ကျော်လင်းထင်
လူ့သမိုင်းကြောင်းတစ်လျှောက် လူသားမျိုးနွယ်တို့၏ ဖြစ်တည်မှုကို ထိပါးခြိမ်းခြောက်နိုင်လောက်သည့် အန္တရာယ်ရှိသော အခြေအနေများကို ကြိမ်ဖန်များစွာ ကြုံတွေ့ခဲ့ကြရဖူးပါတယ်။ ဒီအခြေအနေတွေကို လူသားတို့ရဲ့ စည်းလုံးညီညွတ်မှု၊ အမြော်အမြင်ရှိမှု၊ မှန်ကန်စွာ တုံ့ပြန်ဆောင်ရွက်မှုတို့ဖြင့်သာ ကျော်လွှားနိုင်ခဲ့ကြပြီး ယနေ့လူသားမျိုးနွယ်တို့ရဲ့ ဖြစ်တည်ရှိမှုနှင့် တိုးတက်မှုများကို ဆက်လက်ထိန်းသိမ်းထားနိုင်နေခြင်းပဲ ဖြစ်ပါတယ်။ ယနေ့ မျက်မှောက်မှာလည်း ကျွန်တော်တို့ လူသားမျိုးနွယ်တစ်ရပ်လုံးရဲ့ ဖြစ်တည်မှုနဲ့ ရရှိပြီးဖြစ်တဲ့ လူမှု၊ စီးပွားဖွံ့ဖြိုးတိုးတက်မှုများကို အဟန့်အတားဖြစ်စေနိုင်တဲ့ ကမ္ဘာ့ ကပ်ရောဂါ ကိုဗစ်-၁၉ ကို ရင်ဆိုင်တုံ့ပြန်နေကြရပြန်ပါပြီ။
ကမ္ဘာ့ကပ်ရောဂါဖြစ်တဲ့ ကိုဗစ်-၁၉ ကို ရင်ဆိုင်တုံ့ပြန်ကြတဲ့နေရာမှာ ရှုထောင့်ပေါင်းစုံ၊ ချဉ်းကပ်မှုပေါင်းစုံကနေ ဆောင်ရွက်ကြရပါတယ်။ သာမန်အားဖြင့်ကြည့်ပါက ကိုဗစ်-၁၉ ဟာ ကျန်းမာရေးဆိုင်ရာ ပြဿနာလို့ ရှုမြင်နိုင်ပေမယ့် ဒါဟာ လူမှုရေးပြဿနာလည်းဖြစ်တယ်၊ စီးပွားရေးပြဿနာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ကိုဗစ်-၁၉ ဟာ ဆင်းရဲ၊ ချမ်းသာ၊ အယုတ် အလတ်အမြတ်မရွေး ခွဲခြားခြင်းမရှိဘဲ မည်သူ့ကိုမဆို ကူးစက်နိုင်ပေမယ့် သူ့ရဲ့နောက်ဆက်တွဲ အကျိုးသက်ရောက်မှုများကတော့ ခွဲခြားဆက်ဆံပါတယ်။ ဒီခွဲခြားဆက်ဆံမှုကတော့ လူတစ်ဦးချင်းအဆင့်၊ အိမ်ထောင်စုအဆင့်နဲ့ နိုင်ငံအဆင့်များအထိ တည်ရှိနေပါတယ်။ ကိုဗစ်-၁၉ ကြောင့် နောက်ဆက်တွဲ စီးပွားရေးနဲ့ လူမှုရေးပြဿနာများကတော့ ထိခိုက်လွယ်တဲ့ လူအုပ်စုများအပေါ်မှာ ပိုပြီးတော့ ပြင်းထန်လွန်းလှပါတယ်။ ။
စာရေးသူရဲ့ ဖွံ့ဖြိုးတိုးတက်မှုနယ်ပယ် (Development Field) ထဲမှာ လုပ်ကိုင်နေမှုကနေရရှိတဲ့ ကိုယ်ပိုင် အတွေ့အကြုံများအပြင် သုတေသန တွေ့ရှိချက်များအရပါ ဆင်းရဲနွမ်းပါးမှုကို ရင်ဆိုင်ရနိုင်တဲ့ အခြေအနေကနေ ကြိုတင်ကာကွယ်တားဆီးပေးတာထက် ဆင်းရဲနွမ်းပါးမှုကနေ ဆွဲထုတ်ရတာက ပိုပြီးကုန်ကျစရိတ်များသလို အချိန်လည်းအများကြီးပေးရပါတယ်။ တကယ်တော့ ကိုဗစ်-၁၉ ကြောင့်နောက်ဆက်တွဲ ဖြစ်ပေါ်လာနိုင်တဲ့ ဆင်းရဲနွမ်းပါးမှုဟာလည်း ကူးစက်ရောဂါတစ်မျိုးပါပဲ။ ကူးစက်မှုက မျိုးဆက်လိုက်ကို ကူးစက်တတ်တာ ဖြစ်ပါတယ်။ ကိုဗစ်-၁၉က လောလောဆယ် ကာကွယ်ဆေး မရှိသေးပေမယ့် ကိုဗစ်-၁၉ကြောင့် ဖြစ်ပေါ်လာမယ့် ဆင်းရဲနွမ်းပါးမှုကို ကာကွယ်နိုင်မယ့် ကာကွယ်ဆေးတွေရှိပါတယ်။ ဆေးအောင်တဲ့ ရာခိုင်နှုန်းကတော့ မှန်မှန်ကန်ကန် အသုံးချနိုင်မှုအပေါ် မူတည်ပါတယ်။ ဒီ ကာကွယ်ဆေးတွေထဲက အင်အားအကောင်းဆုံး ကာကွယ်ဆေးကတော့ လူမှုကာကွယ်စောင့်ရှောက်ရေး (Social Protection) ပါပဲ။
