၂၆ ဩဂုတ်
မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ပထမလှိုင်းက အကျပိုင်းကို ရောက်ရှိနေပြီဖြစ်တယ်လို့ သြဂုတ် ၁၈ ရက်က ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့်ဗဟိုကော်မတီက ထုတ်ပြန်တဲ့ ပြည်သူသို့ပန်ကြားချက်ကို ဖတ်ရှုလိုက်ရပါတယ်။
ဝမ်းသာစရာ သတင်းကောင်းတစ်ရပ်ကို ကြားလိုက်ရခြင်းပါ။ ဆရာတော်သံဃာတော် ကြီးတွေရဲ့ မေတ္တာ၊ နိုင်ငံတော်အစိုးရရဲ့ စီမံခန့်ခွဲမှု ကောင်းမွန်ခြင်းတို့ကြောင့် ကိုဗစ်-၁၉ ဝေဒနာဆိုးကြီးကနေ ပထမအဆင့်ကို ကျော်ဖြတ်နိုင်ကြတော့မှာမို့ အားလုံးက ကျေးဇူးတင်မိခဲ့ကြပါတယ်။ ပြည်သူအားလုံးက စိုးရိမ်ထိတ်လန့် ဒီရောဂါဆိုးကြီးဟာ ၂၀၂၀ မတ်လ လောက်ကတည်းကနေ မြန်မာပြည်ထဲကို ဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။ ပြည်သူများသို့ ပန်ကြားချက်တွေ၊ မေတ္တာရပ်ခံချက်တွေ၊ တားဆီးပိတ်ပင်စီမံမှုတွေ ပြုလုပ်ပြီး
ဆောင်ရွက်လာခဲ့တာ ဖြစ်ပါတယ်။ ဖြစ်စမှာ ပြည်သူအားလုံးက စိုးရိမ်ထိတ်လန့်ကြောက်ရွံ့ မှုတွေနဲ့ လိုက်နာ နေထိုင်သွားလာနေခဲ့ကြပါတယ်။
ကူးစက်မှုတွေက ဆယ်ဂဏန်းအောက်နဲ့ ဆယ်ဂဏန်းဝန်းကျင်လောက် မှာပဲ ရှိနေခဲ့ပါတယ်။ အချို့သော ရက်တွေမှာ ဆက်တိုက်ဆိုသလို ပိုးတွေ့လူနာမရှိခဲ့ပါဘူး။ ကူးစက်မှုတွေကလည်း ပြည်တော်ပြန် တွေဆီကပဲဆိုတော့ ထိန်းချုပ်မှုက နိုင်နင်းခဲ့ပါတယ်။ ပြည်တွင်းကူးစက်မှုဆိုတာက သြဂုတ် လအလယ်လောက်ထိ လုံးဝမရှိခဲ့ပါဘူး။
ဆေးရုံကြီးတွေရှိတဲ့ မြို့ကြီး
မြန်မာနိုင်ငံရဲ့ စီးပွားရေးမြို့တော်ဟာ ရန်ကုန်ပါ။ မြန်မာပြည်ရဲ့ ခံတပ်ကြီးလို့လည်း ပြောရင်ရပါတယ်။ စီးပွားရေးမြို့တော်ပီပီ လူနေမှု သိပ်သည်းပါတယ်။ အလုပ်အကိုင် ပေါများပါတယ်။ ကုသထိန်းချုပ်မှုအတွက်ကို အားထည့်ဆောင်ရွက်နိုင်တဲ့ ဆေးရုံကြီးတွေ လည်းရှိတဲ့ မြို့ကြီးဖြစ်ပါတယ်။
ဒါ့ကြောင့် အခု ကိုဗစ်-၁၉ ဖြစ်စဉ်မှာ ရန်ကုန်မြို့က ပိုးတွေ့လူနာဦးရေ ပိုများပြားရခြင်းဟာ အထိတ်တလန့် ဖြစ်စရာတော့ မဟုတ်ပါ။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကနေ ဩဂုတ်၂၁ရက်က ထုတ်ပြန်တဲ့ ပိုးတွေ့လူနာ စာရင်းအရဆိုရင် ရန်ကုန်မှာ ၃၀၂ ဦးရှိခဲ့ပါတယ်။ ဒါကလည်း တကယ်တမ်း ကျတော့ လူနာအများအပြားမှာ အဲဒီရောဂါ လက္ခဏာတွေ မတွေ့ရတော့တဲ့အတွက်ဆေးရုံကနေ ဆင်းသွားကြပြီလည်း ဖြစ်ပါတယ်။ အယောက် ၃၀ အထိ စုဝေးခွင့်တွေရ ဒါ့ကြောင့် ဖြေလျှော့ခြင်းတွေကို တစ်ဆင့် ချင်း လျှော့လာလိုက်တာပါ။ လူစုလူဝေး ငါးယောက်ထက် ပိုမိုစုဝေးခြင်း မပြုလုပ်ရဆိုတဲ့ တားမြစ်ကန့်သတ်ချက်ကနေ အခုဆို အယောက် ၃၀ အထိ စုဝေးခွင့်တွေရခဲ့ကြပါပြီ။
ရိုက်ကူးရေးတွေတောင် ခွင့်ပြု
အစိုးရဌာနဆိုင်ရာတွေ၊ ကုမ္ပဏီတွေမှာ ဝန်ထမ်းတွေ ရက်ပြည့်တာဝန်ထမ်းဆောင် နေကြပါပြီ။ ဝန်ထမ်းတွေ လုပ်ငန်းခွင် ပြန်ဝင်ကြပြီဆိုတော့ အများပြည်သူစီး လိုင်းကားတွေ အပြည့်ပြန်ထွက်နေကြပါပြီ။ စားသောက် ဆိုင်တွေကိုလည်း သတ်မှတ်စည်းကမ်းတွေနဲ့ အညီ ပြန်လည်ဖွင့်ခွင့်တွေ ပေးခဲ့ပါပြီ။ ခရီး ဝေးလိုင်းကားကြီးတွေ ပြန်ထွက်ခွင့်ပြုခဲ့ပါပြီ။ အစည်းအဝေးပွဲတွေ၊ အလုပ်ရုံဆွေးနွေးပွဲတွေ ကိုလည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနရဲ့သတ်မှတ်ညွှန်ကြားချက်တို့နဲ့အညီ ပြန်လည်ဖွင့်ခွင့်တွေ ပေးထားပြီးဖြစ်ပါတယ်။ နောက်ဆုံး ရုပ်ရှင်လောကသားတွေအတွက် ရိုက်ကူးရေး တွေတောင် ခွင့်ပြုခဲ့ပြီးဖြစ်ပါတယ်။
ဒါကြောင့် ဒီကနေ့ရန်ကုန်ဟာ အရင်အတိုင်းပဲ ပုံမှန် ပြန်လည်ပတ်လှုပ်ရှားနေပါပြီလို့ ဆိုရမှာဖြစ်ပါ တယ်။ ကြည့်လိုက်ရင် အရင်ကဖြစ်ခဲ့ဖူးတယ် လို့ မထင်ရလောက်အောင်ကို ရှိနေပါပြီ။
ခရီးသည်အပြည့်အကျပ်
ဈေးတွေမှာဆို တိုးမပေါက်အောင်ရှိနေပါပြီ။ ဈေးရောင်း၊ ဈေးဝယ်အားလုံး နှာခေါင်းစည်း တပ်ပြီး အရောင်းအဝယ်လုပ်ဖို့ကို ဈေးတာဝန်ခံများကိုယ်တိုင်က နေ့စဉ် လိုက်လံသတိပေးနေပေမယ့် လိုက်နာမှုအားနည်းသူတွေကို တွေ့မြင်နေရဆဲပါ။ လိုင်းကားကြီးတွေဆိုလည်း နံနက်၊ ညနေမှာ ခရီးသည်အပြည့်အကျပ်နဲ့။ အချို့ နှာခေါင်းစည်းတောင် မတပ်ကြပါဘူး။ လမ်းသွားခရီးသည် အတော်များများကို ကြည့်လိုက်ရင် နှာခေါင်းစည်းတော့ ပါပါရဲ့မေးမှာ ချိတ်သူ အရေအတွက်က ပိုလို့များနေတာကိုတွေ့မြင် ရမှာဖြစ်ပါတယ်။
ရန်ကုန်မြို့လယ်ကနေ မော်တော်ကား နဲ့ တစ်နာရီကျော်ကျော်လောက် သွားလို့ရတဲ့ မြို့နယ်တစ်ခုမှာဆို အခပေး အပျော်တမ်း ရေကစားကန်ကြီး (ရေလွှာလျှောစီး)က အကြီးကြီးပါ။ မြို့နယ်အသီးသီးကလာတဲ့သူတွေနဲ့ စည်ကားလိုက်တာမှ မော်တော်ကားတောင် ရပ်စရာမရှိအောင်ပါ။ အဲဒီအနေအထားကိုကြည့်ရင် ရန်ကုန်မှာ ကိုဗစ်-၁၉ ဆိုတာ လုံးဝမရှိတော့ဘူးလို့တောင် ထင်ရပါတယ်။
