ထွန်းသစ်စ
ကိုဗစ် - ၁၉ တစ်ဟုန်ထိုး မြင့်တက်လာတဲ့အတွက် အမေရိကန်ပြည်ထောင်စုရဲ့ ကိုဗစ်-၁၉ အဆိုးဆုံးဖြစ်ပွားရာ နေရာမှာရှိတဲ့ ဆေးရုံတွေဟာ ပြိုလဲလုနီးနီးအခြေအနေတွေ၊ အန္တရာယ်တွေနဲ့ ရင်ဆိုင်နေရတယ်လို့ အဲဒီနေရာမှာရှိတဲ့ အရာရှိတွေက သတိပေးလိုက်မှုနဲ့အတူ အိန္ဒိယနိုင်ငံမှာလည်း ကိုဗစ်- ၁၉ ထပ်မံဖြစ်ပွားမှုဟာ စံချိန်တင်မြင့်တက်လာခဲ့ပါတယ်။
တုံ့ပြန်ဖို့ ကြိုးစားရုန်းကန်
အမေရိကန်ပြည်ထောင်စုဟာ ကိုဗစ် - ၁၉ ကြောင့် ဖြစ်ပေါ်လာတဲ့ အကြီးအကျယ် ထိခိုက်ပျက်စီးမှုတွေကို တုံ့ပြန်ဖို့ ကြိုးစားရုန်းကန်နေရင်း တစ်ဖက်မှာလည်း တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ကိုဗစ်-၁၉ ကူးစက်ခံရသူ ၂ ဒသမ ၈သန်းရှိတဲ့အနက် သေဆုံးသူ အရေအတွက်ဟာ ၁၃၀၀၀၀ ကျော်လွန်လာခဲ့ပါတယ်။ ကန့်သတ်ပိတ်ဆို့မှုတွေ ဖြေလျှော့ပေးလိုက်ပြီးတဲ့နောက်မှာ အမေရိကန်ပြည်ထောင်စုရဲ့ ပြည်နယ်အတော်များများ ကိုဗစ်၁၉ကူးစက်မှု ပြန်လည်မြင့်တက်လာခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စု တက္ကဆက်ရဲ့ နေရာအတော်များများမှာရှိတဲ့ ဆေးရုံခုတင်တွေလည်း ပြည့်လျှံနေသလို အိမ်တွင်း၌သာ နေထိုင်ရန် အမိန့်ထုတ်ပြန်မှုတွေလည်း ပြန်လည်မြင့်တက် လာခဲ့ပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ အမေရိကန်ကို အတော်လေး ဖရိုဖရဲဖြစ်အောင် ပြုလုပ်ခဲ့တဲ့ ကိုဗစ် - ၁၉ ရောဂါကို အရေးမကြီးတဲ့ပုံစံ ဘေးချိတ်ရန် ကြိုးစားခဲ့တာကြောင့် တချို့ မြို့တော်ဝန်တွေကလည်း သူတို့ရဲ့ မြို့တွေကို စောစောစီးစီးပဲ ပြန်လည်ဖွင့်လှစ်ခဲ့ကြပါတယ်။
စံချိန်တင်မြင့်တက်
တစ်ချိန်တည်းမှာပဲ အိန္ဒိယနိုင်ငံဟာ နိုင်ငံတစ်ဝန်းမှာ နေ့စဉ် ကိုဗစ် -၁၉ ထပ်မံဖြစ်ပွားမှု စံချိန်တင် မြင့်တက်လာခဲ့တာကြောင့် စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ဆေးဘက်ဆိုင်ရာ ပံ့ပိုးမှုတွေလည်း မျှတခြင်းမရှိခဲ့သလို ကိုဗစ်-၁၉ ကူးစက်မှုအများစုဟာလည်း ရောဂါလက္ခဏာမပြဘဲ ကူးစက်ခံရတာ ဖြစ်ပါတယ်။
