ဝင်းသူအောင်(သုတေသန)
ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကြီးဟာ တရုတ်နိုင်ငံမှ တစ်ဆင့် အန္တာတိကတိုက်မှလွဲ၍ အခြားတိုက်ကြီး အားလုံးသို့ ပျံ့နှံ့ခဲ့တဲ့အတွက် ရေတိုကာလမှာ အာရှ-ပစိဖိတ်ဒေသရဲ့ စီးပွားရေးအပေါ် မလွဲမသွေ ထိခိုက်မှုရှိမှာ ဖြစ်ပါတယ်။ ကာလလတ်နဲ့ ရေရှည်ကာလမှာလည်း အလွန်အကျွံလျှော့တွက်ထား၍ မရပေ။ အစီရင်ခံစာအချို့မှာတော့ အာရှ-ပစိဖိတ်ဒေသရဲ့ စီးပွားရေးကို လက်ရှိ ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားနေစဉ်အခြေအနေနဲ့ ၂၀၀၃ ခုနှစ်တုန်းက တရုတ်နိုင်ငံမှာ စတင်ဖြစ်ပွားပြီး နိုင်ငံပေါင်း ၂၄ နိုင်ငံကျော်ကို ပျံ့နှံ့ခဲ့တဲ့ ဆားစ်(Severe Acute Respiratory Syndrome- SARS) ရောဂါဖြစ်ပွားစဉ်အခြေအနေတို့ကို နှိုင်းယှဉ်ဖော်ပြ လျက်ရှိပါတယ်။ ဆားစ်ရောဂါဖြစ်ပွားချိန်မှစပြီး တရုတ် နိုင်ငံရဲ့အခြေအနေနဲ့ ကမ္ဘာလုံးဆိုင်ရာမြင်ကွင်းတို့ဟာ သိသာထင်ရှားစွာ တဖြည်းဖြည်းပြောင်းလဲဖြစ်ပေါ်ခဲ့သော်လည်း ကိုဗစ်-၁၉ ကပ်ရောဂါရဲ့ စီးပွားရေးအပေါ် ရိုက်ခတ်မှုဟာ ကွဲပြားခြားနားလျက်ရှိပါတယ်။
မတူကွဲပြားတဲ့ဖြစ်စဉ်တစ်ခု
ဆားစ်ရောဂါဖြစ်ပွားမှုကြောင့် အာရှ-ပစိဖိတ်ဒေသ သို့မဟုတ် ကျန်ကမ္ဘာ့နိုင်ငံအသီးသီးရဲ့ စီးပွားရေးတိုးတက်မှုအပေါ် ဆိုးဆိုးရွားရွား ထိခိုက်မှုမရှိခဲ့ပေ။ ၂၀၀၃ ခုနှစ်တွင် ကမ္ဘာ့စီးပွားရေးကို အလျင်အမြန် တိုးချဲ့ဆောင်ရွက်နေခြင်း၊ ကမ္ဘာ့ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံရေးနဲ့ ဘဏ္ဍာရေးကဏ္ဍတွေ အလျင်အမြန်တိုးတက်လာခြင်း တို့ကြောင့် ကမ္ဘာ့ပြည်တွင်း အသားတင် ကုန်ထုတ်လုပ်မှုတန်ဖိုး(GDP) တိုးတက်မှုဟာ ၂ ဒသမ ၉၆ ရာခိုင်နှုန်းရှိခဲ့ပြီး ၂၀၀၂ ခုနှစ်ကထက် သာလွန်ကြောင်း ကမ္ဘာ့ဘဏ်က ပြောကြားခဲ့ပါတယ်။ ၂၀၀၄ ခုနှစ်မှ ၂၀၀၇ ခုနှစ်အထိ ကာလအတွင်း အာရှ-ပစိဖိတ်ဒေသရဲ့ နှစ်စဉ် GDP တိုးတက်မှုနှုန်းဟာ ငါးရာခိုင်နှုန်းအထက်မှာပဲ ရှိခဲ့ပါတယ်။ အဆိုပါတိုးတက်မှုနှုန်းဟာ အမေရိကန်နိုင်ငံမှာ ၂၀၀၈ ခုနှစ်က စီးပွားရေးပျက်ကပ် ဆိုက်ရောက်ခဲ့တဲ့အချိန်အထိ ဆက်လက်တိုးတက်ခဲ့ပါတယ်။
