၈  ဩဂုတ်

ရေ၊ မြေ၊ တော၊ တောင် သဘာဝအလှအပများ၊ သမိုင်းဝင် အထင်ကရနေရာများ၊ သာယာ ရှုမောဖွယ် ကမ်းခြေအလှများနှင့် ဖော်ထုတ်ရန် ကျန်ရှိနေသေးသည့် စိတ်ဝင်စားဖွယ် ကောင်းလှသော ဗဟုသုတဖြစ်ဖွယ် ခရီးစဉ် ဒေသသစ်များနှင့်အတူ အရိုင်းဆန်သော သဘာဝအလှတရားများစွာ ပိုင်ဆိုင်ထားဆဲ ဖြစ်သည့် မွန်ပြည်နယ်သည် ခရီးသွား အပန်းဖြေရင်း ဗဟုသုတရှာဖွေနိုင်မည့် ပြည်နယ် တစ်ခုအဖြစ် တည်ရှိနေသည်။

မွန်ပြည်နယ်သည် ကရင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် (အရှေ့တောင်ဘက်တွင်) ထိုင်းနိုင်ငံ ကန်ချနာပူရီတို့နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည်ဖြစ်ရာ မွန်ပြည်နယ်၏ မြို့များဖြစ်သည့် ကျိုက်ထို၊ မော်လမြိုင်၊ မုဒုံ၊ သံဖြူဇရပ်၊ ကျိုက်မရော၊ ရေး၊ ပေါင်၊ ချောင်းဆုံ၊ သထုံ၊ ဘီးလင်းမြို့နယ်များရှိ အထင်ကရနေရာများသို့ ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည်များ နှစ်စဉ်အများအပြား လာရောက် လည်ပတ်လေ့ရှိကြသည်။

မွန်ပြည်နယ်၏ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် မွန်ပြည်နယ်အတွင်း ဟိုတယ်၊ တည်းခိုရိပ်သာများ တည်ဆောက် ခြင်း၊ ပြုပြင်မွမ်းမံခြင်း၊ အဆင့်မြှင့်တင်ခြင်း၊ ခရီးသွားကုမ္ပဏီများ ဖွင့်လှစ်ခွင့်ပြုခြင်း၊ ခရီးစဉ်ဒေသအသစ်များ ဖော်ထုတ်ခြင်းတို့ကို လုပ်ဆောင်လျက် ရှိကြောင်း မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

“မွန်ပြည်နယ်အတွင်းမှာ ခရီးသွားတွေ ကို ဆွဲဆောင်နိုင်တဲ့ စိတ်ဝင်စားဖွယ်ကောင်းတဲ့ ခရီးစဉ်ဒေသတွေဟာ မြို့တိုင်းမှာရှိနေပါတယ် ” ဟု မွန်ပြည်နယ် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ ပြည်နယ် ဦးစီးမှူး ဦးသန်းထွဋ်ခိုင်က ဆိုသည်။

ကျိုက်ထိုမြို့နယ်ရှိ ထင်ရှားသည့် နေရာများ

ရန်ကုန်မြို့မှ နေ့ချင်းပြန် သွားရောက်ဖူးမြော်နိုင်သည့် မွန်ပြည်နယ်၏ ထင်ရှားကျော်ကြားပြီး ပြည်တွင်းရော ပြည်ပပါ ခရီးသွားအများဆုံး ဝင်ရောက်ရာ ကျိုက်ထိုမြို့နယ်ရှိ ပေပေါင်း ၃၆၁၅ ပေအမြင့်ရှိ ပေါင်းလောင်း တောင်ပေါ်တွင် ထူးခြားအံ့ဩဖွယ်ရာတည်ထားသည့် သမိုင်းဝင် ဆံတော်ရှင် ကျိုက်ထီးရိုးစေတီသို့ ဘုရားဖူး များအနေဖြင့် ခြေကျင်ဖြင့်လည်းကောင်း၊ တောင်တက်ကားဖြင့်လည်းကောင်း၊ ကေဘယ်လ်ကားဖြင့် လည်းကောင်း ဖူးမြော်နိုင်ပြီး တစ်ဆက်တစ်စပ်တည်းရှိ နာမည်ကျော် ကျီးကန်းပါးစပ်အပါအဝင် စေတီပုထိုးများကိုပါ ဖူးမြော်ကြည်ညိုနိုင်မည်ဖြစ်သည်။

