ဒေါက်တာထွန်းမြင့် (မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်)

 

ကိုဗစ်-၁၉ ရောဂါကြောင့် မြန်မာနိုင်ငံအပါအဝင် နိုင်ငံတကာတွင် လူမှုစီးပွားဘဝ ထိခိုက်မှုများ ကြုံတွေ့ခဲ့ရပြီး အချို့နိုင်ငံများအကျဘက်သို့ ဦးတည်နေသည်။ ထိခိုက်မှုကို ပြန်လည်ကုစားရန် မိမိတို့ အခြေခံအင်အားအပေါ်မူတည်၍ နိုင်ငံအသီးသီးက ကြိုးစားလျက်ရှိကြသည်။ မြန်မာနိုင်ငံအနေဖြင့် မိမိမှာရှိသည့် အခြေခံအင်အားကို အပြည့်အဝအသုံးချကာ နိုင်ငံအတွင်းရှိ ဒေသအလိုက် အသားကျနေပြီးဖြစ်သော အလားအလာကောင်းသည့် စီးပွားရေးကဏ္ဍများကို မြှင့်တင်ခြင်းမှတစ်ဆင့် နိုင်ငံတော်၏ စီးပွားရေးအရှိန်ကိုမြှင့်တင်ရန် လိုအပ်သည်။

 

မြန်မာနိုင်ငံအတွင်းရှိ အခြေခံအင်အားတစ်ခုမှာ နိုင်ငံ့လူဦးရေ၏ ၅၁ ဒသမ ၈ ရာခိုင်နှုန်းရှိနေသော အမျိုးသမီးထုကြီးပင်ဖြစ်သည်။ နိုင်ငံ့စီးပွားရေးကို တစ်စိတ်တစ်ဒေသ ကျားကန်ပေးနိုင်သော ဒေသနှင့်အလားအလာကောင်းသော စီးပွားရေးကဏ္ဍကို ထောက်ပြရပါလျှင် မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်းဒေသနှင့် ထိုဒေသရှိ ဆိတ်မွေးမြူရေးကဏ္ဍပင် ဖြစ်ပါသည်။

 

ကျေးလက်ဒေသ၏ အရေးကြီးနေရာများမှ အမျိုးသမီးထု

 

မြန်မာနိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းသည် ကျေးလက်နေပြည်သူများဖြစ်သည်။ ထိုအထဲတွင် အမျိုးသမီးများသည် ကျေးလက်၏ အင်အားစုအဖြစ် ရပ်တည်လျက်ရှိသည်။ ကျေးလက်ဒေသ၏ မိသားစုတစ်စုတွင် မိသားစုအာဟာရပြည့်မီရေးနှင့် ကျန်းမာရေးအတွက် အမျိုးသမီးများသည် အရေးကြီး အခန်းကဏ္ဍမှ ပါဝင်နေကြသည်။ သားသမီးများ၏ ပညာရည်တိုးတက်မှုအတွက်လည်း အမျိုးသမီးများကပင် ပိုမို ဝါယမစိုက်ထုတ် လုပ်ကိုင်နေကြသည်။ မိဘ၊ သက်ကြီးရွယ်အိုများအား ပြုစုစောင့်ရှောက်ရေးတွင်လည်း မေတ္တာစိတ်အပြည့်ဖြင့် ပါဝင်နေကြသည်။ သာရေး၊ နာရေး၊ လူမှုရေးကိစ္စများတွင်လည်း အမျိုးသားများနည်းတူ အတက်သရော ပါဝင်လုပ်ဆောင်နေသည့်အပြင် မြန်မာ့ဓလေ့ထုံးတမ်းအရ အိမ်ထောင်ဦးစီး၏နောက် ရပ်တည်၍ မိသားစုအတွက် အထွေထွေ ထောက်ပံ့ပေးနေသူများဖြစ်ကြောင်း လေ့လာသိရှိရပါသည်။

 