ပြောစရာတစ်ခုတော့ရှိပါတယ်။ ရန်ကုန် က ဘုရားကျောင်းကန်တွေ လုံးဝမဖွင့်သေးပါဘူး။ ဟုတ်ပါတယ်။ ဇူလိုင် ၃၀ ရက်မှာ ဖွင့်မယ်လို့ ဆိုခဲ့ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် မဖွင့်နိုင်သေးပါဘူး။ ခုအချိန်မှာ မဖွင့် ဖြစ်တာကိုပဲ ပြန်ကျေးဇူးတင်ရမှာပါ။
တိုးမပေါက်အောင် စည်ကား
အဲဒီအချိန်တုန်းကလည်း ဝါဆိုလပြည့် နေ့ကြီးနေ့မြတ်နဲ့ အလွန်နီးကပ်နေတာကြောင့်လို့လည်း ယူဆမိပါတယ်။ တကယ်လို့ အဲဒီရက်ကသာ ဖွင့်ခွင့် ဖူးမြော်ခွင့်များ ပေးလိုက်မယ်ဆို ရွှေတိဂုံဘုရားစတဲ့ ရန်ကုန် မြို့က တန်ခိုးကြီးဘုရားတွေမှာ တိုးမပေါက်အောင် စည်ကားများပြားသွားမှာ ဖြစ်ပါတယ်။ တစ်ဦးနဲ့တစ်ဦး တိုးတိုးဝှေ့ဝှေ့ထိတွေ့ရာကနေ တကယ်လို့များ အဲဒီရောဂါကူးစက်မှု စဖြစ်လာခဲ့ရင်ဆိုတဲ့စေတနာစိတ်နဲ့ ချက်ချင်းပြန်ပိတ်လိုက်တာလို့ အကောင်းဘက်က တွေးမိခဲ့ပါတယ်။
ဒါကြောင့် ရန်ကုန်အပါအဝင် မြို့ကြီးတွေ မှာ တစ်လျှောက်လုံးထိန်းလာနိုင်ခဲ့ပြီး အစက ဆိုခဲ့သလို ကိုဗစ်-၁၉ ရောဂါ ပထမလှိုင်းက အရှိန်တွေ လျော့နည်းလို့ အကျဘက်ကို ဦးတည်နေပြီလို့ ဆိုခြင်းဖြစ်ပါတယ်။
ဒါပေမယ့် အဆုံးမသတ်ခင်မှာ ဇာတ်လမ်းက ပြန်စချင်ခဲ့ပါပြီ။ ဒုတိယလှိုင်းလို့ ပြောပြောနေတဲ့လှိုင်းက အရှိန်ရော၊ အလုံးရော၊ အမြင့်ပါ အားကြီးကြီးနဲ့ လာဖို့ပြင်နေပါပြီ။ ကာရံထားတဲ့ စည်းရိုးက စစ်တွေဘက် က စပေါက်ခဲ့ပါပြီလို့ ဆိုရမှာဖြစ်ပါတယ်။
ဖြစ်စဉ်တစ်ခုလုံးမှာ ပြည်တွင်းကူးစက်မှု လုံးဝမရှိဘူးဆိုပြီး တစ်နိုင်ငံလုံးဝမ်းသာနေကြရာက ဩဂုတ် ၁၆ ရက်ကစပြီး မမျှော်လင့်ဘဲ ဖြစ်ပေါ်လာခဲ့တာဖြစ်ပါတယ်။
စောင့်ကြည့်ရတဲ့အနေအထား အဲဒီကူးစက်မှုခရီးစဉ်က ရန်ကုန်ကို အလစ်အငိုက် ထပ်ပြီးဝင်လာခဲ့ပါပြီ။ လူနာနဲ့ ထိတွေ့ခဲ့ဖူးတဲ့ရန်ကုန်ကသူတွေကိုစောင့်ကြည့် ရတဲ့အနေအထားတွေ ဖြစ်လာပါပြီ။
