ကိုဗစ်-၁၉ အတွက် အရေးပါသည့်ကာကွယ်ဆေး

 

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလတွင် SARS-CoV-2  ဗိုင်းရပ်စ်၏ မျိုးရိုးဗီဇကို ဖော်ထုတ်နိုင်ပြီးချိန်မှအစပြုပြီး  ကာကွယ် ဆေးထုတ်လုပ်သည့်လုပ်ငန်းများ စတင်ခဲ့သည်။ လူသားများတွင် ကာကွယ်ဆေး ဘေးကင်းမှုရှိ၊ မရှိ  စမ်းသပ်မှုများကို  ပထမဆုံးအနေဖြင့်  မတ်လတွင် စတင်ခဲ့သည်။

 

လက်ရှိအနေအထားတွင်  ကမ္ဘာတစ်ဝန်းရှိ    သုတေသီများက ကိုဗစ်-၁၉ ကို ကာကွယ်ရန်အတွက် ကာကွယ် ဆေးအမျိုးပေါင်း ၃၂၀  ကို စမ်းသပ်လေ့လာလျက်ရှိသည်ဟု  သိရသည်။ ယေဘုယျအားဖြင့်  ကာကွယ်ဆေးထုတ်လုပ်မှု လုပ်ငန်းစဉ်သည်  လက်တွေ့အသုံးပြုနိုင်သည့်အဆင့်  မရောက်မီ နှစ်ပေါင်းများစွာ သုတေသနပြုရန် လိုအပ် သည်။ သို့ရာတွင် လက်ရှိ ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွား မှုကို အမြန်ဆုံးထိန်းချုပ်နိုင်ရန်အတွက် သိပ္ပံပညာရှင်များက လာမည့်နှစ်တွင် လုံခြုံစိတ်ချရပြီး ထိရောက်သော  ကာကွယ်ဆေးကိုထုတ်လုပ်ရန် အပြိုင်အဆိုင် အားထုတ် ကြိုးပမ်းနေကြခြင်း ဖြစ်သည်။

 

ကာကွယ်ဆေးစမ်းသပ်သည့်အဆင့်များ

 

ကာကွယ်ဆေး    စမ်းသပ်ခြင်းလုပ်ငန်းစဉ်တွင် ကနဦးအဆင့်မှာ  ကြိုတင်စမ်းသပ်မှုဖြစ်ပြီး  ဘေးကင်း လုံခြုံမှုနှင့် အာနိသင်ရှိ၊ မရှိကို ကြွက် သို့မဟုတ် မျောက် ကဲ့သို့ တိရစ္ဆာန်များတွင်  ထိုးနှံစမ်းသပ်ခြင်း  ဖြစ်သည်။

(အဆင့် - ၁)  မှာ  လူသားများတွင်  ဘေးကင်းလုံခြုံမှုနှင့် အာနိသင်ရှိနိုင်မည့်ပမာဏကို   စမ်းသပ်ရန်   လူအရေအတွက် အနည်းငယ်အား  အသိပေးခွင့်ပြုချက်ရယူပြီး  ကာကွယ်ဆေးထိုးနှံ စောင့်ကြည့်လေ့လာခြင်းဖြစ်သည်။ (အဆင့် - ၂) တွင် ကလေးများနှင့် သက်ကြီးရွယ်အိုများ ကဲ့သို့သော အုပ်စုများအပါအဝင် ရာနှင့်ချီသော လူများအား  ကာကွယ်ဆေးထိုးနှံပြီး         စောင့်ကြည့်လေ့လာခြင်း ဖြစ်သည်။ ဤအဆင့်သည် ကာကွယ်ဆေး၏ ဘေးကင်း စိတ်ချရမှုနှင့်  ကိုယ်ခံစွမ်းအားစနစ်  လှုံ့ဆော်နိုင်စွမ်းကို ထပ်မံစစ်ဆေးစမ်းသပ်ခြင်းဖြစ်သည်။ (အဆင့်- ၃) တွင်   လူထောင်ပေါင်းများစွာကို    ကာကွယ်ဆေးထိုးပေးပြီး ရောဂါကူးစက်ခံရသူမည်မျှရှိသည်ကို      စောင့်ကြည့် လေ့လာခြင်းဖြစ်သည်။   ထို့နောက်   နောက်ဆုံးအဆင့် အနေဖြင့် အသိအမှတ်ပြု လိုင်စင်ရရှိ၍   ဈေးကွက်တွင်  ရောင်းချပြီး  နောက်တွင်လည်း   ဆက်လက်စောင့်ကြပ် ကြည့်ရှုလေ့လာခြင်းတို့ကို       တစ်ဆင့်ပြီးတစ်ဆင့် စနစ်တကျဆောင်ရွက်ရသည်။