သို့သော်လည်း လက်ရှိအချိန်မှာ အရာအားလုံးဟာ ပြောင်းလဲမှုတွေဖြစ်ပေါ်ခဲ့ပါတယ်။ ၂၀၀၈ ခုနှစ် စီးပွားရေးပျက်ကပ် အလွန်ကာလအထိ နွံနစ်နေခဲ့တဲ့ ကမ္ဘာ့စီးပွားရေးဟာ တိုးတက်မှုနှုန်းကို စဉ်ဆက်မပြတ်ထိန်းသိမ်း ဆောင်ရွက်မှုမရှိတဲ့ အတွက် ဆက်လက်ကျဆင်းခဲ့ပါတယ်။ ကမ္ဘာ့စီးပွားရေးတိုးတက်မှုအတွက် မောင်းနှင်အားတစ်ခုဖြစ်တဲ့ တရုတ်နိုင်ငံရဲ့ အခန်းကဏ္ဍဟာဆိုရင်လည်း အမေရိကန်နိုင်ငံရဲ့ ကုန်သွယ်ရေးဆိုင်ရာ ကိုယ်ကျိုးစီးပွားကာကွယ်ရေးမူဝါဒနဲ့ ပြည်ပ ဝယ်လိုအားကျဆင်းမှု ကဲ့သို့သော အနုတ်လက္ခဏာဆောင်တဲ့ သက်ရောက်မှုတွေကြောင့် ထိခိုက်မှုတွေရှိလာခဲ့ပါတော့တယ်။
အခြားတစ်ဖက်မှာလည်း တရုတ်နိုင်ငံရဲ့ စီးပွားရေးအင်အားဟာ ယခင်ကထက် ပိုမိုခိုင်မာတောင့်တင်းလာခဲ့တာကို တွေ့ရမှာဖြစ်ပါတယ်။ ၂၀၀၃ ခုနှစ်မှာ တရုတ်နိုင်ငံရဲ့ GDP ဟာ ကမ္ဘာ့စုစုပေါင်း GDP ရဲ့ ၄ ဒသမ ၂၇ ရာခိုင်နှုန်းနဲ့ အရှေ့အာရှနဲ့ ပစိဖိတ်ဒေသစုစုပေါင်း GDP ရဲ့ ၁၉ ဒသမ ၃ ရာခိုင်နှုန်း ရှိခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်ကို ရောက်ရှိလာချိန်မှာတော့ တရုတ်နိုင်ငံရဲ့ GDP ဟာ ကမ္ဘာ့ စုစုပေါင်း GDP ရဲ့ ၁၅ ဒသမ ၈၄ ရာခိုင်နှုန်းနဲ့ အရှေ့အာရှနဲ့ပစိဖိတ်ဒေသစုစုပေါင်း GDP ရဲ့ ၅၂ ဒသမ ၄၆ ရာခိုင်နှုန်း အသီးသီးရှိခဲ့ပါတယ်။ တရုတ်နိုင်ငံဟာ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့(WTO) သို့ ဝင်ရောက်ပြီးနောက် နှစ်နှစ် အကြာ ၂၀၀၃ ခုနှစ်မှာ GDP တိုးတက်မှုနှုန်း နှစ်ဆတိုးတက်လာမှုနဲ့အတူ စက်မှုလုပ်ငန်းနဲ့ မြို့ပြများ အလျင်အမြန် တည်ဆောက်မှု အတွေ့အကြုံတွေ ရရှိခဲ့ပါတယ်။
ဆားစ်ရောဂါဖြစ်ပွားမှုကြောင့် တရုတ်နိုင်ငံနဲ့ အာရှ-ပစိဖိတ်ဒေသတို့ရဲ့ စီးပွားရေးအပေါ် သက်ရောက်မှုဟာ အကန့်အသတ် ရှိခဲ့ပါတယ်။ သို့သော်လည်း ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် တရုတ်နိုင်ငံနဲ့ အာရှ-ပစိဖိတ်ဒေသတို့ရဲ့ စီးပွားရေးအပေါ် ပိုမိုကြီးမားစွာ သက်ရောက်မှု ရှိလာနိုင်ပါတယ်။ ဘာကြောင့်လဲဆိုရင်လက်ရှိမှာ တရုတ်နိုင်ငံဟာ ၎င်းရဲ့စီးပွားရေးဖွံ့ဖြိုးတိုး တက်မှုပုံစံကို ပြုပြင်ပြောင်းလဲဖို့၊ စီးပွားရေးတည်ဆောက်မှုပုံစံကို အဆင့်မြှင့်တင်ဖို့နဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု မောင်းနှင် အားတွေကိုပြောင်းလဲဖို့ ကြိုးပမ်းနေရတဲ့အရေးကြီးတဲ့ ပြုပြင်ပြောင်းလဲရေးကာလတစ်ခုမှာ ရောက်ရှိနေလို့ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် တရုတ်နိုင်ငံဟာ စီးပွားရေးကျဆင်းမယ့် ဖိအားတွေနဲ့လည်း ရင်ဆိုင်ရလျက်ရှိပါတယ်။
ဒါတင်မကသေးဘဲ အာရှ-ပစိဖိတ်ဒေသရဲ့ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအတွင်း တရုတ်နိုင်ငံပါဝင်လုပ်ကိုင်နေတဲ့ အတိုင်းအတာပမာဏဟာ ဆားစ်ရောဂါ ဖြစ်ပွားစဉ် ကာလအတွင်း ပါဝင်လုပ်ကိုင်ခဲ့တဲ့ အတိုင်းအတာပမာဏထက် များစွာကျော်လွန်မှုရှိနေပါတယ်။ နှစ်ပေါင်းများစွာကြာ ကြိုးပမ်းမှုတွေပြုလုပ်ပြီးတဲ့နောက်မှာတော့ တရုတ်နိုင်ငံဟာ နိုင်ငံတကာ စီးပွားရေးနယ်ပယ်မှာ ပိုမိုဝင်ဆံ့လာခဲ့တဲ့အပြင် ဒေသတွင်းနဲ့ ကမ္ဘာလုံးဆိုင်ရာကုန်ထုတ်လုပ်မှုအပိုင်းမှာ ပိုမိုအရေးပါတဲ့ နိုင်ငံတစ်နိုင်ငံအဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။ သာဓကအနေနဲ့ ၂၀၀၃ ခုနှစ်တုန်းက စေ့စပ်ဆွေးနွေးခဲ့တဲ့ ဒေသတွင်းလွတ်လပ်စွာ ကုန်သွယ်ရေးသဘောတူစာချုပ် အများစုဟာ လက်ရှိမှာ အပြီးသတ်ချုပ်ဆိုနိုင်ခဲ့တဲ့အပြင် အကောင်အထည်ဖော်ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။
တရုတ်နဲ့ အာဆီယံကဲ့သို့ ဒေသတွင်းအဖွဲ့အစည်းများအကြား စီးပွားရေးအရအပြန်အလှန်မှီခိုမှုဟာ သမိုင်းကြောင်း တစ်လျှောက်မှာ အမြင့်ဆုံးအဆင့်ကို ရောက်ရှိခဲ့ပြီ ဖြစ်ပါတယ်။ ဒါ့အပြင် တရုတ်နိုင်ငံက အဆိုပြုထားတဲ့ ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်း(OBOR) နဲ့ ဒေသတွင်းဘက်စုံ စီးပွားရေးမိတ်ဖက်ဆက်ဆံရေး(RCEP) အမည်ရှိ လွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူစာချုပ်အတွက် စေ့စပ်ဆွေးနွေးမှုတွေ ပြုလုပ်ရာမှာ တရုတ်နိုင်ငံရဲ့ ပါဝင်ဆောင်ရွက်မှု တို့ဟာ လက်ရှိအချိန်မှာ စီးပွားရေးလုပ်ငန်းတွေဟာ ပိုမိုယှက်နွှယ်လာပြီး အထူးသဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါရဲ့ ဆိုးကျိုးက နိုင်ငံတစ်နိုင်ငံရဲ့ စီးပွားရေးအပေါ်သက်ရောက်မှုဟာ အခြားသော နိုင်ငံတွေရဲ့စီးပွားရေးအပေါ် သက်ရောက်မှုရှိလာမှာ ဖြစ်ပါတယ်။
ကုန်သွယ်ရေးဆိုင်ရာဆိုးကျိုးများ
တရုတ်နှစ်သစ်ကူးပွဲတော်အားလပ်ရက်ကို တိုးမြှင့်ပေးခြင်း၊ မလိုအပ်ဘဲခရီးသွားလာမှုနဲ့ လူစုလူဝေးပြုလုပ်မှုတို့ကို ကန့်သတ်ခြင်းကဲ့သို့ တရုတ်နိုင်ငံရဲ့ ကပ်ရောဂါထိန်းချုပ်ရေး အစီအမံတွေဟာ နိုင်ငံရဲ့စီးပွားရေး၊ အထူးသဖြင့် သယ်ယူပို့ဆောင်ရေး၊ ခရီးသွားလုပ်ငန်းကဏ္ဍ၊ စားပွဲသောက်ပွဲနှင့် ပျော်ပွဲရွှင်ပွဲကဲ့သို့ ဝန်ဆောင်မှုပေးရေး စက်မှုလုပ်ငန်းတွေ အပေါ် ထိခိုက်စေခဲ့ပါတယ်။ စားသုံးမှုနဲ့ သုံးစွဲမှုတို့ကို ကန့်သတ်ခံထားရတဲ့အတွက် အသေးစားနဲ့အလတ်စား စီးပွားရေးလုပ်ငန်းတွေဟာ ရုန်းကန်လှုပ်ရှားရလျက် ရှိပါတယ်။ ဒါ့အပြင် ကုန်ထုတ်လုပ်မှုကဏ္ဍ၊ မြေယာနဲ့ အိမ်ရာလုပ်ငန်း တွေနဲ့ အခြေခံအဆောက်အအုံကဏ္ဍတွေမှာ ရင်းနှီးမြှုပ်နှံမှုကိုလည်း ကန့်သတ်ထားပါတယ်။
တရုတ်နိုင်ငံရဲ့စီးပွားရေးအပေါ် ကပ်ရောဂါရဲ့ အနုတ်လက္ခဏာဆောင်တဲ့ သက်ရောက်မှုဟာ အာရှ-ပစိဖိတ်ဒေသ အပေါ်မှာလည်း ကျရောက်လာမှာဖြစ်ပါတယ်။ ရောင်းလိုအားအတွက် တရုတ်နိုင်ငံအပေါ် များစွာအမှီသဟဲပြုနေရတဲ့ ကားနဲ့ အီလက်ထရွန်နစ်ပစ္စည်း ထုတ်လုပ်ရေးလုပ်ငန်းကဲ့သို့ ကုန်ထုတ်လုပ်ရေး စက်မှုလုပ်ငန်းတွေအပေါ်မှာလည်း ကပ်ရောဂါကြောင့် ရေတိုကာလမှာ သက်ရောက်မှု တွေရှိနေပါတယ်။ သာဓကအနေနဲ့ ကားထုတ်လုပ်ရေး လုပ်ငန်းကို ကြည့်မယ်ဆိုရင် ဟူပေနဲ့ ကွမ်တုံကဲ့သို့ လုပ်ငန်းပြန်လည် စတင်လည်ပတ်မှုကြန့်ကြာခဲ့ရတဲ့ တရုတ်ပြည်နယ် ၁၁ ခုဟာ တရုတ်နိုင်ငံရဲ့ ကားအရေ အတွက် သုံးပုံနှစ်ပုံကိုသာ ထုတ်လုပ်နိုင်ခဲ့ပါတယ်။ ထုတ်လုပ်မှုလုပ်ငန်းတွေကို မတ်လအလယ်အထိ ပြန်လည် မစတင် နိုင်တဲ့အတွက် ၂၀၂၀ ပြည့်နှစ် ပထမသုံးလတာ ကာလအတွင်း ကားထုတ်လုပ်မှုလုပ်ငန်းမှ ထုတ်လုပ်မှု ဆိုင်ရာဆုံးရှုံးမှုမှာ ကားအစီးရေ ၁ ဒသမ ၇ သန်းကျော် ရှိခဲ့ပါတယ်။
