ကိုဗစ်အန္တရာယ် ဆက်လက်ကာကွယ်

၁၄  ဒီဇင်ဘာ

ကိုဗစ်-၁၉ ရောဂါပိုးက ယနေ့ထက်တိုင် အင်အားကောင်းကောင်းဖြင့် ကမ္ဘာလှည့် ခြိမ်းခြောက်နေဆဲဖြစ်သည်။ ရောဂါပိုးကူးစက်ပြီးသည်မှာ ကမ္ဘာတစ်ဝန်းတွင် စုစုပေါင်း ၇၃ သန်းနီးပါးရှိနေပြီး ရောဂါကြောင့် အသက်ဆုံးရှုံးရသည်မှာ တစ်သန်းခွဲကျော်နေပြီတည်း။

ယခုအခါ ကိုဗစ်ရောဂါ ကာကွယ်ဆေးတွေ့ပြီဆိုသော်လည်း ကာကွယ်ဆေးထိုးနှံခြင်းကို ကမ္ဘာ့လူဦးရေနှင့် ကိုက်ညီအောင် ထိန်းချုပ်မိဖို့အတွက် လုံလောက်သည့် အရေအတွက်ပြည့်မီအောင် ထုတ်လုပ်နိုင်ရေးက အချိန်ယူရပေဦးမည်။ ထုတ်လုပ်မှုကုန်ကျ စရိတ်ကလည်း မနည်းလှသည်ဖြစ်သည့်အတွက် လွယ်လွယ်ကူကူနှင့် ပြီးစီးသွားလိမ့်မည်၊ စိတ်အေးလက်အေးနေနိုင်ပြီဟု ယတိပြတ် သဘောထားလို့ ရဦးမည်မဟုတ်ပါ။

ကိုဗစ်ရောဂါနှင့် ပတ်သက်၍ စိုးရိမ်ပူပန်မှု အလွန်အကျွံမဖြစ် ကြရန် ကျန်းမာရေးပညာရှင်များက သတိပေး ပြောဆိုနေကြသော်လည်း ပေါ့ပေါ့ဆဆသဘောမထားရန်ကိုလည်း တစ်ပြိုင်နက် တည်း ကြေညာနေကြပါသည်။

အထူးသဖြင့်မူ မြန်မာနိုင်ငံကဲ့သို့သော ကျန်းမာရေးဆိုင်ရာ အခြေခံအဆောက်အအုံများကလည်း အားနည်း၊ လူ့စွမ်းအား အရင်းအမြစ်ကလည်း မလုံလောက်၊ နည်းပညာနှင့်သုတေသန အစရှိသည်တို့ကလည်း မရှိသလောက်၊ ဓနဥစ္စာပြည့်စုံမှုကလည်း ချို့တဲ့သည့် အားလျော်စွာ ပိုမိုသတိထား ထိန်းထိန်းသိမ်းသိမ်း နေကြရမည်ဖြစ်ပါသည်။ ငွေကြေးဥစ္စာနှင့် ဆက်စပ်ဆိုရပါမူ မြန်မာ နိုင်ငံသည် ယနေ့ထက်တိုင် ဆင်းရဲသည့်နိုင်ငံ ဖြစ်ပါသည်။

ဤသည်က လျှို့ဝှက်ချက်မဟုတ်သလို နိုင်ငံသားပြည်သူတို့အနေဖြင့် အားငယ်နေရမည်လည်း မဟုတ်ပါ။ သို့သော်လည်း မိမိတို့၏ ပကတိအခြေအနေမှန်ကို နားလည်ကြရန်ကား လိုအပ်မည်ဖြစ်ပါသည်။

ယခု ကိုဗစ်ရောဂါဖြစ်ပွားသည့်အခါ သတိထားကာကွယ် ထိန်းချုပ်နေသည့်ကြားက ဒုတိယလှိုင်းတွင် ပြည်နယ် ကူးလူးဆက်ဆံမှု၊ စည်းကမ်းကို မလိုက်နာသူများမှတစ်ဆင့် ကူးစက်နှုန်း များပြားလာလိုက်သည်မှာ ဖြစ်ပွားသူ ရာဂဏန်းမှသည် ယခုအခါ သိန်းဂဏန်းထိ တိုးမြင့်သွားခဲ့သည်။

