• • • • ကလျာမိုးမြင့် • • • •

 

ကမ္ဘာတစ်ဝန်းမှာ ကိုဗစ်-၁၉ကြောင့် အသက်ဆုံးရှုံးရသူတွေဟာ များသောအားဖြင့် အမျိုးသားတွေ ဖြစ်ကြတယ်လို့ အချက်အလက်တွေမှာ ဖော်ပြထားတာကို သတိပြုမိပါတယ်။ အီတလီ၊ တရုတ်နဲ့ အမေရိကန်ပြည်ထောင်စုတို့မှာ ရောဂါကူးစက်ခံရမှု အဖြစ်အများဆုံးက အမျိုးသားတွေဖြစ်နေပြီး သေဆုံးမှုပမာဏအများဆုံးကလည်း အမျိုးသား တွေပါပဲ။

 

အခြေအနေမတူတဲ့အိန္ဒိယ

 

ဂျွန်ဟော့ကင်းဘလွန်းဘာ့ဂ် ပြည်သူ့ကျန်းမာရေးကျောင်းမှာ ကူးစက်ရောဂါတွေနဲ့ ပတ်သက်ပြီး လိင်ကွဲပြားခြားနားမှုတွေကို လေ့လာနေတဲ့ ဆေးပညာရှင် ဆာဘရာ ကလီအင်က အသက်ကြီး ပုဂ္ဂိုလ်ဖြစ်နေခြင်းထက် အမျိုးသားတစ်ဦးဖြစ်နေခြင်းက ကိုဗစ်-၁၉ ကူးစက်ခံရနိုင်တဲ့ အန္တရာယ်ပိုပြီး များတယ်လို့ ပြောပါတယ်။ ဒါပေမယ့် အထက်မှာ ဖော်ပြထားတဲ့ အခြေအနေတွေဟာ အိန္ဒိယနိုင်ငံအတွက်ကျတော့ ပြောင်းပြန်ဖြစ်နေပါတယ်။

 

အိန္ဒိယနိုင်ငံနဲ့ အမေရိကန်ပြည်ထောင်စုက ဆေးပညာရှင်တစ်စုရဲ့ သုတေသန အသစ်တစ်ရပ်မှာ ဖော်ပြ နေတာက အိန္ဒိယနိုင်ငံမှာ ကိုဗစ်- ၁၉ ရောဂါကူးစက် ဖြစ်ပွားမှုနှုန်းအများဆုံးဟာ အမျိုးသားတွေ ဖြစ်သော် ငြားလည်းပဲ ရောဂါကြောင့် အသက်ဆုံးရှုံးရတဲ့ အရေအတွက်အများဆုံးဟာ အမျိုးသမီးတွေ ဖြစ်နေတယ် ဆိုတာပါပဲ။

 

အမျိုးသမီးတွေပိုများ

 

မေ၂၀ ရက်မတိုင်ခင် အိန္ဒိယနိုင်ငံမှာ ကိုဗစ်-၁၉ ကြောင့် သေဆုံးရမှုတွေအပေါ် အခြေခံတဲ့အဲဒီလေ့လာမှု က အိန္ဒိယနိုင်ငံမှာ ကိုဗစ်- ၁၉ ရောဂါကူးစက်ခံရတဲ့ အမျိုးသမီးတွေအားလုံးရဲ့ ၃ ဒသမ ၃ ရာခိုင်နှုန်းလောက် အထိ သေဆုံးခဲ့ရတယ်လို့ ကနဦးခန့်မှန်းတွက်ချက်မှုတွေကို ဖော်ပြခဲ့ပါတယ်။ အဲဒီလေ့လာမှုကို ဆောင်ရွက်ခဲ့ချိန်က အိန္ဒိယနိုင်ငံမှာ ကိုဗစ်- ၁၉ ကူးစက်ဖြစ်ပွားသူ အရေအတွက် ၁၁၀၀၀၀ နဲ့ သေဆုံးသူ အရေအတွက် ၃၄၃၃ ဦးရှိပြီး အမျိုးသမီးတွေ သေဆုံးမှု ၃ ဒသမ ၁ ရာခိုင်နှုန်း ဖြစ်ပါတယ်။

 

အသက် ၄ဝ နဲ့ ၄၉ ကြား အသက်အုပ်စုထဲမှာ ရောဂါ ကူးစက်ခံရတဲ့ အမျိုးသမီးတွေရဲ့ ၃ ဒသမ၂ ရာခိုင်နှုန်းသေဆုံးရပြီး အမျိုးသားတွေ သေဆုံးမှုကတော့ ၂ ဒသမ ၁ ရာခိုင်နှုန်းဖြစ်တယ်လို့ သိရပါတယ်။ အသက် ၅ နှစ် ကနေ ၁၉ နှစ်အထိ အသက်အုပ်စုအတွင်း သေဆုံးတဲ့ သူတွေကို ကြည့်လိုက်ရင်လည်း မိန်းကလေးတွေချည်းပဲ ဖြစ်နေတာကို တွေ့ရပါတယ်။ ။