သို့သော်လည်း တချို့ကမ္ဘာ့နိုင်ငံတွေမှာတော့ ကိုဗစ် - ၁၉ ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်တဲ့ တိုးတက်မှု လက္ခဏာတွေအနေနဲ့ ဖော်မြူလာဝမ်းကားပြိုင်ပွဲကို ဇူလိုင် ၅ ရက်နေ့မှာ ပြန်လည်ကျင်းပခဲ့သလို ပြင်သစ်နိုင်ငံ ပါရီမြို့ရှိ ကမ္ဘာ့နာမည်ကျော် လူဗာပြတိုက်ကြီးကိုလည်း သီတင်းပတ် ၁၆ ပတ်ကြာ ကိုဗစ်-၁၉ ကြောင့် ပိတ်ထားရာမှ တနင်္လာနေ့မှာ ပြည်သူသို့ ပြန်လည် ဖွင့်လှစ်ပြသသွားတော့မှာပဲ ဖြစ်ပါတယ်။
ဗိုင်းရပ်စ်ကြောင့် လူသိန်းချီသေ
လွန်ခဲ့တဲ့နှစ်နှောင်းပိုင်းက တရုတ်နိုင်ငံမှာ စတင်တွေ့ရှိခဲ့တဲ့ ဒီ ကိုဗစ် - ၁၉ ဟာ အခုဆိုရင် ကမ္ဘာတစ်ဝန်းမှာရှိတဲ့ လူပေါင်း ၅၃၁၇၈၉ ဦးကို သေစေခဲ့ပါတယ်။ ကမ္ဘာ့နိုင်ငံနဲ့ နယ်မြေဒေသပေါင်း ၁၉၆ ခုမှာကိုဗစ်-၁၉ ကူးစက်ခံထားရသူအရေအတွက်ဟာ ၁၁ သန်းကျော် ရှိလာပြီ ဖြစ်ပါတယ်။ ကမ္ဘာမှာ အမေရိကန် ပြည်ထောင်စုပြီးလျှင် ဘရာဇီးနိုင်ငံဟာ ကိုဗစ်-၁၉ ရိုက်ခတ်မှုကို အများဆုံး ခံစားခဲ့ရတဲ့ နိုင်ငံဖြစ်ပြီး ကိုဗစ်-၁၉ကြောင့် သေဆုံး သူ ၆၄၂၆၅ ဦး ရှိခဲ့ပါတယ်။
ယင်းနောက်မှာတော့ ဗြိတိန်၊ အီတလီနဲ့ မက္ကဆီကိုနိုင်ငံ တို့လည်း ကိုဗစ် - ၁၉ ဒဏ်ကို ဆိုးရွားစွာ ခံစားခဲ့ရပါတယ်။
ကောင်းကောင်းမပျော်နိုင်ခဲ့ဘူး
အမေရိကန်ပြည်ထောင်စုမှာ နယူးယောက်ဟာ ကိုဗစ် -၁၉ အဆိုးရွားဆုံး စတင်ဖြစ်ပွားခဲ့ပါတယ်။ အခုအခါမှာတော့ အမေရိကန်တောင်ပိုင်းနဲ့ အနောက်ပိုင်းတစ်ခွင်မှာ ကိုဗစ် - ၁၉ ကြောင့် တန်ဖိုးကြီးကြီး ပေးဆပ်နေရတဲ့အတွက် ဇူလိုင် ၄ ရက်နေ့ အားလပ်ရက်ကို အမေရိကန်တွေ ကောင်းကောင်း မပျော်နိုင်ခဲ့ ပါဘူး။
တက္ကဆက်ပြည်နယ်ဟူစတန်မြို့ ဟောရစ်ကောင်တီမှာရှိတဲ့ ဆေးရုံတွေနဲ့ တခြား ၃၃ မြို့မှာရှိတဲ့ ဆေးရုံတွေဟာရုတ်တရက် တာဝန်ယူနိုင်တဲ့အရေအတွက်ထက်ကို အများကြီးကျော်လွန် ခဲ့ပါတယ်။ ဒါကြောင့်မို့ သူတို့တွေရဲ့ လူနာခုတင်တွေလည်း မအားလပ်အောင် အလုပ်ရှုပ်ခဲ့ရပါတယ်လို့ ဟားရစ်ကောင်တီ အုပ်ချုပ်ရေးမှူး လီနာက ပြောပါတယ်။ ။
