ဒေါက်တာခိုင်ခိုင်ဝင်း

 

မွေးရာပါဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ ကိုယ်ကာယ၊ အမြင်၊ အပြော၊ အကြား၊ အသိဉာဏ်၊ စိတ်ပိုင်း၊ ဉာဏ်ရည် ဉာဏ်သွေးပိုင်း၊ အာရုံခံစားမှုပိုင်း ဆိုင်ရာတစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍ ချို့ယွင်းအားနည်းချက်များကို ရေရှည်ခံစားနေရသည့် မသန်စွမ်းသူများသည် ကျန်းမာရေး၊ လူမှုရေး၊ ပညာရေး၊ စီးပွားရေး ထောက်ပံ့မှုများကို သန်စွမ်းသူများထက် ပိုမိုလိုအပ်ပါသည်။ တစ်ချိန်တည်းမှာပင် သတင်းအချက်အလက် ရယူသုံးစွဲခွင့်လည်း သန်စွမ်းသူများနည်းတူ ရရှိခံစားခွင့် ရှိရမည်ဖြစ်ပါသည်။ ဆိုရလျှင် သန်စွမ်းသူများရရှိခံစားခွင့်ရှိသည့် မွေးရာပါ အခွင့်အရေးများအတိုင်း မသန်စွမ်းသူများလည်း ရရှိခံစားခွင့် ရှိရမည်ဖြစ်ပါသည်။ မသန်စွမ်းမှုသည် အသက်အရွယ်မရွေး၊ ကျား/မ မရွေး၊ ဆင်းရဲ ချမ်းသာမရွေး၊ လူမျိုး၊ ဘာသာမရွေး ဖြစ်နိုင်သည့်အတွက် နေရာတိုင်းတွင် မသန်စွမ်းသူများ ရှိနေပါသည်။

 

တစ်ကမ္ဘာလုံးသို့ ပျံ့နှံ့ဖြစ်ပေါ်လျက်ရှိ

 

၂၀၁၉ နှစ်ကုန်ပိုင်းတွင် တရုတ်နိုင်ငံမှ အစပျိုး ဖြစ်ပေါ်ခဲ့သည့် ကိုဗစ်-၁၉ ရောဂါသည် ယနေ့အချိန်အခါတွင် တစ်ကမ္ဘာလုံးသို့ ပျံ့နှံ့ဖြစ်ပေါ်လျက်ရှိပြီး ရောဂါ၏ နောက်ဆက်တွဲ ဆိုးကျိုးသက်ရောက်မှုများကြောင့် ကမ္ဘာ့နိုင်ငံများရှိ ပြည်သူများ၏ ကျန်းမာရေး၊ စီးပွားရေးအထူးသဖြင့် ကုန်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းများ၊ ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းများတွင် ဆိုးရွားစွာ ထိခိုက်ခံစားနေကြရပါသည်။ နိုင်ငံအလိုက် စီးပွားပျက်ကပ်များဖြစ်ပေါ်လာနိုင်ပြီး အလုပ်အကိုင် ရှားပါးမှု၊ ဝင်ငွေကျဆင်း နည်းပါးလာနိုင်မှုနှင့် ဆင်းရဲမှုများ ပိုလာနိုင်သည်လည်း ဖြစ်ပါသည်။ ။

 

ကိုဗစ်-၁၉ ရောဂါသည် မသန်စွမ်းတို့အပေါ် မည်သို့ သက်ရောက်မှုများ ရှိလာနိုင်ပါသနည်း

 

ကိုဗစ်-၁၉ သည် လူသားအားလုံးနှင့် ဆက်နွှယ်နေသည့် ကပ်ရောဂါကြီးတစ်ခု ဖြစ်သည်။ ကိုဗစ်-၁၉ကြောင့် လူသားများအကြား မညီမျှမှုများ၊ ခွဲခြားမှုများ ရှိမနေစေရေး ကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်သည်။ မသန်စွမ်းသူများသည် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှု ဖြစ်နိုင်ခြေ များကြပြီး အထူးသဖြင့် ဖွံ့ဖြိုးဆဲနှင့် ဖွံ့ဖြိုးမှု နောက်ကျသည့်နိုင်ငံ တစ်နည်းအားဖြင့် ဝင်ငွေနည်းပါးသည့် နိုင်ငံများရှိ မသန်စွမ်းသူများသည် ရောဂါကူးစက်ခံရမှု ပိုမိုဖြစ်လွယ်သည်ဟု ဆိုပါသည်။ သည့်အတွက် နိုင်ငံများအနေဖြင့် မသန်စွမ်းသူအား ပိုမိုကြည့်ရှုစောင့်ရှောက်ရန် လိုအပ်ပါသည်။ မသန်စွမ်းသူများအားလည်း လူသားများအဖြစ် ထည့်သွင်းမြင်ယောင် စဉ်းစားရင်း ၎င်းတို့အတွက် လိုအပ်နေသည့် ကျန်းမာရေး စောင့်ရှောက်မှုများ၊ နေထိုင်စားသောက်မှုများအတွက်၊ ထောက်ပံ့မှုများနှင့် စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုရရှိစေရေး တို့အတွက် ဆောင်ရွက်ပေးဖို့ရာ လိုအပ်ပါသည်။ ။