 

ဇီဝဆိုင်ရာ အကျိုးအကြောင်းဆက်စပ်မှုတွေရှိ

 

ဟားဗတ်တက္ကသိုလ်က လူထုကျန်းမာရေးဆိုင်ရာ ပါမောက္ခ အက်စ်ဗွီဆပ်ဘရာမာနီယန်က ဒီကိစ္စနဲ့ ပတ်သက်ပြီး ခြုံငုံသုံးသပ်ရမယ်ဆိုရင် အိန္ဒိယနိုင်ငံမှာ ကိုဗစ်-၁၉ကူးစက်ခံလိုက်ရပြီဆိုတာနဲ့ အဲဒီအမျိုးသမီးတွေဟာ သတ်သတ်မှတ်မှတ် ရှင်သန်ရပ်တည်နိုင်တဲ့ အားသာချက်တွေ သိပ်ပြီးရှိပုံမပေါ်ဘူးလို့ ဆိုပါတယ်။

 

ကိုဗစ်-၁၉ ကြောင့် အိန္ဒိယမှာ အမျိုးသားတွေ သေဆုံးမှုထက် အမျိုးသမီးတွေ သေဆုံးမှုနှုန်း ပိုများနေရတာဟာ ဇီဝဆိုင်ရာ အကြောင်းတရားတွေနဲ့ အကျိုးအကြောင်း ဆက်စပ်မှု တစ်ခုခုရှိနေနိုင်သလို လူမှုဘဝဆိုင်ရာ အကြောင်းတရားတွေနဲ့လည်း ပတ်သက်ဆက်နွယ်နေနိုင်တယ်။ ဒါကို ရှင်းရှင်းလင်းလင်း မသိနိုင်သေးဘူး။ အိန္ဒိယ နိုင်ငံရဲ့ နောက်ခံအကြောင်းတရားများစွာထဲမှာ ယောက်ျား ဖြစ်ခြင်း၊ မိန်းမဖြစ်ခြင်းဆိုတဲ့ လိင်ဖြစ်တည်မှုကလည်း အဓိကအကြောင်းတစ်ခု ဖြစ်နိုင်တယ်လို့ ၎င်းကဝေဖန် သုံးသပ်ခဲ့ပါတယ်။

 

ခုခံအားစနစ်ပိုမိုခိုင်မာ

 

ဒါပေမယ့် အမျိုးသားတွေဟာ ကျန်းမာရေးဆိုင်ရာ ပြဿနာတွေ ဥပမာ - နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေနဲ့ သွေးတိုးရောဂါတွေမှာလည်း ပိုမိုအဖြစ်များတတ်ကြတယ်လို့ ကျွမ်းကျင်သူတစ်ဦးက ထောက်ပြပါတယ်။ ကမ္ဘာ့နိုင်ငံ အများအပြားမှာ အမျိုးသားတွေက ပိုပြီး ဆေးလိပ်သောက်သုံးကြတယ်။ ပြီးတော့ အမျိုးသားတွေဟာ အမျိုး သမီးတွေလောက် လက်မဆေးကြဘူးလို့လည်း လေ့လာမှု တွေမှာ ဖော်ပြပါတယ်။

 

ဆေးပညာရှင်တွေ ထင်မြင်ယူဆထားကြတဲ့ နောက်တစ်ချက်က အမျိုးသမီးတွေဟာ ခုခံအားစနစ် ပိုမိုခိုင်မာတဲ့အတွက် ရောဂါကူးစက်မှုကြောင့် သေဆုံးမှုနှုန်း ပိုနည်းတယ်ဆိုတဲ့အချက်ပါ။ ပြီးတော့ အမျိုးသမီးတွေမှာရှိတဲ့ အီစထရိုဂျင်လိုဟော်မုန်းက အသက်ရှူလမ်းကြောင်းတွေကို အကျိုးပြုပြီး အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါတွေကို တိုက်ထုတ်နိုင်တဲ့ ခုခံအားစနစ်ကို လှုံ့ဆော်ပေးတဲ့ ဆက်စပ်မှုရှိတယ်လို့လည်း ဆိုကြပါတယ်။ ဒီအချက်တွေနဲ့ ချိန်ထိုးကြည့်လိုက်တဲ့အခါ ကိုဗစ်- ၁၉ကြောင့် အိန္ဒိယနိုင်ငံမှာ အမျိုးသားတွေထက် အမျိုးသမီးတွေ ပိုမိုသေဆုံး နေရတာဟာ အဆန်းတကြယ် ဖြစ်သွားတယ်လို့ ၎င်းက ပြောကြားခဲ့ပါတယ်။