ထိုမှတစ်ဖန် ကျိုက်ထီးရိုးတောင်ခြေ ကင်မွန်းစခန်းမှ ရှစ်မိုင်ခန့်အကွာတွင် တည်ရှိသည့် အနားယူအပန်းဖြေစရာ ဆောင်နိုင်ကြီးရေတံခွန်သို့လည်း သွားရောက်လည်ပတ်နိုင်မည်ဖြစ်ပြီး အဆိုပါ ကျိုက်ထိုမြို့ပေါ်မှာပင် ကြီးမားလှသည့် ထိုင်တော်မူ ဘုရားကြီး၊ ကျိုက်ပေါလော မှဲ့ရှင်ဘုရား၊ တွင်းတစ်ရာကျောင်းတိုက်နှင့် သမိုင်းဝင် စစ်တောင်းတံတားဟောင်း၊ ရှေးခေတ် ကျိုက္ကသာ မြို့ဟောင်းကုန်းများသို့လည်း ခရီးဆန့်နိုင်မည်ဖြစ်သည်။

 

3

 

စိတ်ဝင်စားဖွယ် ဘီးလင်းမြို့နယ်

ဘီးလင်းမြို့နယ်သို့ ခရီးဆက်မည်ဆိုပါက ကျိုက်ထီးဆောင်းစေတီတော်၊ ကေလာသစေတီနှင့် မဲလံဆံတော်ရှင်စေတီ၊ ကျောက်ပိရဟန္တာ၊ ကုသိနာရုံတို့ကို ဖူးမြင်ရမည်ဖြစ်ပြီး ဘီးလင်းမြို့နယ် ဇုတ်သုတ်ကျေးရွာအနီး ရှေးဟောင်းမွန်လူမျိုးတို့၏ ယဉ်ကျေးမှုလက် ရာဖြစ်သည့် သမိုင်းဝင် ဆင်တပ်၊ မြင်းတပ်၊ ဂဝံ တံတိုင်းခံတပ်များကို တွေ့ရမည်ဖြစ်ရာ ခရီးသွားရင်း ဗဟုသုတတိုးပွားမည်မှာ အမှန်ပင်။

သထုံမြို့နယ်မှ လည်ပတ်ချင်စရာနေရာ များနှင့် ဝင်းဖုန်း သဘာဝလိုဏ်ဂူ

သမိုင်းဆိုင်ရာ အထောက်အထား ပေထက်အက္ခရာပေါ်တွင် အထင်ကရရှိခဲ့သည့် သထုံမြို့သို့ သွားရောက် လေ့လာမည်ဆိုပါက သမိုင်းဝင် ရွှေစာရံစေတီ၊ လှေကားထစ်ပေါင်း ၉၉၉ ထစ်ရှိ မြသပိတ်စေတီ၊ နှီးဘုရားကြီးတို့ကို ဖူးမြော်ခွင့်ရမည်ဖြစ်ပြီး ရွှေစာရံစေတီတော်အတွင်း ကျောက်စာပြတိုက်၊ ပိဋကတ်သုံးပုံ ပေထက်အက္ခရာတင်ပြီး ထားသိုထိန်းသိမ်း ထားသည့် နာမည်ကျော် ဦးဘိုးသီး၏ ပိဋကတ်တိုက်ကိုလည်း လေ့လာခွင့်ရမည် ဖြစ်သည်။

