးဗီဇ    ပြောင်းလဲနေတဲ့    ကိုဗစ်ပိုးကို တွေ့နေကြရတာပါ။  စတွေ့တာက  ယူကေနိုင်ငံ Kent မြို့မှာ ပါ။ Cog-UK   လို့ခေါ်တဲ့   Covid-19   Genomic  Consortium အဖွဲ့အစည်းဟာ  ကမ္ဘာပေါ်မှာ   ဒီကိုဗစ် ရောဂါပိုးရဲ့  မျိုးရိုးဗီဇ (Genomes) တွေရဲ့ အခြေအနေ ပြောင်းလဲမှုတွေနဲ့ပတ်သက်လို့        နာမည်အကြီးဆုံး၊  အကျွမ်းကျင်ဆုံး   အဖွဲ့အစည်းကြီးပါ။   ကိုဗစ်ရောဂါပိုး  သိန်းနဲ့ချီပြီး Genome တွေကို စူးစမ်းလေ့လာနေကြ တာပါ။ အဲဒီအဖွဲ့ကြီးရဲ့ ဦးဆောင်ပုဂ္ဂိုလ် တစ်ဦးဖြစ်တဲ့ Professor Sharon Peacock  အဆိုအရ Kent မြို့မှာ စတွေ့တယ်ဆိုပေမယ့် အဲဒီ  case ဟာ တကယ့်ကို index case အဲဒီမြို့က လူနာဆီကပဲလား၊ တခြားမြို့/ နိုင်ငံတွေ က ရောက်လာတာလားဆိုတာကို ကံသေကံမ မပြောနိုင် ပါဘူးလို့ ပြောထားပါတယ်။

 ယူကေနိုင်ငံ  Wales မြို့က Professor Tom Connor ဆိုတဲ့ပညာရှင်ကတော့  အလားတူမျိုးရိုးဗီဇ ပြောင်းပိုးတွေဟာ တခြားနိုင်ငံတွေမှာလည်း   ရှိနေနိုင် ပါတယ်၊ မတွေ့ကြသေးတာပဲဖြစ်မှာပါ၊ ယူကေနိုင်ငံက Surveillance System ခေါ်တဲ့  စောင့်ကြည့်လေ့လာ သုတေသနလုပ်နေတဲ့ Cog-UK လို အဖွဲ့ကြောင့် စောစော သိတာပါလို့  ဆိုပါတယ်။   ကိန်းဘရစ်ချ်တက္ကသိုလ်မှ  Professor Ravi Gupta ကလည်း ဒီပိုးအသစ်ဟာ နဂိုရှိ နေတဲ့ပိုးတွေထက် ကူးစက်မှု  ပိုမြန်တာကို သေချာပေါက် တွေ့နေရပါတယ်၊ တောင်အာဖရိကမှာလည်း စတွေ့နေပါ ပြီလို့ ဆိုပါတယ်။ နယ်သာလန်၊ ဩစတြေးလျ၊   ဒိန်းမတ် နိုင်ငံတွေမှာလည်း တွေ့သလိုသတင်းတွေ ထွက်လာပါပြီ။

အခုတွေ့နေကြတဲ့ မျိုးရိုးဗီဇအသစ် ကိုဗစ်ပိုးဟာ Mutation ဆိုတဲ့ ဗီဇပြောင်းတဲ့အခါမှာ ထူးခြားမှုကတော့ Gene ရဲ့ (၂၃) နေရာအထိ ပြောင်းလဲမှုဖြစ်နေပြီး အဲဒီ ထဲက (၁၇) နေရာဟာ Spike Protein  ခေါ်တဲ့ ရောဂါပိုး က  လူ့ခန္ဓာထဲက   ကလာပ်စည်းတွေကို    ချိတ်ဆက် တွယ်ကပ်တဲ့ ပရိုတိန်းနေရာမှာဖြစ်ကာ အဲဒီလိုတစ်ကြိမ် တည်းမှာ အဲဒီလို အများကြီးပြောင်းတာဖြစ်ခဲတဲ့ အဖြစ် လို့ ယူဆကြပါတယ်။  ပိုမိုကူးစက်မြန်တာ   သေချာနေပြီး ရောဂါခံစားရမှုကို ပြင်းထန်မှု ရှိ၊ မရှိ/  သေဆုံးမှု  ပို၊ မပို တော့ လေ့လာနေဆဲပါ။