ဒါ့အပြင် တရုတ်နိုင်ငံဟာ ကားပစ္စည်းတွေကို အဓိကတင်ပို့နေတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ဂျပန်နိုင်ငံဟာ ကားပစ္စည်း သုံးပုံတစ်ပုံကျော်ကို တရုတ်နိုင်ငံမှ နှစ်စဉ်တင်သွင်းလျက်ရှိပါတယ်။ ကပ်ရောဂါစတင်ဖြစ်ပွားရာ တရုတ်နိုင်ငံ ဟူပေပြည်နယ် ဟာ တရုတ်နိုင်ငံရဲ့ ကားပစ္စည်းထုတ်လုပ်တဲ့ အဓိကပြည်နယ်တစ်ခု ဖြစ်ပါတယ်။ တရုတ်နိုင်ငံရဲ့ ကားပစ္စည်းထုတ်လုပ်မှုမှာ ဆုံးရှုံးမှုတွေရှိခဲ့တာကြောင့် ဂျပန်၊ တောင်ကိုရီးယားနဲ့ အမေရိကန်နိုင်ငံအပါအဝင် အခြားသောနိုင်ငံတွေဟာ ကားပစ္စည်း မရှိတဲ့အတွက် ပုံမှန်ကားထုတ်လုပ်မှုကို ဆက်လက်လုပ်ဆောင်နိုင်မှုမရှိခဲ့ပါဘူး။
အာရှ-ပစိဖိတ်ဒေသတွင်းရှိ ဝန်ဆောင်မှုကဏ္ဍတွေဟာ တရုတ်ခရီးသွားတွေ လာရောက်လည်ပတ်မှုသိသိသာသာ ကျဆင်းသွားခဲ့တာကြောင့် ထိခိုက်မှုတွေဖြစ်ပေါ်ရလျက် ရှိပါတယ်။ အာရှ-ပစိဖိတ်ဒေသ အထူးသဖြင့် ဂျပန်နဲ့ ထိုင်းနိုင်ငံတို့ရှိ ခရီးသွားလုပ်ငန်းနဲ့ သယ်ယူပို့ဆောင်ရေးကဏ္ဍ တွေဟာ ထိခိုက်မှုအရှိဆုံးစီးပွားရေးလုပ်ငန်းတွေ ဖြစ်လာခဲ့ပါတယ်။ တရုတ်ခရီးသွား ၄၀၀၀၀၀ ခန့်ဟာ မတ်လ မတိုင်မီမှာ ဂျပန်နိုင်ငံကိုသွားရောက်မယ့် ခရီးစဉ်ကို ဖျက်သိမ်းခဲ့ကြပါတယ်။ ဖေဖော်ဝါရီလမှ ဇွန်လအထိ ကြည့်မယ်ဆိုရင် ဂျပန်နိုင်ငံကို လာရောက်လည်ပတ်တဲ့ ခရီးသွားအရေအတွက်ဟာ ၂၀၁၉ ခုနှစ်ကထက် ၃၀ ရာခိုင် နှုန်းခန့် ကျဆင်းခဲ့ပါတယ်။
တရုတ်ခရီးသွားအရေအတွက်ဟာ ၂၀၂၁ ခုနှစ် ဒုတိယ သုံးလပတ်ကာလအထိ ယခင်နှုန်းထားကို ပြန်လည်ရောက်ရှိလာမှာ မဟုတ်တဲ့အတွက် ကမ္ဘာလုံးဆိုင်ရာ ခရီးသွားလုပ်ငန်းကဏ္ဍမှာ အမေရိကန်ဒေါ်လာ ဘီလီယံ ၈၀ အထိ ဆုံးရှုံးမှု ဖြစ်ပေါ်နိုင်ကြောင်း စီးပွားရေးကျွမ်းကျင် ပညာရှင်တွေက ခန့်မှန်းထားပါတယ်။ တရုတ်နိုင်ငံဟာ အာရှ-ပစိဖိတ်ဒေသတွင်းရှိ အခြားသောနိုင်ငံတွေထံမှ ကုန်ပစ္စည်းတင်သွင်းမှုတွေပြုလုပ်ရာ အဓိက နိုင်ငံတစ်နိုင်ငံ ဖြစ်ပါတယ်။ တရုတ်နိုင်ငံမှာ စတိုးဆိုင်တွေ ပိတ်သိမ်းထားခြင်း၊ ပြည်သူတွေ မိမိတို့ရဲ့နေအိမ်တွေ မှာသာ နေထိုင်နေရခြင်းတို့ကြောင့် တရုတ်နဲ့ အခြားသော အာရှ-ပစိဖိတ် ဒေသတွင်းနိုင်ငံတွေအကြား ကုန်ပစ္စည်းကုန်သွယ်မှုအပေါ် သက်ရောက်မှုရှိလာမှာ ဖြစ်ပါတယ်။
တရုတ်နဲ့ အမေရိကန်နိုင်ငံတို့အကြား လက်မှတ်ရေးထိုးထားတဲ့ အဆင့်(၁)ကုန်သွယ်ရေး သဘောတူညီချက်အရ တရုတ်နိုင်ငံအနေနဲ့ အမေရိကန်နိုင်ငံ စိုက်ပျိုးမွေးမြူရေးထွက်ကုန်တွေ ပိုမိုတင်သွင်းရမှာဖြစ်သော်လည်း တရုတ်နိုင်ငံကို အမေရိကန်နိုင်ငံက ပဲပုပ်တင်သွင်းမှုဟာ ၁၀ လတာကာလအတွင်း အနိမ့်ဆုံးအဆင့်အထိ ထိုးကျခဲ့ကြောင်း အမေရိကန် စိုက်ပျိုးရေးဝန်ကြီးဌာနက ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။ တရုတ်နိုင်ငံသို့ ဩစတြေးလျ၊ နယူးဇီလန်နဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက ကုန်ပစ္စည်းတင်ပို့မှုအပေါ်မှာလည်း သက်ရောက်မှုတွေ ရှိလာမှာဖြစ်ပါတယ်။ ကမ္ဘာလုံးဆိုင်ရာ ရေနံဝယ်လိုအားဟာ ယခင်ခန့်မှန်းထားတဲ့ နေ့စဉ် ရေနံစည် ၁ ဒသမ ၂ သန်းထက် လျော့နည်း ပြီး ၂၀၂၀ ပြည့်နှစ်မှာ ၈၂၅၀၀၀ စည်သာ တိုးလာမှာဖြစ်ကြောင်း နိုင်ငံတကာစွမ်းအင်အေဂျင်စီက ခန့်မှန်းထားပါတယ်။
အပြုသဘောဆောင်သော လက္ခဏာများ ကျန်ရှိနေခြင်း
တရုတ်နိုင်ငံနဲ့ အာရှ- ပစိဖိတ်ဒေသတစ်ခုလုံးရဲ့ စီးပွားရေးအပေါ် ကိုဗစ်-၁၉ ကပ်ရောဂါရဲ့ ကာလတို သက်ရောက်မှုဟာ ဆားစ်ရောဂါဖြစ်ပွားသည့် ကာလကထက် ပိုမိုဆိုးရွားဖွယ်ရှိနေချိန်မှာ ၂၀၂၀ ပြည့်နှစ်အတွင်း စီးပွားရေးအလားအလာဟာ ၎င်းကပ်ရောဂါကို ထိန်းချုပ်နိုင်တဲ့အချိန်အပေါ် များစွာမူတည်လျက်ရှိပါတယ်။ ၂၀၂၀ ပြည့်နှစ် ပထမ ခြောက်လတာ ကာလအတွင်း ၎င်းကပ်ရောဂါကို ထိန်းချုပ်နိုင်ခဲ့မယ်ဆိုရင် စီးပွားရေးလုပ်ငန်းတွေ ပြန်လည်လုပ်ကိုင်နိုင်မှာဖြစ်တဲ့အပြင် ဖွံ့ဖြိုးတိုးတက်မှု ဟာ သိသိသာသာ ပြန်လည်ဦးမော့လာမှာ ဖြစ်ပါတယ်။ ယခုအခြေအနေမှာ တရုတ်နိုင်ငံရဲ့ ကာလရှည်ဖွံ့ဖြိုး တိုးတက်မှုအပေါ် သက်ရောက်မှုရှိမှာ မဟုတ်တဲ့အပြင် အာရှ-ပစိဖိတ်ဒေသရဲ့စီးပွားရေးဟာလည်း မကြာမီ ကာလအတွင်းမှာ မူလအနေအထားအတိုင်း ပြန်ဖြစ်လာမယ်လို့ ယူဆရပါတယ်။