 

၂၀၁၅ ခုနှစ်တွင် မြန်မာနိုင်ငံမှ ပြဋ္ဌာန်းခဲ့သည့် မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေ အခန်း (၆) အပိုဒ် ၂၆ တွင် “မသန်စွမ်းသူများသည် နိုင်ငံတော်က ဆောင်ရွက်လျက်ရှိသော ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ အခွင့်အရေးများကို ခံစားခွင့်ရှိသည်” ဟုဖော်ပြထားသည်ဖြစ်ရာ နိုင်ငံတော်မှ ပြည်သူများ၏ ကျန်းမာရေးအတွက် ဆောင်ရွက်လျက်ရှိသည့် အစီအစဉ်၊ စီမံချက်၊ လုပ်ငန်းစဉ်များတွင် မသန်စွမ်းများအား မဖြစ်မနေ ထည့်သွင်းစဉ်းစား ဆောင်ရွက်ပေးရမည် ဖြစ်ပါသည်။ ။

 

လက်သင်္ကေတ ဘာသာပြန်ဆရာများထားရှိ

 

ယခုကဲ့သို့ ကပ်ရောဂါဖြစ်ပွားနေသည့်ကာလတွင် ကျန်းမာရေးဆိုင်ရာ သတင်းအချက်အလက်များ ရရှိရေးသည် လွန်စွာမှပင် အရေးကြီးလှပါသည်။ သာမန်အချိန်မှာပင် မသန်စွမ်းသူများအတွက် သတင်းအချက်အလက်များ ရရှိရေးတွင် အတားအဆီး (Barrier) များရှိနေသည်ဖြစ်ရာ ယခု ကိုဗစ်-၁၉ နှင့်စပ်လျဉ်းပြီး သတင်းအချက်အလက်များကို လက်လှမ်းမီရရှိဖို့ရာအတွက် အထူးတလည် ဆောင်ရွက်ပေးဖို့ရာ လိုအပ်ပါသည်။ ကိုဗစ်-၁၉ နှင့်စပ်လျဉ်းသည့် သတင်းကြေညာချက်များ၊ ထုတ်ပြန်ချက်များ၊ ဆွေးနွေးမှုများအား အကြားအာရုံ မသန်စွမ်းသူများ အချိန်နှင့်တစ်ပြေးညီ မှန်ကန်သည့် သတင်းအချက်အလက်များ ရရှိနိုင်ဖို့ရာ Sign language Instructor လက်သင်္ကေတ ဘာသာပြန် ဆရာများထားရှိပြီး ဆောင်ရွက်ပေးဖို့ရာ လိုအပ်ပါသည်။

 

 

ရပ်ကွက်အတွင်း လှည့်လည်၍ လက်ကိုင်အသံချဲ့စက်ဖြင့် ကျန်းမာရေးအသိပညာပေး ကြေညာမှုများသည် အကြားအာရုံ မသန်စွမ်းသူများအတွက် ထိရောက်မှုမရှိသည့်အတွက် ၎င်းတို့နေထိုင်ရာ အိမ်များသို့ သွားရောက်၍ ကျန်းမာရေးအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းက ပိုမိုထိရောက်သည်လည်း ဖြစ်ပါသည်။ အကြားအာရုံ သန်စွမ်းသော်လည်း အမြင်အာရုံအားနည်းပြီး မသန်စွမ်းဖြစ်နေသူများအတွက်မူ အထူးပြုလုပ်ထားသည့် Braille paper (ဘရေးလ်စက္ကူ) များဖြင့် သတင်းအချက်အလက် ဖြန့်ဝေဖို့ရာ လိုအပ်ပါသည်။ ကိုဗစ်-၁၉ ကာလ အတွင်း သတင်းအချက်အလက် မှန်မှန်ကန်ကန်နှင့် မြန်မြန်ဆန်ဆန် ရရှိရေးသည် မသန်စွမ်းသူများအတွက် အထူးတလည် အရေးကြီးသည်လည်း ဖြစ်ပါသည်။ ။

 