 

ရှေ့မှဦးဆောင်နေသည့် ကိုဗစ်-၁၉  ရောဂါကာကွယ်ဆေးများ

 

(အဆင့်- ၃) ရောက်နေသည့်ကာကွယ်ဆေး ၁၁ ခု  အနက် တရုတ်နိုင်ငံ ဝူဟန်ပြည်နယ်က ထုတ်လုပ်သည့် Ad5-nCoV ၊ အောက်စ်ဖို့တက္ကသိုလ်က ထုတ်လုပ်သည့်  AZD1222 ၊    Sinovac   သုတေသနအဖွဲ့အစည်းက ထုတ်လုပ်သည့် CoronaVac ၊  Johnson &  Johnson ကုမ္ပဏီကထုတ်လုပ်သည့် JNJ-78436735 ၊ Moderna က ထုတ်လုပ်သည့် mRNA-1273 ၊ Henan Provincial  Center for Disease Control and Prevention က ထုတ်လုပ်သည့် အမည်မပေးရသေးသော ကာကွယ်ဆေး၊ Novavax ကုမ္ပဏီက ထုတ်လုပ်သည့် NVX-CoV2373 စသည်တို့  ပါဝင်ကြောင်း သိရသည်။ (အဆင့်-၂) နှင့်  (၃)  အကြားရောက်ရှိနေသည့် ကာကွယ်ဆေးများမှာ မဲလ်ဘုန်း တက္ကသိုလ်က  စမ်းသပ်နေသည့် BCG ကာကွယ်ဆေး၊ အိန္ဒိယနိုင်ငံ  Bharat Biotech  ကုမ္ပဏီ၏ Covaxin ၊  Zydus Cadila   ကုမ္ပဏီ၏   ZyCoV-D   တို့ဖြစ်ကြပြီး  (အဆင့်- ၁) နှင့် (၂) အကြား ရောက်နေသည့် ကာကွယ်ဆေး များမှာ ဂျပန်နိုင်ငံ AnGes ကုမ္ပဏီ၏ AG0301-COVID19 နှင့် ရုရှားနိုင်ငံ Gamaleya သုတေသနဌာန၏ Sputnik V စသည်တို့ဖြစ်ကြသည်။

 

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများနှင့် သုတေသနကျင့်ဝတ်

 

အမေရိကန်နိုင်ငံ အစားအသောက်နှင့် ဆေးဝါးကြီးကြပ် ရေးဌာန (FDA) က ကိုဗစ်-၁၉  ရောဂါ   ကာကွယ်ဆေးကို   အရေးပေါ် သို့မဟုတ် အပြည့်အဝထုတ်လုပ်သုံးစွဲခွင့်ပြု၊  မပြု  ဆုံးဖြတ်ချက်အား  သုတေသန  စမ်းသပ်လေ့လာစစ် ဆေးမှုများအဆင့်ဆင့်ပြုလုပ်၍ ရရှိလာသော ရလဒ်များ အပေါ်အခြေခံပြီး    ချမှတ်သွားမည်ဖြစ်ကြောင်း၊   မိမိတို့ မိသားစုများအား ကိုယ်တိုင်စိတ်ချလက်ချ   မထိုးပေးနိုင်သည့် ဆေးမျိုးကို ခွင့်ပြုပေးသွားမည်မဟုတ်ကြောင်း၊ ထို့အပြင်  ကာကွယ်ဆေးစမ်းသပ်စစ်ဆေး အတည်ပြုသည့်လုပ်ငန်းစဉ်တွင် နိုင်ငံရေးအရ ဝင်ရောက်စွက်ဖက်မှုမျိုးကို ခွင့်ပြုမည် မဟုတ်ကြောင်း     ပြောကြားခဲ့သည်။  