ထို့အပြင် ကျေးလက်နေပြည်သူလူထု၏ အဓိက စီးပွားရေးလုပ်ငန်းဟု ဆိုအပ်သော မိသားစု စိုက်ပျိုး မွေးမြူရေး လုပ်ငန်းတွင်လည်း အမျိုးသားများနှင့်အတူ လုပ်ကိုင်နေကြရသည်။ အိမ်ထောင်ဦးစီး ယောက်ျားသည် မိသားစုအတွက် အဓိကငွေရှာသူဖြစ်လင့်ကစား အမျိုးသမီးများကလည်း မိသားစုဝင်ငွေကို တစ်ဖက်တစ်လမ်းမှ ရှာဖွေနေကြသူများဖြစ်သည်။ မောင်တစ်ထမ်း မယ်တစ်ရွက်ထက် သာလွန်၍ မယ်လည်းတစ်ထမ်း ထမ်းနိုင်နေသော ကျေးလက်အမျိုးသမီးများပင် ဖြစ်သည်။ အာဂအမျိုးသမီးများဖြစ်ပြီး စွမ်းအားကြီးသည်မှာ သိသာလှပေသည်။

 

မြန်မာ့ဆိတ်များနှင့် အလားအလာကောင်းများ

 

မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၏ ၂၀၂၀ ပြည့်နှစ် စာရင်းအရ မြန်မာနိုင်ငံတွင် ဆိတ်ကောင်ရေ ၁ ဒသမ ၇ သန်းကျော်ရှိသည်ဟု လေ့လာသိရှိရသည်။ ဆိတ်များကို မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်းဒေသများဖြစ်သော မန္တလေး၊ မကွေးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် အများဆုံး မွေးမြူကြသည်။ မြန်မာနိုင်ငံ၏ ဒေသမျိုးရင်းဆိတ်များအဖြစ် ဂျိတ်နီမျိုး၊ ထိန်စမ်းခေါ် ညောင်ဦးမျိုးနှင့် ဝေသာလီမျိုးဟူ၍ ခွဲခြားသတ်မှတ်ထားသည်။

 

မြန်မာ့ဆိတ်မျိုးများသည် ကိုယ်လုံးကိုယ်ပေါက်၊ အရောင်အသွေး စသည့် ပြင်ပရုပ်သွင် ကွဲပြားကြသည်။ ဂျိတ်နီဆိတ်များကို မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ်၊ စဉ့်ကိုင်မြို့နယ်နှင့် မြင်းခြံမြို့နယ်တို့တွင် လည်းကောင်း၊ ထိန်စမ်း ဆိတ်မျိုးများကို ပုဂံ၊ ပုပ္ပားနှင့် ညောင်ဦးမြို့နယ်တွင်လည်းကောင်း၊ ဝေသာလီဆိတ်သားများကို မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ်၊ ပေါက်မြို့နယ်နှင့် မြိုင်မြို့နယ်တို့တွင်လည်းကောင်း အများဆုံး မွေးမြူလျက်ရှိသည်။

 

အသက်တစ်နှစ်အရွယ်တွင် ဂျိတ်နီဆိတ်မျိုးများသည် ၂၅-၃၅ ကီလိုဂရမ် (၁၅-၂၀ ပိဿာခန့်)၊ ထိန်စမ်းမျိုးများ သည် ၂၅-၃၀ ကီလိုဂရမ် (၁၅-၁၉ ပိဿာခန့်)၊ ဝေသာလီ ဆိတ်မျိုးများသည် ၃၅-၃၈ ကီလိုဂရမ်(၂ဝ-၂၄ ပိဿာခန့်) အထိ ကြီးထွားကြသည်။

 

နိုင်ငံတကာ အဏုမြူစွမ်းအင်ဂျင်စီနှင့် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနတို့ ပူးပေါင်းကာ မြန်မာ့ ဆိတ်မျိုးများ၏ မျိုးဗီဇဆိုင်ရာ အချက်အလက်များကို မော်လီကျူလာ နည်းပညာများဖြင့် တိုင်းတာခဲ့ရာ ထိန်စမ်းမျိုးနှင့် ဝေသာလီမျိုးတို့သည် မျိုးဗီဇအရ နီးကပ်စွာ ရောယှက်လျက်ရှိပြီး ဂျိတ်နီဆိတ်မျိုးသည် ကိုယ်ပိုင်သီးသန့်မျိုးဗီဇ ပိုင်ဆိုင်ထားသည်ဟု လေ့လာသိရှိရသည်။ ထို့အပြင် မြန်မာဆိတ်မျိုးများသည် အာရှဆိတ်မျိုးများ၏ မိဘမျိုးရိုးဗီဇအတိုင်း ပိုမိုလွှမ်းမိုးမှုရှိနေပြီး တရုတ်ဆိတ်မျိုး မိခင်၏ မျိုးဗီဇမှ ဆင်းသက်လာသည်ဟုလည်း လေ့လာသိရှိရသည်။

