သတင်းဆောင်းပါး - လူငယ်ပညာရှင်များ (မွေး/ကု)
ပြည်သူပြည်သားများ၏ ကျန်းမာရေးအတွက် မရှိမဖြစ် လိုအပ်သည့် အသားဓာတ်ကို အဓိက ပေးစွမ်းသည့် တိရစ္ဆာန် မွေးမြူထုတ်လုပ်ရေးကဏ္ဍသည်လည်း ကိုဗစ်-၁၉ ရောဂါကြောင့် ထိခိုက်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ကောက်ယူသည့် စစ်တမ်းများအရ သိရှိရသည်။
နည်းပညာပံ့ပိုးပေး
မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ အရေးပေါ် ကာကွယ်ရေးအစီအမံများ ရေးဆွဲအကောင်အထည်ဖော်လျက်ရှိသည့်အပြင် အများ ပြည်သူ စားသုံးရန်အတွက် ဘေးကင်းပြီး အာဟာရပြည့်ဝသော အသား၊ နို့၊ ဥများကို စဉ်ဆက်မပြတ် ထုတ်လုပ်နိုင် ရေးအတွက် လိုအပ်သော တိရစ္ဆာန်ရောဂါကာကွယ် ထိန်းချုပ်ခြင်း၊ တိရစ္ဆာန်အစာများ ပံ့ပိုးပေးရေးနှင့် မွေးမြူရေးနည်းပညာ ပံ့ပိုးပေးရေးတို့ကိုဆောင်ရွက်လျက် ရှိသည်။
မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနသည် ကိုဗစ်-၁၉ ရောဂါကြောင့် မွေးမြူရေးကဏ္ဍအပေါ်ထိခိုက်မှုများကို သိရှိနိုင်ရန်နှင့် လိုအပ်သောပံ့ပိုးမှုများကို ဆောင်ရွက်နိုင် ရန်အတွက် ၂၀၂၀ ပြည့်နှစ် ဧပြီ ၂၈ ရက်မှစတင်၍ မွေးမြူ သူများ၏ သဘောထားအမြင်များကို CommCare App ကို အသုံးပြု၍လည်းကောင်း၊ မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနဝန်ထမ်းများ၏ နယ်မြေအလိုက် လုပ်ငန်းဆောင်ရွက်မှုများကို Survey Monkey App ဖြင့် လည်းကောင်း စစ်တမ်းကောက်ယူခဲ့ကြရာ မွေးမြူသူ များအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုကြောင့် အခက် အခဲများစွာ ရင်ဆိုင်နေရသည်ကို စစ်တမ်းမှတစ်ဆင့် သိရှိခဲ့ရသည်။
ကိုဗစ်-၁၉ ရောဂါ၏ မွေးမြူရေးကဏ္ဍအပေါ် အကျိုးသက်ရောက်မှုကို သိရှိနိုင်ရန်အတွက် လူမှုစီးပွား၊ ဓလေ့ထုံးတမ်းစဉ်လား တိရစ္ဆာန်မွေးမြူမှုပုံစံ မတူညီသော မြို့နယ် ၂၄ မြို့နယ်တွင် စစ်တမ်းကောက်ယူခဲ့ရာ ဒေသ နွား၊ နို့စားနွား ဒေသကျွဲ၊ ဝက်၊ သိုး၊ ဆိတ်၊ ဥစားကြက်။ အသားစားကြက်နှင့် တိုင်းရင်းကြက် စီးပွားဖြစ်မွေးမြူသူ ၁၆၅၆ ဦး၊ အလတ်စားမွေးမြူသူ ၂၄၂၃ ဦးနှင့် အသေးစား မွေးမြူသူ ၈၄၈ ဦး စုစုပေါင်း မွေးမြူသူ ၄၉၂၇ ဦးမှ ပါဝင် ဖြေကြားပေးခဲ့ကြသည်။ (ပုံ-၁) နှင့် (ပုံ-၂)။
ဖြေဆိုသူများ၏ ၅၂ ရာခိုင်နှုန်းမှာ ဝယ်လိုအား သာမက ရောင်းကုန်များကျဆင်းခြင်း စသည့် ဈေးကွက်ထိခိုက်ခြင်းကြောင့် ဆုံးရှုံးမှုများ ကြုံတွေ့နေရ ပြီး ခြောက်ရာခိုင်နှုန်းမှာ ခရီးသွားလာမှု ကန့်သတ်ခြင်း ကြောင့် ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်ရန် အခက်အခဲ နှင့် ကြုံတွေ့နေရကြောင်း ဖြေကြားခဲ့ပါသည်။ သို့ရာတွင် ဖြေဆိုသူများ၏ ၃၇ ရာခိုင်နှုန်းမှာ စစ်တမ်းကောက်ယူ ခဲ့သောအချိန်တွင် သိသာထင်ရှားသော အခက်အခဲများ ကြုံတွေ့ရခြင်းမရှိဟု ဖြေကြားခဲ့ပြီး သုံးရာခိုင်နှုန်းမှာ နွေရာသီ စားကျက် ရှားပါးချိန်ကြောင့် မွေးမြူမှုခက်ခဲကြောင်းနှင့် ကျန်နှစ်ရာခိုင်နှုန်းမှာ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်နိုင်ရန်အတွက် အရင်းအနှီးလိုအပ်ကြောင်း ဖြေကြားခဲ့ကြသည်။ (ပုံ-၃)။