 

ဆေးခန်းပြလေ့သိပ်မရှိ

 

ဒီတော့ မျက်စိနဲ့ မြင်ရတာတွေထက်ပိုပြီး ပဟေဠိဆန်တဲ့အခြေအနေတွေ အိန္ဒိယနိုင်ငံမှာ ရှိတယ်လို့ ကိုဗစ်-၁၉ ကြောင့် သေဆုံးမှုတွေကို လေ့လာနေတဲ့ ပရော်ဖက်ဆာ မတ်စူရှီတာက ဆိုပါတယ်။ ၎င်းကိုယ်တိုင်လည်း ဒီကိစ္စကို အတော်လေး စိတ်ဝင်စားနေပါတယ်။ ။

 

အိန္ဒိယနိုင်ငံမှာ အမျိုးသမီးတွေက အမျိုးသားတွေထက် အသက်ပိုရှည်ကြပြီး အသက်ပိုကြီးတဲ့သူ အရေအတွက်ကလည်း အမျိုးသမီးတွေက ပိုများပါတယ်။ အသက်ပိုကြီးတဲ့သူတွေက ငယ်တဲ့သူတွေထက် ရောဂါတွေကိုပိုပြီး ခံနိုင်ရည်မရှိတဲ့အတွက် ဒီအချက်က ရောဂါကူးစက်ခံရတဲ့ အမျိုးသမီးတွေ ပိုမိုသေဆုံးရတဲ့ အကြောင်းတစ်ခု ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

 

နောက်ပြီးတော့ အိန္ဒိယအမျိုးသမီးတွေဟာ တော်ရုံဖျားတာ နာတာလောက်နဲ့ ဆရာဝန်ဆီ သွားလေ့ မရှိကြဘူး။ ဆေးခန်းပြဖို့ တွန့်ဆုတ်နေကြပြီး အိမ်မှာပဲ ကိုယ့်နည်းကိုယ့်ဟန်နဲ့ကိုယ် ကုသကြတာ များတယ်။ ပြီးတော့ အိမ်ထောင်စုတစ်ခုမှာ အမျိုးသမီးတစ်ဦးရဲ့ ကျန်းမာရေးကိစ္စကို သိပ်ပြီး အလေးထားကြဟန်မရှိဘူး။ ဒါကြောင့်ပဲ အမျိုးသမီးတွေဟာ ရောဂါပိုးစစ်ဆေးမှုနဲ့ ကုသမှုတွေ လုပ်ဆောင်တဲ့အခါ နောက်ကျပြီးမှ ရောက်လာကြတာကို တွေ့ရတယ်လို့ ၎င်းက ပြောပါတယ်။

 

လူမှုဘဝကို ထင်ဟပ်ဖော်ပြနေ

 

မိသားစုကို ဂရုစိုက်စောင့်ရှောက်မှုပေးရတဲ့ အိမ်ရှင်မတွေဟာ ကူးစက်ရောဂါတွေပိုပြီး ဝင်ရောက် ခံရနိုင်တဲ့သူတွေပါ။ ၁၉၁၈ ခုနှစ်က စပိန်တုပ်ကွေး အဖျားရောဂါ ကူးစက်ဖြစ်ပွားမှုကြောင့် အိန္ဒိယနိုင်ငံက အမျိုးသမီးတွေကို ပိုမိုသေဆုံးစေခဲ့ပါတယ်။ အာဟာရ မပြည့်ဝမှု၊ ကျန်းမာရေးနဲ့ မညီညွတ်မှု၊ တစ်ကိုယ်ရေ သန့်ရှင်းရေးအားနည်းမှု၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ အင်္ဂါတွေရောင်ရမ်းမှုနဲ့ ဖျားနာတဲ့ လူနာတွေကို ဂရုစိုက် စောင့်ရှောက်ရမှုတွေကြောင့် အမျိုးသမီးတွေ သေဆုံးမှု အမျိုးသားတွေထက် ပိုများခဲ့ပါတယ်။

 

လက်ရှိဖြစ်နေတဲ့ ကိုဗစ်- ၁၉ ကူးစက်ဖြစ်ပွားမှု မှာလည်း တခြားနိုင်ငံတွေနဲ့ ကွဲလွဲစွာ အမျိုးသားတွေထက် အမျိုးသမီးတွေ သေဆုံးမှုနှုန်း ပိုမြင့်နေရခြင်းက အိန္ဒိယအမျိုးသမီးတွေရဲ့ လူမှုဘဝအခြေအနေကို တစ်နည်း တစ်ဖုံထင်ဟပ်ပြသနေသယောင် ရှိတယ်လို့ တွေးဆမိပါတယ်။ ။

 

ကိုးကား - အေပီ၊ ဘီဘီစီ