 

မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်၏ လေ့လာမှုတစ်ရပ်တွင် အသက် ၁၀ လအရွယ်ရှိ ဂျိတ်နီဆိတ်မျိုး နှင့် ထိန်စမ်းဆိတ်မျိုးများကို လွှတ်ကျောင်းခြင်းမရှိဘဲ ခြံလှောင်မွေးမြူထား၍ ကောက်ရိုး၊ ပဲဖတ်နှင့် ဘောစကိုင်းရွက်တို့ အချိုးကျပါဝင်သော စပ်စာကို ကျွေးကာ ၎င်းတို့၏ သွေးဆဲလ်များနှင့် သွေးအတွင်း ဇီဝဓာတုဗေဒပြောင်းလဲမှု အခြေအနေ၊ အစာချေဖျက်မှု၊ ခန္ဓာကိုယ်အတွင်း အာဟာရသုံးစွဲနိုင်မှုနှင့် ကြီးထွားမှု စသည်တို့ကို လေ့လာဆန်းစစ်ခဲ့သည်။

 

ဤလေ့လာမှုအရ ဂျိတ်နီဆိတ်မျိုးများသည် စပ်စာကျွေး၍ ခြံလှောင်မွေးမြူခြင်းကို နေသားတကျဖြစ်ရန် ခက်ခဲပြီး ထိန်စမ်းမျိုးကသာ အလွယ်တကူ နေသားတကျဖြစ်ကာ ပိုမိုကြီးထွားလာကြောင်း သိရှိခဲ့ရသည်။ ဂျိတ်နီ ဆိတ်မျိုးများသည် လွှတ်ကျောင်းစနစ်နှင့် ပိုမိုကိုက်ညီကြောင်း သုံးသပ်ရသည်။ ထို့ကြောင့် မိရိုးဖလာ မွေးမြူရေးစနစ်မှ စီးပွားဖြစ် ခေတ်မီနည်းပညသုံး မွေးမြူရေးစနစ်သို့ ပြောင်းလဲမည်ဆိုပါက မျိုးရွေးချယ်မှုမှန်ကန်ရန် အရေးကြီးကြောင်း သုတေသနပြု လေ့လာမှုမှ သိရှိခဲ့ရသည်။

 

မြန်မာနိုင်ငံမှ ဆိတ်မွေးမြူသည့်ဓလေ့နှင့် ပြည်ပဈေးကွက် အလားအလာ

 

ယေဘုယျအားဖြင့် ဆိတ်မတစ်ကောင်၏ ကိုယ်ဝန်ဆောင်ကာလမှာ ပျမ်းမျှ ရက်ပေါင်း ၁၅၀ ဝန်းကျင်သာရှိသည်။ တစ်ခါ သားမွေးလျှင် တစ်ကောင်မှ သုံးကောင် မွေးဖွားကြသည်။ မျိုးအပေါ်မူတည်၍ တစ်နှစ်မှ တစ်နှစ်ခွဲအတွင်း နှစ်ကြိမ် သားဖွားနိုင်ကြသည်။ ဆိတ်မတစ်ကောင်သည် အသက် ငါးနှစ်မှ ခုနစ်နှစ်အတွင်း အကောင်းဆုံး မျိုးပွားနိုင်သည်။ ဒေသမျိုးများဖြစ်၍ ရောဂါဒဏ်ကိုလည်း ခံနိုင်ရည်ရှိကြသည်။ အစာကျွေးမွေးရန်အတွက်လည်း အထူးရှာဖွေပေးရန် မလိုပေ။

 

မြန်မာနိုင်ငံရှိ ဆိတ်မွေးမြူကြသူ တောင်သူများ၏ မိရိုးဖလာ မွေးမြူရေးဓလေ့အရ ရာသီအပေါ်မူတည်ပြီး တစ်ရက်လျှင်တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ် လွှတ်ကျောင်း လေ့ရှိသည်။ ဆိတ်များအတွက် စားကျက်များကိုလည်း အထူးစိုက်ပျိုးပေးထားရန်မလိုပေ။ အများဆိုင် ကျေးရွာ စားကျက်ကွင်းများတွင် လွှတ်ကျောင်းပေးလေ့ရှိသည်။ ဆိတ်များသည် အစာရေစာရှားပါးသော ရာသီများ၌ပင် ၎င်းတို့၏ သဘာဝအရ အာဟာရဓာတ်လိုအပ်ချက်ကို ပြည့်မီအောင် ရှာဖွေစားသောက်နိုင်ကြသည်။ မိရိုးဖလာ မွေးမြူရေးစနစ်အရ အိမ်တွင် ဖြည့်စွက်အစာ ထမ်မံမကျွေးသော်လည်း ဆိတ်အသက် တစ်နှစ် သို့မဟုတ် တစ်နှစ်ခွဲအရွယ်တွင် ဈေးကွက်သို့ တင်ပို့ရောင်းချနိုင်သည်။

 

ယခုအခါ ဆိတ်များကို ပြည်ပပို့ကုန်အဖြစ် တင်ပို့ရောင်းချနေပြီဖြစ်သည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ဆိတ်အရှင်များ တင်ပို့ရောင်းချမှုမှ ၂၀၁၉ ခုနှစ် တစ်နှစ် တည်းတွင်ပင် အမေရိကန်ဒေါ်လာ ၁ ဒသမ ၂၇ သန်းဖိုး ရရှိခဲ့သည်ဟု လေ့လာသိရှိရသည်။

 

ကျေးလက်နေပြည်သူလူထုအတွက် ဆိတ်မွေးမြူရေးလုပ်ငန်း၏ စီးပွားရေးအရ အလားအလာကောင်းများကို ချုပ်၍ဆိုရပါမူ ဆိတ်များသည် အခြား ကျွဲ၊ နွား မွေးမြူရေးလုပ်ငန်းနှင့် နှိုင်းစာလျှင် အချိန်တိုအတွင်း မျိုးပွားလွယ်သော တိရစ္ဆာန်များဖြစ်ခြင်း၊ အစားအစာအတွက် လုပ်အားနှင့် ငွေကြေးကုန်ကျမှုသက်သာခြင်း၊ အချိန်တိုအတွင်း မိသားစုဝင်ငွေ ဖော်ဆောင်ပေးခြင်းမှတစ်ဆင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ တိုးတက်လာစေခြင်းနှင့် ပြည်ပသို့တင်ပို့ခြင်းဖြင့် နိုင်ငံတော်၏ စီးပွားရေးကို အထောက်အကူပြုနိုင်ခြင်း စသည်တို့ဖြစ်သည်။

 

ကျေးလက်ဆိတ်မွေးမြူရေးကဏ္ဍတွင် အမျိုးသမီးများပါဝင်မှုကို လေ့လာခြင်း

 

မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်က ဩစတြေးလျနိုင်ငံ မဲလ်ဘုန်းတက္ကသိုလ်နှင့် ပူးပေါင်းကာ ကျေးလက်ဒေသ တစ်ပိုင်တစ်နိုင် ဆိတ်မွေးမြူရေးလုပ်ငန်းများတွင် အမျိုးသမီးများပါဝင်နေမှုကို ၂၀၁၈ ခုနှစ်က လေ့လာမှုတစ်ခု ပြုလုပ်ခဲ့သည်။ မိတ္ထီလာမြို့နယ်၊ မြင်းခြံမြို့နယ်နှင့် နွားထိုးကြီးမြို့နယ်များအတွင်းရှိ ကျေးရွာ ရှစ်ရွာတွင် ကနဦးလေ့လာမှု Pilot study အဖြစ် စတင်ခဲ့သည်။

 