ဒီလို လူမှုကာကွယ်စောင့်ရှောက်ရေး(Social Protection) လုပ်ငန်း တွေ ဆောင်ရွက်နိုင်ဖို့ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ အခြေခံကောင်းတွေ ရှိပြီးသား ဖြစ်ပါတယ်။ လုပ်လက်စလုပ်ငန်းတွေလည်း ဖြစ်ပါတယ်။ ဒီလို အခက်အခဲ၊ အကျပ်အတည်းတွေနဲ့ ကြုံရချိန်မှာ ဒီလူမှုကာကွယ် စောင့်ရှောက်ရေးလုပ်ငန်းတွေမှာ ပိုမိုရင်းနှီးမြှုပ်နှံပြီး ဆောင်ရွက်ဖို့နဲ့ အခက်အခဲ၊ အကျပ်အတည်းတွေကို လျင်လျင်မြန်မြန် တုံ့ပြန်နိုင်တဲ့ လူမှုကာကွယ်စောင့်ရှောက်ရေး (Shock Responsive Social Protection) မျိုးဖြစ်ဖို့ လိုအပ်ပါတယ်။
နိုင်ငံတကာစံနှုန်းမီသော မဟာဗျူဟာစီမံချက် ကျွန်တော်တို့နိုင်ငံမှာ နိုင်ငံတကာ အတွေ့အကြုံတွေကိုယူပြီး နိုင်ငံတကာစံနှုန်းမီတဲ့ မြန်မာနိုင်ငံရဲ့ အမျိုးသားအဆင့် လူမှုကာကွယ် စောင့်ရှောက်ရေး မဟာဗျူဟာစီမံချက် (Myanmar National Social Protection Strategic Plan-NSPSP) ရှိပြီးသား ဖြစ်ပါတယ်။ လက်ရှိလည်း ဒီမဟာဗျူဟာစီမံချက်ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက ဦးဆောင်အကောင်အထည် ဖော်နေပါတယ်။ မဟာဗျူဟာစီမံချက်မှာ အကောင်အထည်ဖော်ရမယ့် အဓိကလုပ်ငန်းအစီအစဉ် (Flagship Programs) ရှစ်ခု ပါဝင်ပြီး အဲဒီထဲက ကိုယ်ဝန်ဆောင်မိခင်များနဲ့ အသက်(၂)နှစ်အောက် ကလေးသူငယ်တွေကို ငွေကြေးအထောက်အပံ့ပေးတဲ့ (Maternal and Child Cash Transfer-MCCT) ရွေးချယ်ထားတဲ့ ပြည်နယ် အချို့နဲ့ အသက် (၈၅) နှစ်နှင့်အထက် သက်ကြီးရွယ်အိုတွေကို ငွေကြေးအထောက် အပံ့ပေးတဲ့ (Social Pension) ကို တစ်နိုင်ငံလုံးမှာ အကောင်အထည်ဖော်နေပြီ ဖြစ်ပါတယ်။ အခုအချိန်မှာလိုအပ်တာက ဒီအစီအစဉ်တွေကို ပိုမိုချဲ့ထွင်နိုင်ဖို့နဲ့ ပိုမိုအားကောင်းအောင် ဆောင်ရွက်သွားဖို့ ဖြစ်ပါတယ်။ ထိခိုက်လွယ်တဲ့ အခြေအနေမှာရှိတဲ့ ပြည်သူတွေဆီကို ဒီအစီအစဉ်တွေ မှန်မှန်ရောက်သွားဖို့၊ မြန်မြန်ရောက်သွားဖို့ လိုအပ်ပါတယ်။ ဒီအစီအစဉ်တွေမှာ ပိုမို ရင်းနှီးမြှုပ်နှံရမှာ ဖြစ်ပါတယ်။
တိုင်းပြည်ကိုထူထောင်တဲ့နေရာမှာ တိုင်းပြည်ကို စီးပွားရေးကောင်းအောင် အရင်လုပ်ရမယ်၊ တိုင်းပြည်စီးပွားရေးကောင်းမှ ဝင်ငွေကောင်းလာမှ လူမှု ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံရမယ်လို့ ယူဆထားကြတဲ့ (trickle down approach) အယူအဆတွေလည်း ရှိပါတယ်။ ဒါတွေဟာ မမှန်ဘူးဆိုတာ ကမ္ဘာလုံးဆိုင်ရာ အထောက်အထားတွေအများ ကြီးရှိပါတယ်။
ထိခိုက်လွယ်တဲ့အုပ်စုကို ကူညီပေး