ကိုဗစ်-၁၉ နှင့်စပ်လျဉ်းပြီး နိုင်ငံများမှ ၎င်းတို့နိုင်ငံအတွင်းရှိ ပြည်သူများအတွက် ကူညီထောက်ပံ့ရန် စီစဉ်ထားသည့် စီမံချက်များ၊ ကျန်းမာရေး စီမံချက်များ၊ လုပ်ငန်းစဉ်များအားလုံးတွင် သန်စွမ်းသူ၊ မသန်စွမ်းသူအားလုံး အကျုံးဝင် ပါဝင်နိုင်ရေး ထည့်သွင်းစဉ်းစားဖို့ရာ လိုအပ်ပါသည်။ ထောက်ပံ့မှုများ မှန်မှန်ကန်ကန် ထိထိရောက်ရောက်နှင့် မသန်စွမ်းသူတို့လက်ဝယ် ရောက်ရှိရေးမှာလည်း အရေးကြီးလှပါသည်။ ရုပ်ပိုင်းဆိုင်ရာ ကူညီထောက်ပံ့မှုများသည်လည်း အရေးကြီးသလို မသန်စွမ်းသူ တစ်ဦးအတွက် စိတ်ပိုင်းဆိုင်ရာ အားပေးကူညီမှုသည်လည်း အရေးကြီးလှပါသည်။ ကိုဗစ်ကာလတွင်သာမဟုတ် ကိုဗစ်အလွန်ကာလများအတွက်လည်း ကြိုတင်စဉ်းစား အဖြေ ရှာထားရမည် ဖြစ်ပါသည်။ ။

 

တိုင်ပင် ဆွေးနွေးအဖြေရှာ

 

ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု ကာလအတွင်း စိတ်ကျန်းမာရေးနှင့် စိတ်ပိုင်း၊ လူမှုရေးပိုင်းဆိုင်ရာများနှင့် စပ်လျဉ်း၍ မသန်စွမ်းသူများအတွက် ထုတ်ပြန်ကြေညာချက်များ ထားရှိရန် လိုအပ်ပါသည်။ မသန်စွမ်းသူတစ်ဦး ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရခြင်း သို့မဟုတ် အသွားအလာ ကန့်သတ်စောင့်ကြည့်ခံရပါက အဆိုပါ မသန်စွမ်းသူအတွက် စိတ်ကျန်းမာရေးနှင့် စိတ်ပိုင်း၊ လူမှုရေးပိုင်းဆိုင်ရာ ထောက်ပံ့ပေးရန် အထူးတလည် လိုအပ်ပါသည်။ ခွဲခြားဆက်ဆံမှု မပြုမိစေရေး လွန်စွာမှ အရေးကြီးလှပါသည်။ Social Distancing အတွက် အနည်းဆုံး ခြောက်ပေအကွာမှ  နေထိုင်ပြောဆိုသင့်သော်လည်း အချို့သော မသန်စွမ်းများအတွက် တစ်ဦးတည်း နေထိုင်နိုင်ရေးမှာ အခက်အခဲရှိနိုင်သည့်အတွက် အကူလူတစ်ဦးပါရှိမှသာ အဆင်ပြေနိုင်သည်ဖြစ်ရာ ၎င်းတို့အတွက် ကြိုတင်စဉ်းစားစီစဉ်ပေးဖို့ရာ လိုအပ်ပါသည်။ နိုင်ငံတော်အစိုးရမှ တာဝန်ရှိသူများသည် မသန်စွမ်းသူများအရေးနှင့်စပ်လျဉ်းပြီး နိုင်ငံအတွင်းရှိ မသန်စွမ်းအဖွဲ့အစည်းများနှင့် နီးနီးကပ်ကပ် တိုင်ပင်ဆွေးနွေးအဖြေရှာရမည်လည်း ဖြစ်ပါသည်။ ။

 

ကိုဗစ်-၁၉ ကာလအတွင်း ကမ္ဘာ့နိုင်ငံများရှိ မသန်စွမ်းများအတွက် ဖြည့်ဆည်းဆောင်ရွက်မှုများ ရှိသော်လည်း တစ်နိုင်ငံနှင့်တစ်နိုင်ငံ မတူညီကြပါ။ ဥပမာ ကိုလံဘီယာနိုင်ငံ မသန်စွမ်းကျောင်းများတွင် နေထိုင်သူ မသန်စွမ်းများအတွက်နှင့် သက်ကြီးရွယ်အိုများအတွက် စေတနာ့ဝန်ထမ်းများ ဖိတ်ခေါ်၍ မသန်စွမ်းသူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက် ပေးခြင်းမျိုး ဆောင်ရွက်လျက်ရှိသည်ဟု သိရပါသည်။ အဓိကအားဖြင့် ၎င်းတို့အား ပစ်ပယ်မထားဘဲ သန်စွမ်းသူများနည်းတူ တစ်ပြေးညီ သဘောထား ဆက်ဆံကူညီ ပေးရမည်ဖြစ်ပါသည်။