အဆိုပါမြို့နယ်များရှိ ကျေးရွာများမှ ဆိတ်မွေးမြူ ရေးတောင်သူ ၆၀ အား ၎င်းတို့၏ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများအကြောင်း၊ ဝင်ငွေနှင့် လူမှုစီးပွားဘဝဆိုင်ရာ အချက်အလက်များ၊ ဆိတ်မွေးမြူရေး လုပ်ငန်းတွင် မိသားစုတာဝန် ခွဲဝေယူကြပုံ ကြုံတွေ့နေရသော အခက်အခဲများ၊ တိရစ္ဆာန်ကျန်းမာရေးဆိုင်ရာ ဗဟုသုတနှင့် ဆိတ်မွေးမြူရေးလုပ်ငန်းအပေါ် ၎င်းတို့၏ အမြင်သဘောထား စသည်တို့ကို မေးမြန်းခဲ့သည်။

 

မေးမြန်းခဲ့မှုအပေါ် အခြေခံ၍ ကိန်းဂဏန်းတွက်ချက်မှုများ ပြုလုပ်ခဲ့ရာ မွေးမြူသူများတွင် ကိုယ်ပိုင်တိရစ္ဆာန်ကို ကိုယ့်အိမ်မှာထား၍ ကိုယ်တိုင်စီမံခန့်ခွဲပြီး မွေးမြူသူ၊ ကိုယ်ပိုင်တိရစ္ဆာန်ကို အခြားသူ၏အိမ်၌ထားရှိကာ ကိုယ်တိုင်စီမံခန့်ခွဲ မွေးမြူသူနှင့် အခြားသူ၏တိရစ္ဆာန်ကို ကိုယ့်အိမ်၌ထားကာ ကိုယ်ကတာဝန်ယူ စီမံခန့်ခွဲ၍ မွေးမြူသူဟု တွေ့ရှိခဲ့သည်။

 

လေ့လာခဲ့သောဒေသရှိ မွေးမြူရေးသမား အများစုသည် ကိုယ်ပိုင်ဆိတ်များကို ကိုယ့်အိမ်မှာထား၍ ကိုယ်တိုင် စီမံခန့်ခွဲမွေးမြူသူများ ဖြစ်သည်။ ဆိတ်ခြံအတွင်း သားမွေးနိုင်သော ဆိတ်မကြီးများ အရေအတွက်သည် အများဆုံး ဆိတ်မငယ်များသည် ဒုတိယအများဆုံးနှင့် သင်းကွပ်ထားသော ဆိတ်ထီးများက တတိယအများဆုံး ပါဝင်မွေးမြူထားကြသည်။ ထူးခြားချက်အဖြစ် သင်းကွပ် ထားသောဆိတ်ထီးများကို သဘာဝ စားကျက်များတွင် လွှတ်ကျောင်းရုံသာမက အိမ်တွင်လည်း ဖြည့်စွက်စာကျွေးကာ အသားတိုးအဖြစ် သီးသန့်မွေးမြူသူ အနည်းငယ်ကိုလည်း တွေ့ရှိခဲ့သည်။

 

ဆိတ်မွေးမြူသူတောင်သူများ၏ဝင်ငွေကို စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်း လုပ်အားခ၊ ပြည်တွင်း သို့မဟုတ် ပြည်ပမှလွှဲပို့ငွေနှင့် အခြားဝင်ငွေဟူ၍ ခွဲခြားဆန်းစစ်ခဲ့ရာ ဆိတ်မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သော တောင်သူ ၆၀ အနက် တစ်ဦး၏ တစ်နှစ်တာအတွင်း ပျမ်းမျှဝင်ငွေသည် ငွေကျပ် ၁၉ သိန်းခန့်ဖြစ်ကြောင်း တွေ့ရှိရသည်။

 

ဆိတ်မွေးမြူရေးလုပ်ငန်းမှ အနည်းဆုံး ဝင်ငွေရရှိသူသည် ငွေကျပ်ရှစ်သောင်းမှ အများဆုံး ငွေကျပ်သိန်း ၅၀ အထိရှိနေသည်။ ၎င်းတို့၏ဝင်ငွေသည် မွေးမြူထားသော ဆိတ်ကောင်ရေအပေါ်မူတည်၍ ကွဲပြားခြားနားနေ ခြင်းဖြစ်သည်။ ဆိတ်မွေးမြူရေးသည် ဝင်ငွေကောင်းသော လုပ်ငန်းဖြစ်ခြင်းကြောင့် တောင်သူများအား မိရိုးဖလာ မွေးမြူရေးလုပ်ငန်းအစား ခေတ်မီနည်းပညာသုံး မွေးမြူရေးဆိုင်ရာ ဗဟုသုတများမြှင့်တင်ပေးပြီး ဝင်ငွေတိုးတက်ရရှိရေး စီမံကိန်းများ ချမှတ်ဆောင်ရွက် သင့်ပါသည်။ ။