ထို့ပြင် သထုံမြို့နယ်၌ မွန်ပြည်နယ် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဌာနက ခရီးစဉ်တစ်ခုအဖြစ် ရှာဖွေဖော်ထုတ်ထားသည့် ဝင်းဖုန်းတောင်နှင့် သဘာဝဂူသို့ သွားရောက် လေ့လာမည်ဆိုပါက သထုံမြို့နယ်ရှိ ဒူးရင်းဆိပ်ကျေးရွာမှ ဒုံသမိမြစ်ကြောင်းအတိုင်း စက်လှေဖြင့် ဝင်းဖုန်းကျေးရွာသို့ တစ်နာရီခန့် ဆန်တက်ရမည် ဖြစ်သည်။ မြစ်ကမ်းတစ် လျှောက် သဘာဝတောတောင်ရှုခင်းများကို ကြည့်ရင်း တိုင်းရင်းသားတို့၏ ရိုးရာဓလေ့ ပုစွန်ဖမ်းခြင်း၊ ငါးဖမ်းခြင်း၊ ခရုငုပ်ခြင်းတို့ကို လည်း လေ့လာတွေ့ရှိခွင့်ရမည်ဖြစ်သည်။

ထိုခရီးစဉ်တစ်လျှောက်တွင် ခြေကျင်တောလမ်းခရီးများဖြတ်သွားရခြင်း၊ စက်လှေဖြင့်သွားရခြင်း၊ လမ်းတစ်လျှောက် မြင်တွေ့ရမည့် ရှုခင်းအလှအပများကို ခံစားနိုင်ခြင်း၊ ဝင်းဖုန်းတောင်ရှိ ပေ ၅၀၀ ကျော်ခန့် ရှည်လျားသည့် သဘာဝကျောက်ဂူအတွင်း ထူးခြားဆန်းပြားသော အသွင်အပြင်များ၊ သဘာဝ၏ ဖြစ်တည်နေမှု များကို ကြည့်ရှုလေ့လာနိုင်ခြင်းတို့ကြောင့် တောတွင်းစွန့်စွန့်စားစား သွားလာလှုပ်ရှားမှုကို စိတ်ဝင်စား သူများအတွက် အကြိုက်တွေ့စေမည့် ခရီးစဉ်တစ်ခုပင် ဖြစ်သည်။

အဆိုပါ ခရီးစဉ်နှင့်ပတ်သက်၍ ပြည်နယ် ဦးစီးမှူး ဦးသန်းထွဋ်ခိုင်က “သထုံမှာဆို စိတ်ဝင်စားစရာအကောင်းဆုံး ခရီးစဉ်တစ်ခုက ဝင်းဖုန်းတောင်ခရီးစဉ်ပဲ” ဟု မှတ်ချက်ပြု သည်။

မော်လမြိုင်မြို့နယ်အတွင်းမှ သမိုင်းဆိုင်ရာ လေ့လာချင်စရာ

မွန်ပြည်နယ်၏ မြို့တော် မော်လမြိုင်မြို့ တွင် အကြီးဆုံးစေတီဖြစ်သည့် မော်လမြိုင်မြို့၏ ကျက်သရေဆောင် ကျိုက်သလ္လံ စေတီတော်ကို ဖူးမြင်နိုင်မည်ဖြစ်ပြီး တောင်ပေါ်တွင် တည်ထားသည့် ဦးဇိနဘုရား၊ ထူးခြားသည့် သမိုင်းကြောင်းများရှိခဲ့သည့် ပန်းရံပျံဘုရား၊ သဘာဝအလှအပများဖြင့် စုစည်းထားသည့် သဘာဝ ထုံးကျောက်လိုဏ်ဂူ၊ ခရုံဂူ စသည့်နေရာများကလည်း စိတ်ဝင်စားဖွယ် ကောင်းလှသည်။