စားသောက်ဆိုင်တွေကိုတော့ ဆက်လက်ဖွင့်လှစ်ထားပါတယ်။ မိုးလုံလေလုံပွဲတွေကိုလည်း ကျင်းပလို့ ရပါတယ်လို့ လီနာက အေဘီစီ ရုပ်မြင်သံကြားကို ပြောပါတယ်။ အခု လတ်တလောမှာ မိမိတို့ဟာ အိမ်တွင်းမှာပဲ နေထိုင်ရမယ်ဆိုတဲ့ အမိန့်ကို နားထောင်ဖို့ လိုပါတယ်လို့ သူကပြောပါတယ်။
အိမ်တွင်း၌သာနေရန် အမိန့်ကိုထုတ်ပြန်သင့်
တက္ကဆက်ပြည်နယ် အော်စတင်မြို့တော်ဝန် စတိဗ် အက်ဒလာက ကိုဗစ်-၁၉ ရောဂါဟာ အလွန်လျင်မြန်စွာ ကူးစက်ပျံ့နှံ့ဖြစ်ပွားလျက် ရှိတာကြောင့် ကျန်းမာရေးစနစ်တွေမှာ ဝန်ပိသွားမှာကို စိုးရိမ်မိတယ်လို့ ပြောပါတယ်။ ဖီးနစ်မြို့တော်ဝန် ကိတ်ဂယ်လီဂိုက အရီဇိုးနားကို ခပ်စောစော ပြန်ဖွင့်ခဲ့တယ်။ ဒါပေမယ့် အိမ်တွင်း၌သာနေထိုင်ရန် အမိန့်ကို ထုတ်ပြန် သင့်တယ်လို့ သူကပြောပါတယ်။
အိန္ဒိယနိုင်ငံရဲ့ ကိုဗစ် - ၁၉ ကြောင့် ကမ္ဘာလုံးဆိုင်ရာ ကန့်သတ်ပိတ်ဆို့မှုထဲမှာ ပါဝင်ခဲ့တဲ့ တကယ့်နာမည်ကြီး တတ်ျမဟာကိုလည်း ပြန်လည်ဖွင့်လှစ်ဦးမှာ မဟုတ်ဘဲ ဆက်လက်ပိတ်ထားဦးမှာ ဖြစ်ပါတယ်။ ဇူလိုင် ၅ ရက်က ကြေညာတဲ့အထဲမှာတော့ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း အိန္ဒိယနိုင်ငံ မှာ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုပေါင်း ၂၅၀၀၀ ရှိခဲ့ပြီး ၆၁၃ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။ အဲဒီပမာဏဟာ ကိုဗစ် -၁၉ ကို ဇန်နဝါရီလနှောင်းပိုင်း ပထမဆုံး စတင်တွေ့ရှိခဲ့ချိန်ကတည်းက တစ်နေ့တည်းကူးစက်မှုနှုန်း အမြင့်မားဆုံးပမာဏ ဖြစ်ခဲ့ပါတယ်။
ကူးစက်မှုတွေဖြစ်ပွား
အိန္ဒိယနိုင်ငံ မြို့တော် နယူးဒေလီမှာလည်း ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေဟာ လူနာတွေကို အဆင်ပြေတဲ့ နေရာတွေမှာ အဆင်ပြေသလို ပြုစုပေးနေကြပါတယ်။ ဝေဖန်သူတွေကတော့ အိန္ဒိယနိုင်ငံဟာ ကိုဗစ် - ၁၉ စမ်းသပ်စစ်ဆေးမှု အနည်းငယ်သာ လုပ်ကြောင်းနဲ့ တကယ့်ကူးစက်ပျံ့နှံ့မှုဖြစ်ပွားနေတဲ့ ပမာဏကို မသိရကြောင်း ပြောဆိုနေကြပါတယ်။