 

 မကြာသေးမီကပင် ကာကွယ်ဆေးထုတ်လုပ်မှုတွင် ဦးဆောင်နေသည့် ကုမ္ပဏီ ကိုးခုက    သုတေသနကျင့်ဝတ်များနှင့်အညီ   သိပ္ပံနည်းကျ မှန်ကန်သည့် အချက်အလက်များအပေါ်အခြေခံပြီး ပူးပေါင်း ဆောင်ရွက်သွားရန် သဘောတူခဲ့ကြသည်။

 

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများအပေါ် ပြည်သူလူထု၏ တုံ့ပြန်မှု

 

အမေရိကန်နိုင်ငံအနေဖြင့် စမ်းသပ်ဆဲ ကာကွယ်ဆေး တချို့  သုံးစွဲခွင့်အတည်ပြုချက်   ရလျှင်ရချင်း   အမြန်ဆုံး ထုတ်လုပ်အသုံးပြုနိုင်ရန် ပြင်ဆင်လျက်ရှိသည်။ တစ်ချိန်တည်းမှာပင်  အဆိုပါ  ကာကွယ်ဆေးများအပေါ်  ပြည်သူလူထု၏အမြင်ကို စစ်တမ်းကောက်ယူခဲ့ရာ  ၂၀၂၀ ပြည့်နှစ်   မေလအတွင်းက အမေရိကန်ပြည်သူလူထု၏ ၇၂ ရာခိုင်နှုန်း က စိတ်ချယုံကြည်စွာ ထိုးနှံမည်ဟု တုံ့ပြန်ခဲ့သော်လည်း  လက်ရှိအချိန်တွင် ၅၁ ရာခိုင်နှုန်းအထိ ကျဆင်းသွားကြောင်း၊ ပြည်သူလူထုအများစုအနေဖြင့်    ကာကွယ်ဆေးများ၏ ဘေးကင်းလုံခြုံမှုနှင့်   ထိရောက်မှုများကို   အပြည့်အဝ၊ စမ်းသပ် သုတေသနပြုမှုများမပြီးမီ အလျင်အမြန်အတည်ပြု မည်ကို   စိုးရိမ်နေကြကြောင်း  သိရှိရသည်။     မြန်မာနိုင်ငံ   ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ မကြာသေးမီက ထုတ်ပြန်ချက်တွင်  ယခုအချိန်အထိ  ကမ္ဘာ့ကျန်းမာရေးအဖွဲ့ က အသိအမှတ်ပြုထောက်ခံသော ကိုဗစ်-၁၉ ရောဂါကာ ကွယ်ဆေး မရှိသေးကြောင်း၊ သို့ဖြစ်၍  လူမှုကွန်ရက်များ၊   အင်တာနက်စာမျက်နှာများနှင့်   အွန်လိုင်း  ဈေးကွက်များတွင်  ကြေညာနေသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ကို  ဝယ်ယူသုံးစွဲခြင်းမပြုရန်  လိုအပ်ကြောင်း ဖော်ပြထားသည်။

 

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများနှင့်  ဗိုင်းရပ်စ်၏ မျိုးရိုးဗီဇပြောင်းလဲမှု

 

