ဘာလင် ၁၇ ဧပြီ

 

မကြာသေးမီက နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု အရှိန်မြင့်မားလာခဲ့ပြီးနောက် အသွားအလာ ကန့်သတ်မှုများ ချမှတ်ခြင်း၏ အကျိုးကျေးဇူးကြောင့် ယခုအခါ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း ဂျာမနီ ကျန်းမာရေးဝန်ကြီး ဂျိန်းစ်စပန်က ယနေ့ပြောကြားသည်။

 

မတ်လအလယ်မှစ၍ ချမှတ်သည့် အစိုးရ၏ အသွားအလာကန့်သတ်မှုသည် အောင်မြင်မှုရှိကြောင်း ကျန်းမာရေးဝန်ကြီး စပန်က ဘာလင်မြို့တွင် သတင်းထောက်များအား ပြောကြားသည်။

 

ဂျာမနီအစိုးရသည် နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု ထိန်းချုပ်လာနိုင်သောကြောင့် အသွားအလာ ကန့်သတ်မှုကို ဖြေလျှော့ရန် ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်နေသလို ရောဂါကာကွယ်ရေးအတွက် နှာခေါင်းစည်း ထုတ်လုပ်မှုကိုလည်း အရှိန်မြှင့် လုပ်ဆောင်လျက်ရှိကြောင်း ဝန်ကြီးက ထပ်မံပြောကြားသည်။

 

နိုင်ငံအတွင်းရှိ ပို၍သေးငယ်သော ဈေးဆိုင်များကို လာမည့်သီတင်းပတ်မှစ၍ ဖွင့်လှစ်မည်ဖြစ်သလို စာသင်ကျောင်းများကိုလည်း မေ ၄ ရက်မှ စတင်ဖွင့်လှစ်ပေးရန် အစိုးရက စီစဉ်ထားကြောင်း ဂျာမနီဝန်ကြီးချုပ် အိန်ဂျလာမာကယ်လ်က ဧပြီ ၁၆ ရက် တွင် ပြောကြားသည်။

 

သို့သော် လူနှစ်ဦးနှင့်အထက် စုဝေးခြင်းမပြုရန်နှင့် ကြီးမားသော အများပြည်သူဆိုင်ရာပွဲတော်များ မလုပ်ရန် တားမြစ်ပိတ်ပင်မှုများ အပါအဝင် အခြားကျယ်ကျယ်ပြန့်ပြန့် တားမြစ်ထားသော ကန့်သတ်မှုများကိုမူ ဆက်လက် ပြဋ္ဌာန်းမည်ဖြစ်ကြောင်း သိရသည်။

 

ပြည်သူတို့၏ လုပ်ငန်းများ ပြန်လည် စတင်ရန် ဂျာမနီအစိုးရက ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်လျက် ရှိသည့်အတွက် ကျန်းမာရေးဝန်ကြီး ဌာနအနေဖြင့် လာမည့်ဩဂုတ်လမှစ၍ သီတင်းပတ်တစ်ပတ်လျှင် နှာခေါင်းစည်း သန်း ၅၀ ထုတ်လုပ်သွားမည်ဖြစ်ကြောင်း စပန်က ပြောကြားသည်။

 

ယနေ့ ဒေသစံတော်ချိန် နံနက် ၉ နာရီမှစ၍ ဂျာမနီနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၃၇၆၉၈ ဦး အထိရှိလာပြီး ၎င်းတို့အနက် ၄၀၅၂ ဦး သေဆုံးခဲ့သည်။ သို့သော်လူနာ ၇၇၀၀၀ တို့သည် ပြန်လည်ကျန်းမာလာပြီဖြစ်ကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ်မှ ရရှိထားသော ကိန်းဂဏန်းများအရ သိရသည်။

 

 

ကိုးကား - အေအက်ဖ်ပီ


ဘာသာပြန် - ဂျေတီ