အဆိုပါ မော်လမြိုင်မြို့မှာပင် ရှေးမြန်မာမင်းများ ခေါင်းဆေးမင်္ဂလာပြုရာ သမိုင်းဝင် ခေါင်းဆေးကျွန်းနှင့် နတ်ရေတွင်း၊ သမိုင်းကြောင်းအရ၊ ယဉ်ကျေးမှုလက်ရာအရ၊ အနုပညာလက်ရာအရ တန်ဖိုးရှိသော နှစ် ၁၀၀ အထက် သက်တမ်းရှိ ဘုန်းတော်ကြီးကျောင်းများ၊ ခရစ်ယာန် ဘုရားရှိခိုးကျောင်းများ၊ မွန်လူမျိုး ဦးနာအောက် တည်ထားသောကတိုးကော့နှပ်ကျေးရွာရှိ ဘုရားနှင့် အနုပညာလက်ရာများကို သွားရောက် ကြည့်ရှု လေ့လာလည်ပတ်နိုင်မည်ဖြစ်ပြီး မွန်ပြတိုက်သို့ သွားရောက်ကာ မွန်လူမျိုးတို့၏ ရိုးရာဓလေ့၊ ဝတ်စားဆင်ယင်မှုနှင့် သမိုင်းကြောင်း၊ မွန်တူရိယာပစ္စည်းများကို မော်လမြိုင်မြို့ရှိ မွန်ယဉ်ကျေးမှုပြတိုက်တွင် တစုတစည်းတည်း လေ့လာနိုင်မည်ဖြစ်သည်။

“ပြည်တွင်း၊ ပြည်ပခရီးသွားတွေကို ဆွဲဆောင်နိုင်တဲ့ ယဉ်ကျေးမှုအရ၊ သမိုင်း ကြောင်းအရ၊ အနုပညာလက်ရာအရ တန်ဖိုးရှိတဲ့ နှစ် ၁၀၀ အထက် သက်တမ်းရှိ ရှေးဟောင်း အဆောက်အအုံတွေကို နှစ်ညအိပ် သုံးရက်ခရီးစဉ် အသစ်အနေနဲ့ ဖော်ဆောင်ထားတာ ရှိပါတယ်” ဟု ဦးသန်းထွဋ်ခိုင်က ဆိုသည်။

 

2

 

ချောင်းဆုံမြို့နယ်

ထူးခြားချက်အနေဖြင့် မော်လမြိုင် တစ်ဖက်ကမ်း ချောင်းဆုံမြို့ရှိ ဘီလူးကျွန်းတွင် ကျေးရွာအလိုက် ဘုရားပွဲများ နှစ်စဉ် ကျင်းပလေ့ရှိပြီး ဘုရားပွဲတော်သို့ လာရောက်သူများသည် ကျေးရွာများရှိ မိမိကြိုက် နှစ်သက်သည့် အိမ်ပေါ်သို့ တက်ရောက်ကာ စားသောက်ဖွယ်ရာများ စားသောက်နိုင်ခြင်းပင် ဖြစ်သည်။

“မွန်ပြည်နယ်မှာ လအလိုက်၊ ရာသီအလိုက် ပွဲတော်တွေ တစ်နှစ်ပတ်လုံးကျင်းပလျက်ရှိပါတယ်။ ထူးခြားတဲ့ ပွဲတော်တွေကတော့ ဘီလူးကျွန်းမှာ ဧပြီလတစ်လလုံး ပွဲတော်တွေပဲဖြစ်ပါတယ်”ဟု ပြည်နယ် ဦးစီးမှူးက ပြောသည်။

ထိုမှတစ်ဖန် ဒေသခံတို့၏ လက်မှုလုပ်ငန်းများကို လေ့လာချင်ပါက မြန်မာတစ်နိုင်ငံလုံးတွင် တစ်နေရာတည်းသာ တွေ့နိုင်သည့် ကျောက်သင်ပုန်းများ ပြုလုပ်သည့် မုဒွန်းရွာသို့ သွားရောက်ကာ ကျောက်သင်ပုန်းလုပ်ငန်း၊ နှီးမှုတ်ကျေးရွာရှိ ခမောက်လုပ်ငန်းနှင့် ရော်ဘာကွင်းလုပ်ငန်း၊ သစ်သားလက်မှုလုပ်ငန်းများ လုပ်ကိုင်ရာ ရွာလွတ်ရွာတို့သို့လည်း ခရီးဆန့်နိုင်မည် ဖြစ်ပြီး နေကြာစိုက်ရာသီချိန်တွင် ဘီလူးကျွန်း ရွှေဟင်္သာအဝိုင်းနှင့် ကညှော်ရွာကြားရှိ နေကြာပန်းစိုက်ခင်းများနှင့် ဘီလူးကျွန်းရှိ ဆယ်ပလာရွာ ကမ်းခြေတွင် မြင်တွေ့ရမည့် ညနေဆည်းဆာ အလှအပများကလည်း ခရီးသွားများအား ဆွဲဆောင်မှုရှိလှသည့် နေရာများပင် ဖြစ်သည်။