တိုင်းပြည်ဆင်းရဲနေချိန်မှာ၊ ပြည်သူလူထုက အခုလို အခက်အခဲ၊ အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရချိန်မှာ လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းတွေ အထူးသဖြင့် ထိခိုက်လွယ်တဲ့ လူအုပ်စုတွေအတွက် ငွေကြေး အထောက်အပံ့ပေးရေး အစီအစဉ် (Cash Transfer Program) တွေ၊ ပစ္စည်းနှင့် စားနပ်ရိက္ခာ အထောက်အပံ့ပေးတဲ့အစီအစဉ် (in-kind Transfer Program)တွေနဲ့ အလုပ်အကိုင်ရရှိရေးအစီအစဉ် (Cash for Work) အစီအစဉ်တွေကို အကောင်အထည်ဖော်ပေးရမှာ ဖြစ်ပါတယ်။ ဒီအစီအစဉ်တွေဟာ ဆင်းရဲတဲ့၊ ဝင်ငွေနည်းတဲ့ ပြည်သူလူထုရဲ့ အခက်အခဲ၊ အကျပ်အတည်းတွေအပေါ် စီမံခန့်ခွဲနိုင်တဲ့ (Coping Capacity) ကို မြှင့်တင်ပေးနိုင်မှာဖြစ်သလို တိုင်းပြည်စီးပွားရေးကောင်းလာဖို့၊ ဝယ်လိုအားတွေ တိုးတက်လာဖို့အတွက် ငွေကြေးထည့်သွင်းပေးတဲ့ လှုံ့ဆော်ပေးခြင်း (Stimulus) ပဲဖြစ်ပါတယ်။
ကုန်ကျစရိတ်ချင်းနှိုင်းယှဉ်
သာမန်အားဖြင့်ကြည့်ရင် ဒီလုပ်ငန်းတွေ ဆောင်ရွက်ဖို့အတွက် နိုင်ငံတော်ရဲ့ ဘဏ္ဍာရန်ပုံငွေထဲကနေ ကျပ်ငွေဘီလီယံရာချီပြီး သုံးစွဲရတယ်။ ငွေကုန်ကြေးကျများတယ်လို့ ထင်စရာရှိပါတယ်။ ဟုတ်ပါတယ်။ ရင်းနှီးမြှုပ်နှံရတဲ့ ပမာဏ အထိုက်အလျောက်ကြီးမားပါတယ်။ ဒီလုပ်ငန်းတွေကို အခုလုပ်ရင် နှစ်စဉ်နိုင်ငံတော်ရဲ့ ဘဏ္ဍာရန်ပုံငွေ ဘီလီယံရာချီကုန်ပါမယ်။ ဒါပေမယ့်မလုပ်ဖြစ်ခဲ့ရင်တော့ နောင်မှာ နှစ်စဉ်ဘီလီယံထောင်ချီပြီး ဆုံးရှုံးရပါလိမ့်မယ်။ နှစ်စဉ်ဘီလီယံထောင်ချီ အကုန်အကျခံပြီး လိုက်လံကုစား ရပါလိမ့်မယ်။ ဆောင်ရွက်ခြင်းအတွက် ကုန်ကျစရိတ်နဲ့ မဆောင်ရွက် ဖြစ်တဲ့အတွက် ကုန်ကျစရိတ် နှိုင်းဆကြည့်ဖို့လိုအပ်မှာ ဖြစ်ပါတယ်။
နိုင်ငံတော်အနေနဲ့ ဒီအကြောင်းအရာတွေကို ရေရှည်အတွက်မျှော်တွေး ရှုမြင်ထားပြီးလည်း ဖြစ်တယ်ဆိုတာကို နိုင်ငံတော်ရဲ့ အဂ္ဂမဟာစီမံကိန်း တစ်ရပ်ဖြစ်တဲ့ မြန်မာနိုင်ငံရဲ့ ရေရှည်တည်တံ့ ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (MSDP) မှာပါတဲ့ မဏ္ဍိုင် (၃)၊ ပန်းတိုင်အမှတ်(၄) အောက်မှာ ရေးဆွဲထားတဲ့ မဟာဗျူဟာများနဲ့ လတ်တလော အခြေအနေတွေကို တုံ့ပြန်ဖြေရှင်းဖို့ရေးဆွဲထားတဲ့ အားလုံးတစ်ပေါင်းတည်း ကျော်လွှားခြင်း ကိုဗစ်-၁၉ စီးပွားရေး ကုစားမှုအစီအစဉ် CERP ရဲ့ ပန်းတိုင် (၄) အောက်က လုပ်ငန်းတွေကိုကြည့်ရင် သိသာထင်ရှားပါကြောင်းနဲ့ လက်တွေ့ပြည်သူလူထုကို လူမှုကာကွယ်စောင့်ရှောက်ရေးပေးဖို့အတွက် ကတော့ လုံလောက်တဲ့ ရင်းနှီးမြှုပ်နှံမှုသာ လိုအပ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။ ။