 

မိသားစုအတွင်း ဆိတ်မွေးမြူရေးလုပ်ငန်းတာဝန်များ ခွဲဝေယူခြင်းနှင့် အမျိုးသမီးများ ပါဝင်လုပ်ကိုင်နေမှုကို ဆန်းစစ်သည့်အခါ လွှတ်ကျောင်းခြင်း၊ အိမ်၌အစာကျွေး၊ ရေတိုက်ခြင်း၊ ဆိတ်ရောင်း၊ ဆိတ်ဝယ် ပြုလုပ်ခြင်း၊ ထိုသို့ပြုလုပ်ခြင်းကို ဆုံးဖြတ်ချက်ချခြင်း၊ ဆိတ်များဖျားနာသည့်အခါ ပြုစုစောင့်ရှောက်ခြင်း၊ ဆေးကုသခြင်းနှင့် ဆိတ်ရောင်းခြင်းမှ ရသောဝင်ငွေကို ကိုင်တွယ်အသုံးပြုခြင်း စသည့်လုပ်ငန်းတာဝန်များအလိုက် ခွဲခြားဆန်းစစ်ခဲ့ရာ အဆိုပါတာဝန်များကို အရွယ်ရောက်ပြီးသူ အမျိုးသားရော အမျိုးသမီးများပါ အဓိက လုပ်ဆောင်ကြသည်ကို တွေ့ရသည်။ အရွယ်မရောက်သေးသည့် ကလေးများပင် မိသားစုဝင်ငွေအတွက် လုပ်ငန်းတာဝန်အချို့ကို ခွဲဝေယူကြသည်ကိုလည်း အနည်းငယ်တွေ့ရသည်။

 

လေ့လာခဲ့သောဒေသများရှိ ဆိတ်မွေးမြူရေးလုပ်ငန်းတွင် အမျိုးသမီးများသည် ၄၄ ရာခိုင်နှုန်းခန့်အထိ ပါဝင် ဆောင်ရွက်နေသည်ကို တွေ့ရသည်။ အိမ်တွင် လုပ်ကိုင်ရသော အစာကျွေးခြင်း၊ ရေတိုက်ခြင်း၊ ဖျားနာပြုစုခြင်း လုပ်ငန်းများသာမက အိမ်ပြင်ပထွက်၍ လုပ်ကိုင်ရသော လွှတ်ကျောင်းခြင်း လုပ်ငန်းများကိုလည်းပဲ အမျိုးသားများနည်းတူ လုပ်ကိုင်ဆောင်ရွက်သည်ကို တွေ့ရှိရပါသည်။ အထူးသဖြင့် ဖျားနာပြုစုခြင်း၊ ရိုးရာနည်းဖြင့် ဆေးကုသခြင်းနှင့် ဆိတ်မွေးမြူရေးမှ ရရှိသောဝင်ငွေကို မိသားစု စားဝတ်နေရေးအတွက် အသုံးပြုခြင်း လုပ်ငန်းများတွင် အမျိုးသမီးများက အမျိုးသားများထက်ပင် ကျော်လွန်လုပ်ကိုင်နေကြသည်ကို တွေ့ရှိရသည်။ အထူးစိတ်ဝင်စားဖွယ် ကောင်းသည့်အချက်မှာ အဆိုပါဒေသရှိ အမျိုးသမီးများသည် ဆိတ်ပွဲစားများနှင့် ထိတွေ့ဆက်ဆံ၍ ဆိတ်ကျောင်း၊ ဆိတ်ဝယ်ခြင်းနှင့် ထိုသို့ပြုလုပ်ရန် ဆုံးဖြတ်ချက်ချခြင်း လုပ်ငန်းများတွင်လည်း အမျိုးသားများနည်းတူ ပါဝင်လုပ်ကိုင် ဆောင်ရွက်နိုင်ကြသည်ကို တွေ့ရှိရသည်။

 

မွေးမြူရေးတောင်သူများသည် ဆိတ်များကို အငှားမွေးမြူခြင်းထက် ကိုယ်ပိုင်ဝယ်ယူမွေးမြူကြခြင်း၊ မျိုးပွားမြန်သည့် ဆိတ်မကြီးများကိုသာ အများဆုံး မွေးမြူထားခြင်း၊ ကြီးထွားမှုမြန်ကာ ဈေးကွက်လှသော သင်းကွပ်ထားသည့် ဆိတ်ထီးများကို စတင်မွေးမြူလာခြင်း၊ မိရိုးဖလာ လွှတ်ကျောင်းစနစ်နှင့်အတူ အိမ်တွင် ဖြည့်စွက်စာ ထပ်မံကျွေးခြင်းကို စတင်ကျင့်သုံးလာခြင်း၊ မိသားစုတစ်စုတွင် လူကြီးများကသာ ဆိတ်မွေးမြူရေး၏ လုပ်ငန်းတာဝန်အများစုကို ဆောင်ရွက်နေခြင်း၊ အမျိုးသမီးများသည် ဆိတ်မွေးမြူရေးနှင့် ပတ်သက်၍ မိသားစုအတွင်း ဆုံးဖြတ်ချက်ချခြင်းကဲ့သို့သော အရေးကြီးတာဝန်များကို အမျိုးသားများနည်းတူ ဆောင်ရွက်နေခြင်းနှင့် ဆိတ်မွေးမြူရေး လုပ်ငန်းမှ ရရှိသော ဝင်ငွေကို လူမှုစီးပွားဘဝအတွက် အမျိုးသမီးများက ဦးဆောင် စီမံခန့်ခွဲနေခြင်း စသည့်အချက်အလက်များကို သိရှိခဲ့ရသည်။

 

ထိုနည်းတူ သာစည်မြို့နယ်၊ ဝမ်းတွင်းမြို့နယ်၊ နတ်မောက်မြို့နယ် မြိုင်မြို့နယ်နှင့် မလှိုင်မြို့နယ်များတွင် အလားတူ လေ့လာမှုများကို အများအပြား ပြုလုပ်ခဲ့ရာတွင်လည်း ဆိတ်မွေးမြူရေးလုပ်ငန်းတွင် အမျိုးသမီးများ ပါဝင်နေမှု များပြားကြောင်း တွေ့ရသည်။

 

အားသာချက်များ စုစည်း၍ ဆိတ်မွေးမြူရေးကို အရှိန်မြှင့် ဆောင်ရွက်နိုင်ခြင်း

 

ဆိတ်များသည်ကျွဲ၊ နွားကဲ့သို့ ကိုင်တွယ်ထိန်းကျောင်း ရန်ခက်ခဲသော တိရစ္ဆာန်များမဟုတ်ဘဲ အမျိုးသမီးများပင် လွယ်ကူစွာ ကိုင်တွယ် ထိန်းကျောင်းနိုင်ခြင်းနှင့် ကျေးလက်ဒေသ ဆိတ်မွေးမြူရေးတွင် အမျိုးသားများနည်းတူ အမျိုးသမီးများကလည်း နေသားတကျ လုပ်ကိုင်နိုင်ခြင်း စသည်တို့သည် ဆိတ်မွေးမြူရေးလုပ်ငန်းကို အရှိန်မြှင့်ရန်အတွက် အလွန်အရေးကြီးသော အခြေခံ အားသာချက်များပင် ဖြစ်သည်။

 

ပြည်ပပို့ကုန်လိုအပ်ချက် ရှိနေချိန်ဖြစ်သဖြင့် မွေးမြူရေးကို အရှိန်မြှင့်တင်ရန် အချိန်အခါကောင်းလည်း ဖြစ်နေသည်။ ဆိတ်များသည် ကုန်ကျစရိတ် သက်သက်သာသာဖြင့် မွေးမြူနိုင်ပြီး အချိန်တိုအတွင်း မျိုးပွားမြန်သဖြင့် ကျေးလက်နေ မွေးမြူရေးတောင်သူများအတွက် အမြန်ဆုံး ဝင်ငွေပေးစွမ်းနိုင်သော ငွေစုစာအုပ်ပမာ ဖြစ်သည်။

