ထွန်းသစ်စ

 

ကိုရိုနာဗိုင်းရပ်စ်ဟာ အရှေ့တောင်အာရှရဲ့ စီးပွားရေးနိုင်ငံ တစ်နိုင်ငံဖြစ်တဲ့ စင်ကာပူနိုင်ငံကို ဆယ်စုနှစ်ကျော်ကာလ အတွင်း ပထမဆုံးအကြိမ် စီးပွားရေးကျဆင်းမှု ဖြစ်စေခဲ့သလို စင်ကာပူနိုင်ငံရဲ့ စီးပွားရေးဟာ ဒုတိယသုံးလပတ် ကာလမှာ ၄၀ ရာခိုင်နှုန်းကျော် ကျဆင်းလာခဲ့ပါတယ်။


သုံးလပတ်ကာလ တစ်ခုပြီးတစ်ခု ၄၁ ဒသမ ၂ ရာခိုင် နှုန်း ကျဆင်းလာမှုဟာ စီးပွားရေး အဆိုးရွားဆုံးကျဆင်း လာခဲ့တာပဲ ဖြစ်ပါတယ်။ ဒါဟာ ကမ္ဘာ့ကုန်သွယ်ရေးရဲ့အပြောင်းအလဲကို ပြသလိုက်ခြင်းပဲဖြစ်သလို ကမ္ဘာ့ကုန် သွယ်ရေးကို အဆုံးအဖြတ်ပေးလိုက်တာပဲ ဖြစ်ပါတယ်။


ပထမဆုံးအကြိမ်စီးပွားရေးကျဆင်းလာ

ကုန်သွယ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်လိုက်တဲ့ အစောပိုင်း အချက်အလက်တွေအရ စီးပွားရေးဟာ ဧပြီလမှ ဇွန်လအထိ ၁၂ ဒသမ ၆ ရာခိုင်နှုန်း ကျဆင်းခဲ့ပါတယ်။ ဒါဟာ သုံးလပတ်ကာလ နှစ်ခုဆက်တိုက် စီးပွားရေး ကျလာခြင်းပဲဖြစ်ပါတယ်။ ဆိုလိုတာကတော့ စင်ကာပူနိုင်ငံဟာ ၂၀၀၉ ခုနှစ်ကစပြီး ပထမဆုံးအကြိမ် စီးပွားရေး ကျဆင်းမှု ဖြစ်ပေါ်လာတယ်ဆိုတဲ့ သဘောပါပဲ။


ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားနေချိန်မှာ နိုင်ငံအတော်များများ အသွားအလာကန့်သတ်ပိတ်ဆို့မှုတွေ လုပ်လိုက် တဲ့အချိန်မှာ ကုန်သွယ်ရေးအပေါ် မှီခိုနေရတဲ့ စင်ကာပူဟာ သူ့ရဲ့ စီးပွားရေးဆိုင်ရာ တိုးတက်မှုတွေကို ဖော်ပြခဲ့ပါ တယ်။ ဒါဟာ ဗိုင်းရပ်စ်ကြောင့် ကမ္ဘာ့စီးပွားရေး ကျဆင်းလာတဲ့ ဆိုးရွားတဲ့လက္ခဏာကို ဖော်ပြလိုက်သလိုပါပဲ။
မျှော်မှန်းထားတာထက် ပိုဆိုးတဲ့ ကိန်းဂဏန်းတွေဟာ ကုန်သွယ်ရေးအပေါ် မှီခိုနေရတဲ့ တခြားအာဆီယံ စီးပွားရေး တွေကိုလည်း ဆိုးရွားမှုတွေနဲ့ ကြုံတွေ့နိုင်တယ်ဆိုတဲ့အကြောင်း အချက်ပေးခေါင်းလောင်း ထိုးလိုက် သလိုပါပဲ။ အာဆီယံဒေသတွင်းကို ဆိုးရွားတဲ့ စီးပွားရေးလှိုင်းဂယက် မပျံ့နှံ့ခင်မှာ စင်ကာပူဟာ ပထမဆုံးအကြိမ် ဒီလှိုင်းဂယက်ကို ကြုံတွေ့ခဲ့ပါတယ်။


အဆိုးရွားဆုံး စီးပွားရေးကျဆင်းမှု

ဒါဟာ စင်ကာပူရဲ့ ၅၅ နှစ်တာ သမိုင်းမှာ အဆိုးရွားဆုံး စီးပွားရေးကျဆင်းမှုပဲဖြစ်တယ်လို့ စီအိုင်အမ်ဘီ ပုဂ္ဂလိကဘဏ်ရဲ့ စီးပွားရေးပညာရှင်တစ်ဦးဖြစ်တဲ့ ဆောင်ဆန်ဝမ်က ပြောပါတယ်။ သို့သော်လည်းပဲ ကုန်သွယ်ရေးနဲ့ ဝန်ဆောင်မှုတွေအပေါ် မှီခိုအားထားနေရတဲ့ စင်ကာပူလို နိုင်ငံအတွက်ကတော့ ဒါဟာ အံ့ဩစရာမကောင်းဘူးလို့ သူက ဆက်ပြောလိုက်ပါတယ်။


ကုန်သွယ်ရေးဝန်ကြီးဌာနကတော့ ဒီလို ကြီးမားတဲ့ စီးပွားရေးကျဆင်းမှု ဖြစ်ပေါ်လာတာဟာ ဧပြီလ အစော ပိုင်းကနေ ဇွန်လ အစောပိုင်းအထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်တဲ့ ဆောင်ရွက်ချက်တွေရဲ့ အကျိုးသက်ရောက်မှုတစ်ခုပဲလို့ ပြောဆိုလိုက်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်တဲ့အနေနဲ့ ကန့်သတ်ပိတ်ဆို့မှုတွေ အတော်များများ ပြုလုပ်ခဲ့တာ ကြောင့် စီးပွားရေးလုပ်ငန်းအများစု လဲပြိုခဲ့ပါတယ်။
တခြားနိုင်ငံတွေက တင်းကျပ်တဲ့ အသွားအလာ ပိတ်ဆို့ ကန့်သတ်မှုတွေကို ပြုလုပ်ခဲ့တာကြောင့် ပြင်ပ ဝယ်လိုအားတွေလည်း ကျဆင်းခဲ့ပါတယ်။ ကုန်သွယ်ရေး ဌာနက အခုလို စာရင်းထုတ်ပြန်လိုက်ပြီးတဲ့နောက်မှာ စင်ကာပူနိုင်ငံရဲ့ ရှယ်ယာဈေးကွက်လည်း အနည်းငယ် ကျဆင်းသွားခဲ့ပါတယ်။ ဒါပေမယ့် နေ့လယ်ပိုင်းမှာတော့ အနည်းငယ် ပြောင်းလဲလာခဲ့ပါတယ်။


ကဏ္ဍအလိုက် စီးပွားရေးကျဆင်းမှုတွေဖြစ်ပေါ်

ဆောက်လုပ်ရေးကဏ္ဍမှာလည်း တစ်လပြီးတစ်လ စီးပွားရေးကျဆင်းမှုဟာ ၅၄ ဒသမ ၇ ရာခိုင်နှုန်း ဖြစ်ခဲ့ ပါတယ်။ ဒါဟာ အရင်နှစ် သုံးလပတ်မှာ ဖြစ်ခဲ့တဲ့ ၉၅ ဒသမ ၆ ရာခိုင်နှုန်းနဲ့ နှိုင်းယှဉ်လိုက်ရင်တော့ စီးပွားရေး အတော်လေး ကျဆင်းလာခဲ့တဲ့သဘော ဖြစ်ပါတယ်။


ခရီးသွားကဏ္ဍနဲ့ဆက်စပ်တဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ လေဆိပ်လုပ်ငန်းတွေအပါအဝင် စင်ကာပူရဲ့ ဝန်ဆောင် မှု လုပ်ငန်းတွေမှာလည်း ၁၃ ဒသမ ၆ ရာခိုင်နှုန်း စီးပွားရေးကျဆင်းမှု ဖြစ်ပေါ်ခဲ့ပါတယ်။ သို့သော်လည်း ကုန်ထုတ်လုပ်မှုအပိုင်းမှာတော့ လွန်ခဲ့တဲ့နှစ် အလားတူ ကာလထက် ၂ ဒသမ ၅ ရာခိုင်နှုန်း တိုးလာပါတယ်။ ဒါဟာလည်း ဇီဝ ဆေးဘက်ဆိုင်ရာထုတ်လုပ်မှုကဏ္ဍ တိုးတက်လာလို့ပဲ ဖြစ်ပါတယ်။


စင်ကာပူနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး တင်းကျပ်တဲ့စစ်ဆေးမှုတွေနဲ့ ခြေရာခံမှုတွေ လုပ်ဆောင် လျက်ရှိပါတယ်။ အဆိုးဆုံးတစ်ခုကတော့ လုပ်ခလစာနည်းပါးတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေ နေထိုင်ရာ အဆောင်တွေမှာ ကူးစက်ပျံ့နှံ့မှု ဖြစ်ပွားလာပါက မထိန်း ချုပ်နိုင်လာမှာကိုပဲ ဖြစ်ပါတယ်။ စင်ကာပူနိုင်ငံမှာ လတ်တလော ကိုရိုနာဗိုင်းရပ်စ် အတည်ပြုလူနာပေါင်း ၄၆၀၀၀ ရှိပြီး သူတို့ထဲက ၂၆ ဦးကတော့ သေဆုံးခဲ့ ပါပြီ။
ကာလရှည် အုပ်ချုပ်နေတဲ့ ပြည်သူ့တက်ကြွလှုပ်ရှားမှု ပါတီဟာ လွန်ခဲ့တဲ့သီတင်းပတ်ကလုပ်ခဲ့တဲ့ အထွေထွေ ရွေးကောက်ပွဲမှာ အနည်းငယ် ချွတ်ချော်မှုဖြစ်ခဲ့သော်လည်း အနိုင်ဆက်လက်ရရှိထားပါတယ်။ သို့သော်လည်း သူ့ကို ထောက်ခံထားတဲ့ မဲဆန္ဒရှင်တွေကတော့ ကိုဗစ်-၁၉ ကပ် ရောဂါ ဖြစ်ပွားနေစဉ်အတွင်းမှာ အလုပ်အကိုင်လုံခြုံစိတ်ချ ရေးနဲ့ စီးပွားရေး လုံခြုံစိတ်ချရေးတို့ကို စိုးရိမ်ပူပန်လျက်ရှိပါတယ်။


စင်ကာပူအစိုးရဟာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ ဖြစ်ပွားနေတဲ့ ဒီလိုအခြေအနေမှာ စီးပွားရေးနာလန်ထူအောင် လုပ်ဆောင်ဖို့နဲ့ ပြည်သူတွေကို ထောက်ပံ့ပေးဖို့ စင်ကာပူဒေါ်လာ ဘီလီယံ ၁၀၀ (အမေရိကန်ဒေါ်လာ ၇၂ ဘီလီယံ)ရှိတဲ့ ကယ်ဆယ်ရေးအစီအစဉ်တစ်ခုကို ကြေညာခဲ့ပါတယ်။ သို့သော်လည်း စာရင်းဇယား အားနည်းချက် ရှိတာကြောင့် ခေါင်းဆောင်တွေအပေါ် တာဝန်ပိုပိစေပါတယ်။


မကြာသေးမီကပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲ လှုပ်ရှားမှု တွေဟာ အလုပ်အကိုင်ရရှိရေးကို ဦးစားပေးခဲ့ပါတယ်။ အကယ်၍ ပြည်တွင်းအလုပ်သမားဈေးကွက်ဟာ ဆက် လက်လျော့ကျနေဦးမယ်ဆိုရင် အလုပ်အကိုင်ရရှိရေးကို ဦးစားပေးတဲ့ တချို့ ရသုံးမှန်းခြေငွေစာရင်းနှင့် သက်ဆိုင် တဲ့ ဆောင်ရွက်ချက်တွေကို ထပ်တိုးလုပ်ဆောင်ရမှာ ဖြစ်ပါတယ်။


အဓိကအကန့်အသတ်ကြီးလိုဖြစ်ခဲ့

အိုင်အိတ်ခ်ျအက်စ်ရဲ့ အာရှပစိဖိတ် စီးပွားရေးပညာ ရှင်တစ်ဦးဖြစ်တဲ့ ရာဂျစ်ဘက်စ်ဝက်စ်က နိုင်ငံတကာ ခရီးသွားလာမှု တားမြစ်ချက်တွေကြောင့် စီးပွားဖြစ်လေကြောင်းလိုင်းတွေနဲ့ ငွေကြေးဝန်ဆောင်မှုတွေရဲ့ အခန်းကဏ္ဍမှာ ပါဝင်နေတဲ့ စင်ကာပူနိုင်ငံရဲ့ နှစ်ဝက် စီးပွားရေး နာလန်ပြန်ထလာအောင် လုပ်ဆောင်မှုမှာ အဓိကအကန့်အသတ်ကြီးလို ဖြစ်ခဲ့ပါတယ်လို့ ပြောခဲ့ပါတယ်။


ပြန်လည်ဦးမော့လာမယ်

ဥရောပမှာ လန်ဒန်၊ ဖရန့်ဖတ်နဲ့ ပါရီတို့လို မြို့ကြီးတွေက စီးပွားရေးပြိုင်ဆိုင်မှုတွေ ပြုလုပ်တဲ့အနေနဲ့ ဥရောပ တစ်ဝန်း နိုင်ငံတကာ ခရီးသွားလာမှုတွေကို ပြန်လည်ဖွင့်လှစ်လိုက်ပါတယ်။ အလားတူ တောင်ကိုရီးယားနဲ့ ဂျပန်လို နိုင်ငံတွေကလည်း နိုင်ငံတကာ ခရီးသွားလာမှုတွေကို ဖွင့်လှစ်လိုက်ပါတယ်။ သို့သော်လည်း ကိုရိုနာဗိုင်းရပ်စ် ကာလမှာ ကန့်သတ်ပိတ်ဆို့မှုတွေနဲ့ ကြုံတွေ့ခဲ့ရတဲ့အတွက် စင်ကာပူရဲ့ စီးပွားရေးကတော့ ပြန်ကောင်းလာဖို့ အချိန်အတိုင်းအတာတစ်ခု လိုပါသေးတယ်။


နောက်ပိုင်းမှာ စင်ကာပူနိုင်ငံဟာ သူ့ရဲ့ ကန့်သတ်ပိတ်ဆို့မှုတွေကို တစ်ပိုင်းတစ်စ ပြန်လည်ဖွင့်လှစ်လာနိုင် တာနဲ့အညီ ဒုတိယနှစ်ဝက်စီးပွားရေး ပြန်လည် နာလန်ထ ထူထောင်လာရေးမှာတော့ အကျဘက်ကနေ အတက် ဘက်သို့ ပြန်လည်ဦးမော့လာမှာဖြစ်ပါတယ်။ ။

ကိုးကား-အေအက်ဖ်ပီ