ထိုသို့ ရောဂါပိုးကူးစက်သူဦးရေ တိုးမြင့်လာသည်နှင့်အမျှ နိုင်ငံတော်၏ ကျန်းမာရေးဆိုင်ရာ အစောင့်အရှောက်အတွက် ရင်းနှီးစိုက်ထုတ်ရခြင်းကလည်း တိုးမြင့်လာပါသည်။ ရောဂါဖြစ်ပွားသူ လူနာဦးရေ များသည်နှင့်အညီ၊ ပိုးကူးစက်ခံရသူ လူနာဦးရေများသည် နှင့်အညီ၊ ကူးစက်ခံရနိုင်သည့် သံသယလူနာဦးရေ များပြား လာသည်နှင့်အညီအမီလိုက်၍ စိုက်ထုတ်ရသည့်ကျန်းမာရေးဝန်ထမ်း လူစွမ်းအားရင်းမြစ်နှင့် ကျန်းမာရေးစရိတ်တို့ကလည်း မည်မျှတိုးမြင့် လာမည်ဆိုသည်ကို မှန်းဆကြည့်နိုင်ပါသည်။

ထိန်းချုပ်ရေးဗဟိုဌာနများ၊ ဆေးရုံများတွင် တစ်နေ့တစ်နေ့ စောင့်ရှောက်နေရသည့် လူနာဦးရေနှင့် အထွေထွေအခြေအနေကို မှန်းဆကြည့်လျှင်ပင် နားလည်နိုင်ပါသည်။ ယခုလို မိမိတို့ နိုင်ငံသူ နိုင်ငံသားတို့အကြား ဖြစ်ပွားလာသည့် ကျန်းမာရေးအရေးပေါ် အခြေအနေကို နိုင်ငံက မဖြစ်မနေ တာဝန်ယူရမည်ဖြစ်ပါသည်။ နိုင်ငံသားတို့၏ သေရေးရှင်ရေး၊ ဝေဒနာကင်းစင်ရေး၊ ကျန်းမာရေးဖြစ်သည့်အတွက် ဖင့်လေးတုံ့နှေးနေမည် မဟုတ်ဘဲ အစွမ်းကုန်ကြိုးစားကြရမည်သာ။

ယခုအခါ ကိုဗစ်ကူးစက်ပျံ့နှံ့မှုက အနည်းငယ်တုံ့နှေးသွားပြီ ဖြစ်သော်လည်း ဆက်လက်ထိန်းချုပ်ဆောင်ရွက်ရန် လိုအပ်နေဆဲ ဖြစ်ပါသည်။ ထို့ကြောင့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများက ကိုဗစ်ရောဂါပိုး ကာကွယ်ထိန်းချုပ် တားဆီးရေးအတွက် ယခင်ထုတ်ပြန်ထားသော ပန်ကြားချက်၊ အမိန့်၊ အမိန့်ကြော်ငြာစာ၊ ညွှန်ကြားချက်များအရ တားမြစ်ထား သည့် ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၁၅ ရက်အစား ဒီဇင်ဘာ ၃၁ ရက်အထိ ရက်တိုးမြှင့် သတ်မှတ်ကြောင်း ကြေညာလိုက်ပါသည်။

ပြည်သူလူထုအပေါင်း ထိုထုတ်ပြန်ကြေညာချက်အတိုင်း လိုက်နာကြရန်နှင့် ပြည်သူတစ်ဦးချင်း ပိုးကူးစက်မှု ကာကွယ်ရေး အခြေခံများဖြစ်သော လူစုလူဝေးရှောင်ကြဉ်ခြင်း၊ လက်ကို စနစ်တကျဆေးခြင်း၊ နှာခေါင်းစည်းတပ်ဆင်ခြင်း၊ လူချင်းထိတွေ့ ဆက်ဆံရာတွင် ကွာဝေးအောင်နေခြင်း စသည်တို့ကို လိုက်နာ ကျင့်ကြံကြရန် တိုက်တွန်းလိုပါသည်။ ။

မြန်မာနိုင်ငံတစ်ဝန်း ကိုဗစ်အန္တရာယ်မှ လုံးဝကင်းဝေးအေးချမ်း ကြပါစေသတည်း။ ။

မြန်မာ့အလင်း