 

ဆိတ်များသည် အခြား ကြက်နှင့် ဝက်ကဲ့သို့ လူတို့ စားသောအစာကို မစားဘဲ ကြီးထွားရှင်သန်နေနိုင်ကြပြီး အစာမျှဝေရယူမှု မရှိသဖြင့် လူသားများအတွက် အစား အစာဖူလုံရေးကို မထိခိုက်စေပါ။ ထို့အပြင် မျက်နှာပန်းလှသော ပြည်ပပို့ကုန်ဖြစ်သဖြင့် ပိုမိုထုတ်လုပ်နိုင်လေ၊ နိုင်ငံတော်အတွက် အကျိုးအမြတ်များလေဖြစ်သည်။ ဤသို့ ဆိတ်မွေးမြူခြင်း၏ အားသာချက် အလားအလာ ကောင်းများကို အကောင်အထည်ဖော်ပေးနိုင်မည့် နိုင်ငံတော်၏ အင်အားစု တစ်ခုဖြစ်သည့် ကျေးလက်နေ အမျိုးသမီးများနှင့် ဟန်ချက်ညီညီ ချိတ်ဆက်ပေးရန်လိုအပ်နေသည်။ အဆိုပါ အင်အားစုများ၏ စွမ်းဆောင်ရည်ကိုလည်း မြှင့်တင်ပေးရန် လိုအပ်သည်။

 

ကျေးလက်နေ အမျိုးသမီးများအား ဆိတ်မွေးမြူရေးတွင် ပိုမိုအာရုံစိုက်လာအောင် ပြုလုပ်ပေးရန် လိုအပ်သည်။ ၎င်းတို့၏လုပ်နိုင်စွမ်းကိုလည်း ၎င်းတို့ကိုယ်တိုင် သိရှိနားလည်ကာ မိမိကိုယ်မိမိ ယုံကြည်မှု ရှိလာစေရေး အားပေးတိုက်တွန်းရန် လိုအပ်နေသည်။ အဖွဲ့အစည်း အသီးသီးက ကမကထပြု ဦးစီးသော မွေးမြူရေးဆိုင်ရာ အသိပညာပေးသင်တန်း၊ ဟောပြောပွဲများနှင့် လက်တွေ့ သရုပ်ပြ သင်ကြားမှုများတွင် ကျေးလက်နေ အမျိုးသားများသာမက အမျိုးသမီးထုကိုပါ ပိုမိုတက်ရောက်စေခြင်းဖြင့် မွေးမြူရေးဆိုင်ရာ အသိပညာ ဗဟုသုတများ မြှင့်တင်ပေးသင့်သည်။ လိုအပ်သော အရင်းအနှီး ငွေကြေးစသည်တို့ကိုလည်း မတည်ထောက်ပံ့ပေးရန် လိုအပ်သည်။

 

မြန်မာနိုင်ငံ၏ အဓိကအင်အားစုတစ်ရပ်ဖြစ်သော ကျေးလက်အမျိုးသမီးများ နေ့စဉ်ဝင်ငွေတိုးကာ လူနေမှု ဘဝအဆင့်အတန်း မြင့်မားလာစေရေးအတွက် ၎င်းတို့နှင့် သဟဇာတဖြစ်သော ဆိတ်မွေးမြူရေးကို သက်ဆိုင်ရာ ကဏ္ဍများက မူဝါဒများချမှတ်ကာ ပံ့ပိုးပေးသင့်လှပေသည်။ ထိုသို့ပြုလုပ်ပေးခြင်းအားဖြင့် "တိုင်း၍ရက်သည့် ပက္ကလာ၊ မိုးရွာသည်နှင့်အခန့်သင့်" ဆိုသကဲ့သို့ ကမ္ဘာ့ကပ်ရောဂါဆိုး ကိုဗစ်-၁၉ကြောင့် ဖြစ်ပေါ်နေသည့် လူမှုစီးပွားဘဝ ထိခိုက်မှုများကိုအ ချိန်အနည်းငယ်အတွင်း အတိုင်းအတာတစ်ခုအထိ ပြန်လည်ကုစားပေးနိုင်မည့် နည်းလမ်းတစ်ခုလည်း ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပေသည်။ ။