သို့သော်လည်း ကပ်ရောဂါကို အချိန်တိုအတွင်းမှာ ထိန်းချုပ်နိုင်မှုမရှိဘူးဆိုရင် ဝန်ဆောင်မှုစက်မှုလုပ်ငန်းဟာ ပြန်လည် နာလန်ထူဖို့ အချိန်တစ်နှစ်ယူရမှာဖြစ်တဲ့အတွက် တရုတ်နိုင်ငံနဲ့ အာရှ-ပစိဖိတ်ဒေသတို့ရဲ့ စီးပွားရေးအပေါ် ပိုမိုထိခိုက်စေမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် အာရှ-ပစိဖိတ် ဒေသတွင်းနိုင်ငံတွေဟာ ကပ်ရောဂါကို တုံ့ပြန်မယ့် တန်ပြန်ရေးအစီအမံတွေ ချမှတ်လုပ်ဆောင် လျက်ရှိပါတယ်။ သာဓကအနေနဲ့ တရုတ်နိုင်ငံဟာ ကုန်ထုတ်လုပ်မှုတွေ ပြန်လည်စတင်နိုင်ဖို့ စီးပွားရေး လုပ်ငန်းတွေကို တွန်းအားပေးနိုင်မယ့်မူဝါဒတွေ ချမှတ် လုပ်ဆောင်နေတဲ့အပြင် ဖိလစ်ပိုင်၊ ထိုင်းနဲ့ အင်ဒိုနီးရှား နိုင်ငံအပါအဝင် အရှေ့တောင်အာရှဒေသတွင်း နိုင်ငံတွေဟာလည်း ငွေကြေးထိန်းချုပ်မှု ဖြေလျှော့ရေးမူဝါဒတွေကို ချမှတ်ဆောင်ရွက်လျက် ရှိပါတယ်။
အချုပ်ဆိုရလျှင် ကိုဗစ်-၁၉ ကပ်ရောဂါကြီးကို ထိထိရောက်ရောက် ထိန်းချုပ်နိုင်သမျှ ကာလပတ်လုံး စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအလားအလာဟာ ပြောင်းလဲသွားမှာမဟုတ်ပါဘူး။ ကပ်ရောဂါကျရောက်တဲ့ ကာလကြီးကို လွန်မြောက် ပြီးချိန်မှာ မိမိတို့မြန်မာနိုင်ငံ အပါအဝင် အာရှ-ပစိဖိတ်ဒေသတွင်းနိုင်ငံတွေရဲ့ စက်မှုလုပ်ငန်းလည်ပတ်မှုတွေဟာလည်း ပုံမှန်အတိုင်းပြန်ဖြစ် လာမှာဖြစ်ပါတယ်။ ဒါ့ကြောင့် အာရှ-ပစိဖိတ်ဒေသတွင်း နိုင်ငံတွေနဲ့ ကမ္ဘာ့စီးပွားရေးဟာ ၂၀၂၀ ပြည့်နှစ် နှစ်လယ် ပိုင်းကျော်တာနဲ့ ပြန်လည်ဦးမော့လာမယ်လို့ မျှော်မှန်းရတယ်လို့ စီးပွားရေးပညာရှင်တွေက ခန့်မှန်းသုံးသပ် ထားကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။
Long-term hopes remain strong, by Beijing Review Magazine အား ဘာသာပြန်ဆိုပါသည်။