D 614 ကနေ G 614  ပြောင်းစဉ်ကလည်း ကူးစက်မှု များပြီး မြန်သော်လည်း ပိုမပြင်းထန်ပါဘူးဆိုပြီး တစ်ဖက် ပိတ်ပြောခဲ့ကြတာ နားယောင်ခဲ့ကြလို့  ဒုက္ခလှလှ တွေ့ခဲ့ ကြပြီးပါပြီ။ ပိုကူးစက်တယ်ဆိုတာနဲ့ကို ( ခြောက်တယ်လို့ ပြောရင်လည်း ခံပါမယ်) ပိုကြောက်သင့် ကြောက်ရမှာပါ။  ပိုကူးရင်  ဆေးရုံရောက်တာပိုများ၊   သက်ကြီးရွယ်အိုနဲ့ ရောဂါအခံရှိသူတွေပါလာရင်  ပိုသေမှာပါ၊   ဆေးရုံနဲ့ ကျန်းမာရေးဝန်ထမ်းတွေ သေချာပေါက် ဝန်ပိုပိမှာပါ။  ဒါကြောင့်  အခြားနိုင်ငံက  ကျွမ်းကျင်ပညာရှင်တွေက ကူးစက်တာသာမြန်တာ၊ ပိုမပြင်းပါဘူး၊ ပိုမသေပါဘူးလို့ ထပ်ပြောရင်တောင်  တာဝန်ရှိသူတွေက  အရင်တစ်ခါ အဖြစ်မျိုးမဖြစ်အောင် စကားကို ထိန်းပြောဖို့လိုမှာပါ။

 အထူးသဖြင့် N 501Y ဆိုတဲ့ ပရိုတိန်းမှာ အဓိက ဖြစ်တာပါ။  ဒီပိုးအသစ်ကို New Strain B.1.1.7  လို့ တချို့က ခေါ်ကြသလို တချို့ကလည်း VUI-202012/01 (Variant under investigation :December 2020) လို့ပြောဆိုသုံးစွဲနေကြပါတယ်။  

ဒီဗီဇပြောင်း New  Strain B.1.1.7  ကြောင့်  ယူကေမှာ လောလောဆယ်  London နဲ့  South  East  and East England မှာ  အသွားအလာထိန်းချုပ်မှု  ကာကွယ်ရေး အဆင့် Tier 2 ကနေ  အမြင့်ဆုံး    Tier 4  အထိ တိုးမြှင့် ထားရသလို ဥရောပနိုင်ငံအချို့က ယူကေက  လေယာဉ် ခရီးတွေကို လောလောဆယ် ဝင်ခွင့်ပိတ်ထားပါတယ်။

 

အခုထက်ပိုပြီး သတိထားဂရုစိုက်

ဒီလိုအချိန်မှာ မိမိတို့အနေနဲ့လည်း အခုထက်ပိုပြီး သတိထားဂရုစိုက်ကြရတော့မှာပါ။  အခုပိုးကူးစက်မှုနဲ့ သေနှုန်းတန်းနေတဲ့    (Plateau)    အခြေအနေကနေ ပြန်မတက်အောင်၊ တဖြည်းဖြည်းကျသွားအောင်   လုပ်ဖို့ အဓိကကတော့  အများပြည်သူလူထုပါ။    မိမိတို့နိုင်ငံ အနေနဲ့ (၁၀) လနီးပါး ကျန်းမာရေးနဲ့တွဲပြီး ကြုံတွေ့နေ ရတဲ့ စီးပွားရေး၊ လူမှုရေး အခက်အခဲပြဿနာတွေအတွက် တချို့ကိစ္စတွေကို   မဖြစ်မနေ   စည်းကမ်းဘောင်တွေ အတွင်းက လျှော့ချ၊ ခွင့်ပြုရတော့မှာပါ။ အဲဒီလိုအချိန်မှာ ရောက်လာတော့မယ့်       ရက်ရှည်ရုံးအလုပ်ပိတ်ရက်ရှည် (ဒီဇင်ဘာ ၂၅၊ ၂၆၊ ၂၇၊ ဒီဇင်ဘာ ၃၁၊ ဇန်နဝါရီ ၁၊ ၂၊ ၃၊ ၄) တွေရယ်၊ သူများနိုင်ငံတွေမှာ စနေ၊   ပျံ့နေတဲ့  ဗီဇပြောင်း ပိုးရယ် (မိမိတို့ဆီ လုံးဝမရောက်နိုင်ဘူးလို့ ဘယ်သူမှ အာမ မခံနိုင်ပါဘူး) တွေ့ကြရမယ့်အချိန်မှာ လောလောဆယ် အရေးအကြီးဆုံးက Holidays တွေမှာ  …

(၁)  အိမ်မှာပဲ နေပါ၊  (၂) အိမ်မှာပဲနေပါ၊ (၃) အိမ်မှာပဲ နေပါ။

 