နောက်တစ်ခုက ပထမဖြစ်တဲ့ ကိုဗစ်-၁၉ ထက် ပိုကြောက်စရာကောင်းပြီး ဆယ်ဆမက မြန်နှုန်းနဲ့ ရောဂါကူးစက်နိုင်တဲ့ (D-614 G) အမျိုးအစားဆိုတာကြီးကို မြန်မာပြည်မှာ စတင်တွေ့ရှိနေပြီလို့ မြန်မာနိုင်ငံ ဆေးသုတေ သနဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာမြတ်ထွန်းညွန့်က ဩဂုတ် ၂၁ ရက်က ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားမှုကလည်း ရှိခဲ့ပါတယ်။
ကြိုတင်ကာကွယ် ဖြစ်မှကုသခြင်းထက် ကြိုတင်ကာကွယ်ခြင်းနဲ့ အနိုင်ယူနိုင်စေဖို့ ရန်ကုန်သူ ရန်ကုန်သားတွေ အရင်လိုပဲ အိမ်မှာနေကြပါ။ မလိုအပ်ဘဲ အပြင်မထွက်ကြပါနဲ့။
လိုအပ်လာရင်လည်း မိသားစုထဲမှတစ်ဦးသာ ထွက်ကြပါ၊ အိမ်ပြင်ထွက်တိုင်း နှာခေါင်းစည်းကို တပ်ကြပါ၊ အပြင်ကပြန်လာပြီးတိုင်း လက်ကို စင်စင်ကြယ်ကြယ် ဆေးကြပါ။
ဈေးနှုန်းက အဆမတန် ခုန်တက်
ဒီရက်ထဲမှာ သတင်းတစ်ခုကို ဖတ်လိုက်ရ ပါတယ်။ YBS ယာဉ်တွေမှာ နှာခေါင်းစည်း များကို မဖြစ်မနေ တပ်ဆင်ဖို့လှုပ်ရှားမှုတွေ ပြုလုပ်မယ်တဲ့ ဝမ်းသာစရာပါ။ ဒါပေမယ့် ပြည်တွင်းကူးစက်မှုကို ညက အသံကြားတာနဲ့ နောက်ရက်မနက်စောစောမှာပဲ နှာခေါင်းစည်း ဈေးနှုန်းက အဆမတန် ခုန်တက်သွားခဲ့ပါပြီ။
အရေအတွက် ၅ဝ ပါ ဘူးတစ်ဘူးကို ငွေကျပ် ၆၀၀၀ ကျော်အထိ ဖြစ်သွားခဲ့ပါတယ်။ သက်ဆိုင်ရာ အဖွဲ့အစည်းများက ဝိသမလောဘသမားများကို ထိန်းသိမ်းပေးကြပါ။ ဒုတိယလှိုင်းကို ကြိုတင်ကာကွယ် ဒါ့အပြင် YBS မစီးမဖြစ် စီးနင်းနေကြ ရသူတိုင်း လက်ဆေးဂျယ်လေးများကို ဆောင်ထားစေလိုပါတယ်။ ကားပေါ်က ဆင်းဆင်းချင်း မိမိလက်ကို ဂျယ်ဖြင့် သန့်စင်ကြပါ။
နောက်တစ်ခါ စားသောက်ဆိုင်များအနေဖြင့် ပြန်ဖွင့်ဖို့ စစ်ဆေးခံစဉ်က ပြင်ဆင်မှုအတိုင်း အကာအရံများ ပြန်ထားကြပါ။ ဆိုင်ရှေ့မှာ လက်ဆေးကန်များ ပြန်ထားကြပါ။ ဆိုင်လာတဲ့သူတိုင်းကို တစ်ယောက်မကျန် ကိုယ် အပူချိန်တိုင်းဖြစ်အောင်တိုင်းကြပါ။ မြို့နယ်က တာဝန်ရှိသူများကလည်း စားသောက်ဆိုင်များ စစ်ဆေးမှုကို မကြာမကြာ ပြုလုပ် ပေးကြပါ။ လျှပ်တစ်ပြက် ရှောင်တခင် ဝင်ရောက်စစ်ဆေးပေးကြပါ။ လမ်းသွားလမ်းလာများကို နှာခေါင်းစည်း အမြဲတပ်ဆင်ဖို့ သတိပေးနှိုးဆော်မှုတွေ ပြုလုပ်ပေးကြပါ။
ညွှန်ကြားချက်များကို လိုက်နာခြင်းမရှိပါ က ထိထိရောက်ရောက်အရေးယူခြင်းဖြင့် ကိုဗစ်-၁၉ ကို ကာကွယ်အနိုင်ယူကြပါစို့။
တင်ဝင်းလေး(ကြည့်မြင်တိုင်)