ကဗျာဝကမ်းခြေရှိရာ ရေးမြို့

မော်လမြိုင်မြို့မှ မိုင် ၁၀၀ နီးပါးဝေးကွာသော ရေးမြို့တွင် စံကားတောင်စေတီ၊ ရွှေဆံတော်စေတီ၊ ကိုရင်လေးကျောင်း စသည့် ထင်ရှားကျော်ကြားလှသည့် စေတီပုထိုးများနှင့် ရေးမြို့၏ သမိုင်းကြောင်းကို ထင်ဟပ်စေသည့် ရှေးဟောင်းသမိုင်းဝင် ကျုံးတို့အပြင် ပြည်နယ်အစိုးရအဖွဲ့နှင့် ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာနက ဖော်ဆောင်ထားသည့် ရေးမြို့မှ မိုင် ၂၀ အကွာတွင် တည်ရှိသည့် လှပသာယာသည့် ကဗျာဝကမ်းခြေတွင်လည်း အပန်းဖြေနိုင် မည်ဖြစ်သည်။

ပေါင်မြို့နယ်

ပေါင်မြို့နယ်တွင် နွားလပို့စေတီ၊ ဇင်းကျိုက်ကျေးရွာရှိ မွန်ပြည်နယ်၏ ထင်ရှားကျော်ကြားသည့် ဇင်းကျိုက်တောင် နှင့် သဘာဝအလှအပများဖြင့် သာယာလှပနေသည့် ဇင်းကျိုက်ရေတံခွန်၊ ကျောက် သင်္ဘောစေတီနှင့် ငှက်မျိုးစိတ်ပေါင်းများစွာ ကို ကြည့်ရှုလေ့လာနိုင်သည့် အလှပ်ငှက် ကြည့်စခန်းများသို့လည်း သွားရောက် လည်ပတ်နိုင်သည်။

ကျိုက်မရောမြို့နယ်

ကျိုက်မရောမြို့သို့ ရောက်ရှိသည့်အခါ မွန်ဘုရင်မကြီး ရှင်စောပု တည်ထားကိုးကွယ်ခဲ့သည့် ဝတ်ကျောင်းအတွင်းရှိ ထူးခြားလှသည့် ဗုဒ္ဓရုပ်ပွားတော်၊ မွန် ကျောက်စာတို့ကို ဗဟုသုတဖြစ်ဖွယ်နှင့် ကြည်ညိုဖွယ်ရာ သွားရောက်ဖူးမြော်နိုင်သည်။ ထို့ပြင် ကျိုက်မရောမြို့နှင့် ၂၄ မိုင် အကွာတွင်ရှိသော ရေပူကျေးရွာမှ ရေပူကန်များနှင့် ဒေသခံများ၏ ထုံးလုပ်ငန်းများ အပြင် ကျိုက်မရောမြို့နယ်အတွင်း တည်ရှိ သည့် အကြီးဆုံး သဘာဝထုံးကျောက်တောင် ဖားဘောင်ဂူသို့လည်း သွားရောက်လေ့လာ နိုင်မည်ဖြစ်သည်။