ကမ္ဘာတစ်လွှားတွင်   SARS-CoV-2   ဗိုင်းရပ်စ်၏ မျိုးရိုးဗီဇပြောင်းလဲမှုများ ဖြစ်ပေါ်ပျံ့နှံ့လျက်ရှိရာ အဆိုပါ ပြောင်းလဲမှုများက ကာကွယ်ဆေးများ၏   အာနိသင်အပေါ် ထိခိုက်နိုင်မှု  ရှိ၊  မရှိအပေါ်  စိုးရိမ်မှုများ  ရှိလာကြသည်။ သို့ရာတွင်  ယနေ့အချိန်အထိ  သုတေသနရလဒ်များအရ SARS-CoV-2 ဗိုင်းရပ်စ်၏ မျိုးရိုးဗီဇပြောင်းလဲနှုန်း (Mutation rate)သည်  ရာသီတုပ်ကွေးဗိုင်းရပ်စ်၊  သွေးလွန်တုပ်ကွေး ဗိုင်းရပ်စ်စသော ဗိုင်းရပ်စ်များနှင့် နှိုင်းယှဉ်လျှင်  နိမ့်ကျကြောင်း တွေ့ရသည်။  ထို့အပြင်  ကမ္ဘာတစ်လွှားကို  ပျံ့နှံ့လွှမ်းမိုးလျက်ရှိသော   ဗိုင်းရပ်စ်အများစု၏   D614G  မျိုးရိုးဗီဇပြောင်းလဲမှုသည်  ဗိုင်းရပ်စ်၏  Spike  protein အတွင်းရှိနေသော် လည်း  လူ့ခန္ဓာကိုယ်ဆဲလ်မျက်နှာပြင်ရှိ   ACE2  receptor နှင့် ပေါင်းစပ်သည့်အစိတ်အပိုင်းအတွင်း  မရှိကြောင်း  သိရှိရသည်။   သို့ဖြစ်၍  လက်ရှိဖြစ်ပေါ်နေသည့်  ဗိုင်းရပ်စ်များ၏      မျိုးရိုးဗီဇပြောင်းလဲမှုများသည်       ကာကွယ်ဆေး များ၏     အာနိသင်အပေါ်    ထိခိုက်နိုင်ဖွယ်မရှိဟု မျှော်လင့်ရသည်။

 

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများနှင့် ဦးစားပေးအစီအစဉ်

 

အတိတ်က ကာကွယ်ဆေးများဖြန့်ချိရာတွင် ကြုံတွေ့ခဲ့ရသည့် အတွေ့အကြုံများအရ  ကမ္ဘာ့ကျန်းမာရေးအဖွဲ့အနေဖြင့်  ကာကွယ်ဆေးများကို  ဆင်းရဲသည့် (ကျန်းမာရေး စောင့်ရှောက်မှုအားနည်းသည့်) နိုင်ငံများကို ဦးစားပေးရန် တိုက်တွန်းထားသည်။ အလားတူပင် နိုင်ငံတစ်ခုစီအတွင်း တွင်လည်း  ကူးစက်ခံရနိုင်ခြေအများဆုံး၊  သေဆုံးနိုင်ခြေ အများဆုံးသော သူများကို ဦးစားပေးထိုးနှံရန် အကြံပြုထားသည်။ အမေရိကန်ပြည်ထောင်စုအနေဖြင့် ရေးဆွဲထား သော  ကာကွယ်ဆေးဦးစားပေးအစီအစဉ်အရ  ပထမအဆင့်တွင်   ကျန်းမာရေးစောင့်ရှောက်မှု ဝန်ထမ်းများကို လည်းကောင်း၊ ဒုတိယအဆင့်တွင်  ရောဂါအခံရှိသူများ၊ သက်ကြီးရွယ်အိုများ၊    လူနေထူထပ်စွာ နေရသူများကို   လည်းကောင်း၊   တတိယအဆင့်တွင်    လူအများစုနှင့် တိုက်ရိုက်ထိတွေ့ဆက်ဆံနေပြီး ဝန်ဆောင်မှုပေးရသည့် အစိုးရ၊  ပုဂ္ဂလိကဝန်ထမ်းများ၊  ဆရာ  ဆရာမများကို လည်းကောင်း၊ စတုတ္ထအဆင့်တွင် ကလေးများနှင့် လူငယ်  များကိုလည်းကောင်းစသည်ဖြင့်     ဦးစားပေးထိုးနှံရန် ဖော်ပြထားသည်။

 

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများနှင့် ၎င်းတို့၏ဘေးကင်းစိတ်ချရမှု

 