 

စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ မရရှိစေရေး

 

မြန်မာနိုင်ငံအနေဖြင့်လည်း မသန်စွမ်းသူများအား ကာကွယ်စောင့်ရှောက်ရေးအတွက် မသန်စွမ်းသူများ ကိုဗစ်-၁၉ အရေးပေါ်တုံ့ပြန်ရေး ပူးပေါင်းကော်မတီဖွဲ့စည်းပြီး မသန်စွမ်းသူများအတွက် ဆောင်ရွက်ပေးနေမှုများ၊ ကိုဗစ်-၁၉ ကာလအတွင်း ထိခိုက်လွယ် အုပ်စုတွင် ပါဝင်သည့် မသန်စွမ်းသူများအတွက် ငွေကြေးထောက်ပံ့ခြင်း အစီအစဉ်များဖြင့် ဆောင်ရွက်ပေးနေသည်ကို တွေ့ရှိရပါသည်။ ကောင်းမွန်လှသည့် အစီအစဉ်၊ စီမံချက်များ ဖြစ်ပါသည်။ မသန်စွမ်းဦးရေ အချက်အလက် မှန်မှန်ကန်ကန်၊ နေထိုင်ရာနေရာများ တိတိကျကျနှင့် သတင်းအချက်အလက်များ ရရှိထားရန်လိုအပ်ပြီး အကူအညီ အထောက်အပံ့များအား မြန်ဆန်စွာရရှိရေးနှင့် မသန်စွမ်းအားလုံး အကျုံးဝင်ပါဝင်နိုင်ရေး တာဝန်ရှိသူများအချင်းချင်း ချိတ်ဆက်ဆောင်ရွက်ဖို့ရာလည်း အရေးကြီးပါသည်။ မသန်စွမ်းသူတစ်ဦး စောင့်ကြည့်လူနာအဖြစ် သတ်မှတ်ခံရခြင်းမျိုးရှိပါက ၎င်းအတွက် သို့မဟုတ် ၎င်းတို့အတွက် (အကူတစ်ဦးပါမှ လှုပ်ရှားသွားနိုင်သူ) တို့အား ထားရှိမည့် နေရာသတ်မှတ်ခြင်း၊ ၎င်းတို့အတွက် အတားအဆီးများသော လှုပ်ရှားသွားလာရန် ခက်ခဲသည့်နေရာမဖြစ်စေရေး၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ မရရှိစေရေး စဉ်းစားစီစဉ် ဆောင်ရွက်ပေးရမည် ဖြစ်ပါသည်။

 

 

အချုပ်အားဖြင့်ဆိုရသော် ကမ္ဘာ့နိုင်ငံအများအပြားတွင် ဖြစ်ပေါ်လျက်ရှိပြီး လူပေါင်းများစွာ ထိခိုက်ပျက်စီး ဆုံးရှုံးနေရသည့် ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ ကာကွယ်နိုင်ရေးအတွက် နိုင်ငံများသည် အမျိုးသားအဆင့် စီမံချက်၊ စီမံကိန်းများ ချမှတ်ဆောင်ရွက်လျက်ရှိရာတွင် ထိခိုက်လွယ်အုပ်စုတွင် ပါဝင်သည့် မသန်စွမ်းသူများအား ထည့်သွင်းစဉ်းစားပေးရန် လိုအပ်ပါကြောင်းနှင့် မသန်စွမ်းသူများ ကိုဗစ်-၁၉ ရောဂါနှင့်စပ်လျဉ်းပြီး သတင်းအချက်အလက် မြန်မြန်ဆန်ဆန်ရရှိရေး၊ အကူအညီ အထောက်အပံ့များ ရရှိရေး၊ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုများရရှိရေး၊ မသန်စွမ်းသူကိုယ်တိုင်နှင့် အတူနေ မိသားစုဝင်များအား ကိုဗစ်-၁၉နှင့် စပ်လျဉ်းသည့် ကျန်းမာရေးအသိပညာများ၊ ဆောင်ရန်ရှောင်ရန်များ၊ အသိပညာပေး ဆောင်ရွက်မှုများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ပေးရေးနှင့် ကိုဗစ်-၁၉ ရောဂါ မှေးမှိန် ပျောက်ကွယ်သွားမည့် ကိုဗစ်အလွန်ကာလများအတွက်လည်း မသန်စွမ်းတို့အရေး ထည့်သွင်း စဉ်းစားဆောင်ရွက်ပေးဖို့ရာ အရေးကြီးပါကြောင်း ရေးသားလိုက်ရပါသည်။