သံဖြူဇရပ်မြို့နယ်

ကျိုက္ခမီရေလယ်ဘုရား၊ နာမည်ကျော်ကမ်းခြေ အပန်းဖြေစခန်းတစ်ခုဖြစ်သည့် စက်စဲကမ်းခြေ၊ မြန်မာ-ထိုင်း (ယိုးဒယား) မီးရထားလမ်းဖောက်လုပ်စဉ် သေဆုံးခဲ့သည့် အာရှချွေးတပ်သား ၃၇၇၁ ဦးကို မြှုပ်နှံထား သည့် သမိုင်းဝင် သံဖြူဇရပ်စစ်သင်္ချိုင်းနှင့် သေမင်းတမန်ရထားလမ်း၊ ဝဲကလိရေပူစမ်းအပြင် အခြားသော စိတ်ဝင်စားဖွယ်ခရီးစဉ် အများအပြားရှိနေသည့် မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်သို့လည်း သွားရောက် လည်ပတ်နိုင်သည်။

မုဒုံမြို့နယ်

မုဒုံမြို့နယ်ရှိ ကျောက်တစ်လုံးတောင်နှင့် သဘာဝအလှအပရှုခင်းများ၊ အထင်ကရ မြင်းနှစ်ကောင်ဘုရား၊ ဝင်းစိန်တောရ လျောင်းတော်မူဘုရားကြီးတို့အပြင် နာမည်ကျော် မုဒုံစောင်ရက်လုပ်ရာ ဒေသခံတို့၏ ရိုးရာရက်ကန်းလုပ်ငန်းများကိုပါ လေ့လာ နိုင်မည်ဖြစ်သည်။

မွန်ပြည်နယ်အတွင်းရှိ ဒေသခံများ၏ နေထိုင်မှုပုံစံ၊ ဒေသထွက်ကုန်များနှင့် ချစ်စဖွယ် ရိုးရာဓလေ့ထုံးစံများကို အခြေပြုကာ ရပ်ရွာ အခြေပြု ခရီးသွားလုပ်ငန်းများကို မွန်ပြည်နယ် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီး ဌာနက ဖော်ထုတ်လျက်ရှိပြီး ဒေသတွင်း ခရီးသွားလုပ်ငန်းမြှင့်တင်ရေးကို ဆောင်ရွက် လျက်ရှိသည်။

ထို့ပြင် ပြည်တွင်းခရီးသွားဧည့်သည်များ လွတ်လပ်စွာ သွားလာလည်ပတ်နိုင်သော်လည်း ပြည်ပခရီးသွားများ အတွက် ကြိုတင်ခွင့်ပြုချက် ရယူပြီးမှသာ သွားလာရသည့် မွန်ပြည်နယ်ရှိ ကန့်သတ်ဒေသတချို့ကိုလည်း ဖြေလျှော့ပေးနိုင်ရေးအတွက် မွန်ပြည်နယ် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနက ပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှုကို ခံယူကာ ဆောင်ရွက်ပေးလျက်ရှိသည်။

သို့ဖြစ်ရာ မွန်ပြည်နယ်သို့ ခရီးသွား ဝင်ရောက်မှုအနေဖြင့် ၂၀၁၈ ခုနှစ်တွင် ပြည်တွင်း ၁၇၉၄၃၀၆ ဦး၊ ပြည်ပ ၁၉၃၆၁၄ ဦး၊ ၂၀၁၉ ခုနှစ်တွင် ပြည်တွင်း ၂၆၃၄၉၅၀၊ ပြည်ပ ၁၇၆၇၃၀၆ ဦး၊ ၂၀၂၀ ပြည့်နှစ်တွင် ဧပြီလအထိ ပြည်တွင်း ၇၂၈၁၀၅ ဦး၊ ပြည်ပ ၄၉၆၃၇ ဦး ဝင်ရောက်ခဲ့ကြောင်း မွန်ပြည်နယ် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

လက်ရှိအချိန်တွင်လည်း မြို့နယ်အလိုက် ခရီးစဉ်ဒေသစီမံခန့်ခွဲမှု ကော်မတီ Distination Management Organization (DMO) များ ဖွဲ့စည်းပြီး ခရီးစဉ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။ ကျိုက်ထီးရိုး ဒေသနှင့် ကမ်းခြေဒေသဖြစ်သည့် စက်စဲကမ်းခြေ၊ ကဗျာဝကမ်းခြေ သန့်ရှင်းသာယာ လှပရေး စီစဉ်ဆောင်ရွက်လျက်ရှိသည်။