ကျန်းမာရေးအပြည့်နဲ့ ခရစ္စမတ်ကာလကို ဖြတ်ကျော်စေချင်

နာတာလူးပွဲတော်က မိမိအိမ်မှာ လောလောဆယ် ရှိနေတဲ့ မိမိ မိသားစုနဲ့ပဲ ကျင်းပတာကို ယေရှုခရစ်တော် နဲ့ သူတော်စင်တွေက သေချာပေါက် ကောင်းချီးပေးကြမှာပါ။  TV / Video / Facebook အပါအဝင် Media ပေါင်းစုံက ဆုတောင်းမှုတွေကို  ကြည့်ရှု၊   နားထောင်၊   တုံ့ပြန်ကြပြီး ကိုယ်စိတ်နှစ်ပါးကျန်းမာရေးအပြည့်နဲ့ ခရစ္စမတ်ကာလကို ဖြတ်ကျော်စေချင်ပါတယ်။  December 26 Boxing Day အတွက်လည်း ကျန်းမာရေးရှုထောင့်က  အကြံကောင်းလေး ပေးပါရစေ။ မိမိက ငယ်ငယ်ကတည်းက မြို့မအမျိုးသား ကျောင်းထွက်မို့ ခရစ်ယာန်ဘာသာအကြောင်း ဂဃနဏ မသိပါဘူး။   အတန်းဖော် သူငယ်ချင်းကို ဘာလို့ Boxing day လို့ခေါ်တာလဲလို့မေးဖူးတော့ သူငယ်ချင်းပညာရှိက Christmas Day မှာ တချို့တွေက အပျော်လွန်၊ အသောက် လွန်၊ အမူးလွန်ပြီး နောက်တစ်နေ့မှာ  အမူးမပြေသေးလို့  စကားများကြပြီး   Boxing ထိုးကြရာက ဖြစ်တယ်လို့  ပြောတာကို ဖြီးတယ် ဆိုတာသိခဲ့ပါတယ်။ နောက်ပိုင်းမှ Christmas Day မှာ မိသားစုတွေ၊ ခင်မင်တဲ့မိတ်ဆွေ သူငယ်ချင်းတွေဆီက Present ရတဲ့လက်ဆောင်  Box တွေကို ဖွင့်တဲ့နေ့လို့ သိခဲ့တာပါ။  (မူကွဲရှိနေနိုင်ပါသေးတယ် နော်)   ပြောချင်တဲ့ အချက်က အဲဒီလို လက်ဆောင်အထုပ်တွေ ရောက်လာရင်   အရက်ပြန်လို  ပိုးသတ်ဆေးတွေဖျန်းထားဖို့၊ Box တွေ ဖြေရင်၊ ဖွင့်ရင် ( ရှိခဲ့ရင်) လက်အိတ်စွပ်ပြီးမှ ဖွင့်ဖို့၊ ဖွင့်ပြီးရင် လက်ကို ဆပ်ပြာနဲ့ စက္ကန့် ၂၀ ကျော် သေသေချာချာ ဆေးဖို့၊ လက်ကို မျက်နှာ၊ မျက်စိ၊ နှာခေါင်း၊ ပါးစပ်တွေနဲ့ လုံးဝမထိဖို့ အရေးကြီးပါတယ်။

နောက်တစ်ချက်က လူငယ်လူရွယ်( တချို့လူလတ် လူကြီးတွေလည်း   ပါနိုင်ပါတယ်)    တွေ    တစ်နှစ်တစ်ခါ စောင့်မျှော်နေကြတဲ့ New Year Count Down ပါ။  အားမနာ တမ်းပြောရရင် ဘယ်သူမှ  Count  Down  မလုပ်လည်း 2020 က 2021 ကို ရောက်ကို ရောက်မှာပါ။  ပုံမှန်အားဖြင့် ရေဒီယို၊ တီဗွီတွေက  Count  Down  လုပ်ပေးကြလေ့ ရှိပါတယ်။ Times Square  တို့ ၊  Talgalfar Square တို့၊ ပြည်သူ့ရင်ပြင်တို့၊ အင်းလျားကန်ပေါင်တို့၊ မိုင်ဒါကွင်း တို့မှာ ည ၁၂ နာရီ သံစဉ်ထိုးပြီး “ Happy New Year” အော်မှ နှစ်ကူးတာ  မဟုတ်သလို  လာမယ့်နှစ်က  မင်္ဂလာ အပေါင်း ခညောင်းမှာ မဟုတ်တာကို အားလုံးသိကြမှာပါ။

ဒီလို အချိန်မှာ ဘယ်သူမဆို ( အထူးသဖြင့် လူငယ် လူရွယ်တွေ) ရောဂါလက္ခဏာ မခံစားရပေမယ့် ရောဂါပိုး ရှိနေနိုင်တာမို့ အဲဒီလိုလူတွေနဲ့ ဒီ Long Holidays တွေမှာ လူစုလူဝေးထဲနေခဲ့၊ တွေ့ခဲ့ရင် ကိုယ်ကိုယ်တိုင်ရော၊ အိမ်က သက်ကြီးရွယ်အို မိဘဆွေမျိုးတွေပါ ရောဂါရပြီး အသက်ပါ ဆုံးနိုင်တာမို့ အခုပြောခဲ့တဲ့အချက်တွေကို အထူးဂရုစိုက်၊ ရှောင်ကြဉ်၊ လိုက်နာကြပြီး မင်္ဂလာရှိသော ခရစ္စမတ်နဲ့    ပျော်ရွှင်ဖွယ်ကောင်းသော နှစ်သစ် (A Merry Christmas and a Happy New Year 2021) ဖြစ်ကြပါစေလို့  ဆုမွန် ကောင်းတောင်း မေတ္တာပို့အပ်ပါတယ်ခင်ဗျား။