၁၂ မတ်

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါပျံ့နှံ့မှု တာဆီးကာကွယ်ရန် ကုလသမဂ္ဂက နိုင်ငံတကာအစည်းအဝေး နှစ်ခုကို ရွှေ့ဆိုင်းရန် ဆုံးဖြတ်လိုက်သည်။

 

ကုလသမဂ္ဂက အစည်းအဝေးနှစ်ခုဖြစ်သည့် အဏ္ဏဝါဇီဝမျိုးကွဲများဆိုင်ရာ ညီလာခံနှင့် ဌာနေ တိုင်းရင်းသားများဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်သည့် ဖိုရမ်တစ်ခုတို့ကို ရွှေ့ဆိုင်းလိုက်သည်ဟု ဆိုသည်။

 

နယူးယောက်မြို့ရှိ ကုလသမဂ္ဂဌာနချုပ်ကို ပိတ်သိမ်းခြင်းရှိ မရှိ ဆွေးနွေးမှုစတင်ခဲ့သည်။

 

ယခုလအစောပိုင်းကလည်း ကုလသမဂ္ဂအနေဖြင့် အမျိုးသမီးများ စွမ်းရည်မြှင့်တင်ရေးဆိုင်ရာ အစည်းအဝေးများကိုလည်း ရွှေ့ဆိုင်းထားပြီးဖြစ်သည်။

 

နယူးယောက်မြို့ရှိ ကုလသမဂ္ဂဝန်ထမ်းများကြား ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု မရှိသေးကြောင်း ကုလသမဂ္ဂက ပြောကြားသည်။

 

အစည်းအဝေးပွဲကိုလည်း အဝေးမှကြီးကြပ် ကျင်းပခဲ့ကြောင်း ကုလပြောရေးဆိုခွင့်ရှိသူ စတီဖင်ဒူဂျာရစ်က သတင်းထောက်များကို ယမန်နေ့က ပြောကြားခဲ့သည်။

 

နယူးယောက်တွင်ရှိနေသည့် ဌာနချုပ်ကို ပိတ်ပစ်ခဲ့ပါက အရေးပေါ်  ကိစ္စများအတွက် မည်သို့ အကျိုးသက်ရောက်မှု ရှိမည်ကိုလည်း ကုလသမဂ္ဂအနေဖြင့်  ဆွေးနွေးနေကြောင်း ဒူဂျာရစ်က ပြောကြားခဲ့သည်။

 

ယမန်နေ့က ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဖြစ်သူ အန်တိုနီယိုဂူတာရက်စ်က  ကုလသမဂ္ဂအကြီးတန်း အရာရှိများကို အရေးပေါ် အစည်းအဝေးတစ်ရပ်ခေါ်ယူခဲ့သည်။

 

ကုလသမဂ္ဂအနေဖြင့်လည်း အဖွဲ့အစည်း၏ ဌာနချုပ်ကို ယာယီပိတ်ထားနိုင်ဖွယ်ရှိကြောင်း ထင်ကြေးပေးလျက်ရှိသည်။

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မေဇော်ထက်