နယူးဇီလန်နိုင်ငံရဲ့ အရှေ့ပိုင်း ကိတ်ပြည်နယ်မှာ ကိုဗစ်-၁၉ ကူးစက်မှု မြင့်တက်လာပြီးနောက် တောင်အာဖရိကမှာလည်း စစ်ဘက်ဆိုင်ရာ ဆေးတပ်သားတွေကို ဖြန့်ကြက်ထားပါတယ်။ ကိုဗစ်- ၁၉ ကူးစက်ဖြစ်ပွားမှုကို တားဆီးကာကွယ်ဖို့ မတ်လ နှောင်းပိုင်းက တောင်အာဖရိကမှာလည်း အိမ်တွင်း၌သာ နေထိုင်ရမယ့် တင်းကျပ်တဲ့ စည်းကမ်းတွေကို အိန္ဒိယနိုင်ငံလို ချမှတ်ခဲ့ပါတယ်။ သို့သော်လည်း ကန့်သတ်ပိတ်ဆို့မှုတွေကို တဖြည်းဖြည်းချင်း ဖယ်ရှားလိုက်တဲ့အခါမှာတော့ ကူးစက်မှုအရေအတွက်ဟာ မြင့်တက်လာခဲ့ပါတယ်။
အီရန်နိုင်ငံမှာလည်း ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ၁၆၃ ဦး ရှိခဲ့ပါတယ်။ အဲဒီပမာဏဟာ နိုင်ငံမှာ တစ်နေ့တည်း ကိုဗစ်၁၉ ကူးစက်မှု အမြင့်ဆုံးဖြစ်ခဲ့ပါတယ်။ မော်ရိုကိုမှာလည်း ငါးသေတ္တာ ထုတ်လုပ်တဲ့ စက်ရုံတစ်ရုံမှာ ကိုဗစ် -၁၉ ကူးစက် ဖြစ်ပွားမှုကို တွေ့ရှိခဲ့တဲ့အတွက် အဲဒီဒေသမှာ နေထိုင်သူ ၃၀၀၀၀၀ ကို ကန့်သတ်ပိတ်ဆို့ခဲ့ပါတယ်။ ။
အင်္ဂလန်နိုင်ငံမှာလည်း အရက်ဘားတွေကို ပြန်လည်ဖွင့်လှစ် ခွင့်ပြုနေပါပြီ။ စပိန်နိုင်ငံမှာလည်း ကိုဗစ်-၁၉ ဖြစ်ပွားမှု သီးခြား နှစ်ခု တွေ့ရှိခဲ့တဲ့အတွက် အရှေ့မြောက်ပိုင်း ကက်တလိုနီးယား ဒေသမှာရှိတဲ့ လူပေါင်း၂၀ဝဝဝဝ နဲ့ အနောက်မြောက်ပိုင်း ဂါလီစီယာဒေသမှာတွေ့တဲ့လူပေါင်း ၇၀၀၀ကို ကန့်သတ်ပိတ်ဆို့ လိုက်ပါတယ်။
လက်ဘနွန်မှာလည်း တေးသံစုံတီးဝိုင်းတစ်ခုကို ပွဲကြည့်သူ မရှိဘဲ ဖျော်ဖြေခဲ့သလို လတ်ဗီးယားကို ဦးတည်လာတဲ့ နေတိုး တာဝန်ထမ်းဆောင်မယ့် ကနေဒါစစ်ဘက်ဆိုင်ရာ လေယာဉ်ကိုလည်း လာရာလမ်းအတိုင်း ပြန်လှည့်စေခဲ့ပါတယ်။ ဒီအခြေအနေတွေက ကမ္ဘာတစ်လွှားမှာ ကိုဗစ်-၁၉ကို အထူးသတိထား ရင်ဆိုင်နေကြတယ်ဆိုတာကို ဖော်ပြလိုက်တာပဲ ဖြစ်ပါတယ်။
ဘယ်အချိန် အဆုံးသတ်မလဲမသိတဲ့ ကိုဗစ်ဟာ ကြောက်စရာ အလွန်ကောင်းသလို သူ့ကြောင့် အဘက်ဘက်မှာ ယိုယွင်းပျက်စီး လာခဲ့ပါတယ်။ ။
ကိုးကား - အေအက်ဖ်ပီ