ကိုဗစ်-၁၉ အလွန်ကာလတွင် ပြည်နယ်အတွင်း ခရီးသွားကဏ္ဍဖွံ့ဖြိုးရေးအတွက် ခရီးသွားလုပ်ငန်း အခြေခံသင်တန်းနှင့် ဟိုတယ်ဆိုင်ရာ ဝန်ဆောင်မှုသင်တန်းများ ဖွင့်လှစ်ရန် စီစဉ်ထားသည့်အပြင် ခရီးသွားများအား မွန်ပြည်နယ်နှင့်ပတ်သက်သော ခရီးသွား အချက်အလက်များ ဖြန့်ဝေပေးရန် Digital Marketing စနစ်အကောင်အထည်ဖော်ဆောင် ရွက်သည့်အနေဖြင့် ဝက်ဘ်ဆိုက်များ တည်ထောင်ခြင်း၊ Pamphlet များ ထုတ်ဝေဖြန့်ချိ ရန် ဆောင်ရွက်ခြင်း၊ အချက်အချာကျသော နေရာများတွင် Digital Signage များ တပ်ဆင် ရန် စီစဉ်ခြင်းများ ဆောင်ရွက်လျက်ရှိ သည်။

“ကိုဗစ်-၁၉ အလွန်ကာလတွေမှာ ဟိုတယ်၊ တည်းခိုရိပ်သာတွေ ပြန်လည်ဖွင့်လှစ်ရာမှာ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး နဲ့ပတ်သက်ပြီး လုပ်ငန်းခွင်တွေမှာ ဆောင် ရွက်ထားရမယ့်အချက်တွေ၊ ကျန်းမာရေး စံသတ်မှတ်ချက်တွေနဲ့အညီ လိုက်နာဆောင် ရွက်စေပြီးတော့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန တို့ရဲ့ စစ်ဆေးချက်တွေကို ခံယူစေမှာဖြစ်ပါ တယ်” ဟု ပြည်နယ်ဦးစီးမှူး ဦးသန်းထွဋ်ခိုင် က ပြောသည်။

မွန်ပြည်နယ်၏ မည်သည့်ဒေသ၊ မည်သည့်မြို့နယ်သို့ သွားရောက်စေကာမူ ဖော်ရွေပျူငှာသော ဒေသခံများ၏ ချစ်စရာ ဓလေ့ထုံးတမ်းများ၊ ပွဲတော်များနှင့် ရိုးရာစားသောက်ဖွယ်ရာများ၊ အနားယူအပန်းဖြေ ရန်ကောင်းမွန်သော ဟိုတယ်ဝန်ဆောင် မှုများ၊ သာယာလှပသော နေရာဒေသများ၊ နယ်မြေကျွမ်းကျင်သော ဒေသခံဧည့်လမ်း ညွှန်များဖြင့် စိတ်လက်ပေါ့ပါးစွာ သာယာပျော်ရွှင်ဖွယ် ခရီးစဉ်များစွာကို ခရီးအနှံ့ ခြေဆန့် နိုင်မည်ဖြစ်ရာ ပြည်နယ်ဦးစီးမှူး ဦးသန်းထွဋ်ခိုင်က “ကိုဗစ်-၁၉ ကာလ လွန်မြောက်တာနဲ့ မွန်ပြည်နယ်ကို ပျော်ရွှင် ဘေးကင်းစွာ လာရောက်လည်ပတ်ကြဖို့ ဖိတ်ခေါ်ပါတယ်” ဟု ဖိတ်မန္တက စကားဆို လေသည်။

သတင်းဆောင်းပါး - သီသီမင်း၊ ဓာတ်ပုံ - ခိုင်ခိုင်

5

 

1