ကိန်းဘရစ်တက္ကသိုလ်နှင့်    အမေရိကန်နိုင်ငံ National Institute of Allergy and Infectious Diseases တို့သည် Moderna ကာကွယ်ဆေးကို (အဆင့်-၁) အနေ ဖြင့် အသက် ၅၆ နှစ်အထက် လူ ၄၀ တွင်လည်းကောင်း၊  ရုရှားနိုင်ငံသည် ကာကွယ်ဆေးကို အသက် ၁၆ နှစ်နှင့်  ၆ဝ အကြား ကျန်းမာသောအမျိုးသား၊ အမျိုးသမီး ၇၆ ဦးတို့အားလည်းကောင်း   အသိပေးခွင့်ပြုချက်ရယူပြီး စမ်းသပ်ခဲ့ကြပါသည်။  ထိုအခါ  ကာကွယ်ဆေးထိုးနှံ ထားသူများတွင် ထိုရောဂါကူးစက်ခံရပြီး ပြန်လည်နာလန် ထလာသူများကဲ့သို့     ဗိုင်းရပ်စ်ကို    ချေဖျက်နိုင်သည့်  ပဋိပစ္စည်းများထွက်ပေါ်လာကြောင်း၊ ဘေးထွက်ဆိုးကျိုး  ကြီးကြီးမားမားမရှိကြောင်း  တွေ့ရသည်။  အောက်စ်ဖို့ တက္ကသိုလ်က ထုတ်လုပ်သည့် AZD1222 ၏ (အဆင့် - ၃)  စမ်းသပ်မှုတွင်     ပါဝင်သူတစ်ဦးသည်    ဦးနှောက် အာရုံကြောမကြီး ရောင်ရမ်းခြင်းခံစားရသဖြင့် စမ်းသပ်မှု ကို ခေတ္တရပ်ဆိုင်းခဲ့ရသည်။ သို့ရာတွင် ထိုသို့ဖြစ်ပွား ရသည့်အကြောင်းကို စစ်ဆေးဖော်ထုတ်ပြီး ရက်အနည်း ငယ်အကြာတွင်  (အဆင့်- ၃) စမ်းသပ်မှုကို  ပြန်လည် စတင်နိုင်ခဲ့ကြောင်း သိရသည်။   

 

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများနှင့် New Normal

 

ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပြီး ပြန်လည်သက်သာ လာသည့်လူနာများတွင်  ဗိုင်းရပ်စ်ကို ချေဖျက်နိုင်သည့် ပဋိပစ္စည်းထွက်ပေါ်လာမှုကို       တိုင်းတာကြည့်ရာ လူနာများ၏ ၉၀ ရာခိုင်နှုန်းခန့်တွင်  လေးလခန့်ကြာသည် အထိ  ရောဂါကာကွယ်နိုင်သည့် ပဋိပစ္စည်းပမာဏကျန်ရှိကြောင်း သိရှိရသည်။  သို့ဖြစ်၍ ကာကွယ်ဆေးများ ထိုးနှံပြီး ထွက်လာမည့်  ပဋိပစ္စည်းများသည်  ခန္ဓာကိုယ်အတွင်း မည်မျှကြာအောင် တည်ရှိနေပြီး   ရောဂါကာကွယ်  ပေးနိုင်မည်နည်းဆိုသည့်အချက်ကို   တိကျစွာခန့်မှန်း နိုင်ခြင်း မရှိသေးပေ။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က မိမိတို့ အနေဖြင့် ကာကွယ်ဆေးနှင့်ပတ်သက်ပြီး  ဘေးအကင်း ဆုံးနှင့် အာနိသင်အကောင်းဆုံးကိုရရှိဖို့ မျှော်လင့်ထားကြသော်လည်း   မျှော်လင့်ထားသကဲ့သို့    ဖြစ်ချင်မှဖြစ်မည် ဆိုသည်ကို  နားလည်ထားဖို့လိုကြောင်း၊  ထိရောက်သည့် ကာကွယ်ဆေးထွက်ပေါ်လာခဲ့လျှင်ပင်  နှာခေါင်းစည်း တပ်ခြင်း၊   လူချင်းခပ်ခွာခွာနေထိုင်ခြင်းစသည့်  ရောဂါကာကွယ်ရေးအတွက်       အခြေခံစည်းကမ်းများကို ဆက်လက်လိုက်နာသွားရန်   လိုအပ်ကြောင်း  သတိပေး ပြောကြားခဲ့ပါသည်။      ။

 

ဒေါက်တာဇင်ဇေယျာဝင်း