ထို့အတူ မွေးမြူရေးလုပ်ငန်းအရွယ်အစားအလိုက် ကြုံတွေ့ရသည့်အခက်အခဲများမှာမတူညီကြသည်ကိုလည်း စစ်တမ်းက ဖော်ပြနေသည်။
အခက်အခဲများပိုမိုများပြား
စီးပွားဖြစ်မွေးမြူသူများမှာ ဝယ်လိုအားကျဆင်းခြင်း၊ ဈေးကွက်မတည်ငြိမ်ခြင်း၊ ဈေးနှုန်းကျဆင်းခြင်း၊ စားကျက် အခက်အခဲရှိခြင်းနှင့် လုပ်သားရှားပါးခြင်း စသည်တို့ကြောင့် ထိခိုက်မှုများပြားပြီး အလတ်စားနှင့် အသေးစား မွေးမြူသူ များအနေဖြင့် အရောင်းအဝယ်ကြန့်ကြာခြင်း၊ သယ်ယူပို့ဆောင်ရေးခက်ခဲခြင်း၊ အစာ ဈေးနှုန်းမြင့်တက်ခြင်း၊ အရင်းအနှီးလိုအပ်ခြင်းနှင့် ဈေးနှိမ်ခံရခြင်းစသည့် အခက်အခဲများ ပိုမိုများပြားကြောင်း တွေ့ရှိရပါ သည်(ပုံ-၄)။
စီးပွားဖြစ်မွေးမြူသူများ ကြုံတွေ့ရသည့် အခက်အခဲ အများစုမှာ ကိုဗစ်-၁၉ ရောဂါကာလအပြီး အသွားအလာ ကန့်သတ်မှုများ ဖြေလျှော့ပေးသည့်အချိန်တွင် ပျက်ပြယ်သွားနိုင်သော်လည်း အလတ်စားနှင့် အသေးစား မွေးမြူသူ များအနေဖြင့် မွေးမြူရေးလုပ်ငန်းများ ပြန်လည်ထူထောင်ရန်အတွက် အရင်းအနှီးရရှိရန်နှင့် ခိုင်မာသောဈေးကွက်များ ရရှိနိုင်ရန်လည်း လိုအပ်လာပေမည်။
ထို့ပြင် ဈေးကွက်သို့တင်ပို့ရောင်းချမှုနှင့်ပတ်သက်၍ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေစဉ် ကာလအတွင်း မွေးမြူသူ များ၏ တစ်ဝက်ခန့်သည် ရောင်းအားကျဆင်းမှုနှင့် ကြုံတွေ့နေရသည်ဟူ၍လည်းကောင်း၊ ကျန်တစ်ဝက်ခန့်မှာ ပုံမှန်ရောင်းချနေရသည်ဟူ၍လည်းကောင်း စစ်တမ်းတွင် ဖြေဆိုခဲ့ကြသည်။
စစ်တမ်းကောက်ယူရာတွင် ရောင်းချသော ကုန်ပစ္စည်းအမျိုးအစားအလိုက် ဈေးကွက်ပြောင်းလဲမှု အခြေအနေ အား သီးခြားမေးမြန်းခဲ့ခြင်းမရှိသော်လည်း တစ်နိုင်တစ်ပိုင် မွေးမြူသူများအနေဖြင့် ထုတ်လုပ်ရာဒေသ တွင်သာ ရောင်းချရသဖြင့် ပုံမှန်ရောင်းချနိုင်ခြင်းဖြစ် ကြောင်း သုံးသပ်သိရှိရသည်။
အခွင့်အလမ်းများ ဖန်တီးပေး
သို့ရာတွင် မွေးမြူသူများ၏ ၈၂ ရာခိုင်နှုန်းသည် မိမိတို့ကုန်ပစ္စည်းများကို ပွဲစားမှတစ်ဆင့် ရောင်းချနေရ သဖြင့် ဈေးနှုန်းကျဆင်းခြင်း၊ ဈေးနှိမ်ခံရခြင်းတို့ ဖြစ်ပေါ်လာပြီး စီးပွားရေးအရ ထိခိုက်နစ်နာမှု ပိုမိုကြီးမားလာနိုင် ပါသည် (ပုံ-၅)။ ထို့ကြောင့် ကိုဗစ်-၁၉ ရောဂါကာလအပြီးတွင် မွေးမြူသူများအတွက် ဈေးကွက်သို့ တိုက်ရိုက်တင်ပို့ ရောင်းချနိုင်သည့် အခွင့်အလမ်းများ ဖန်တီးပေးရန် လိုအပ်လာပါလိမ့်မည်။
စစ်တမ်းတွင် မွေးမြူရေးလုပ်ငန်းဆိုင်ရာ သွင်းအားစု များဖြစ်သည့် အစာ၊ ဆေးနှင့် အလုပ်သမားရရှိမှု အခြေ အနေများကိုလည်း ထည့်သွင်းမေးမြန်းခဲ့ရာ ဖြေဆိုသူ များ၏ ၆၁ ရာခိုင်နှုန်းသည် အစာကုန်ကြမ်းကို အပြည့် အဝရရှိသည်ဟု ဖြေဆိုခဲ့ပြီး ရှစ်ရာခိုင်နှုန်းသာလျှင် အကုန်ကြမ်းရရှိမှု ခက်ခဲနေသည်ဟု ဖြေဆိုခဲ့ကြသည်။
ထို့အတူ အစာကုန်ကြမ်းရရှိသူများထဲမှ ၈၈ ရာခိုင် နှုန်းသည် အစာဈေးနှုန်းအပြောင်းအလဲမရှိဟု ဖြေဆိုထား သည် (ပုံ-၆)။ မွေးမြူရေးဆေးဝါးများရရှိမှုနှင့်ပတ်သက်၍ ဖြေဆိုသူများ၏ ၆၀ ရာခိုင်နှုန်းမှာ အခက်အခဲ မရှိကြောင်း နှင့် ၉၆ ရာခိုင်နှုန်းမှ တိရစ္ဆာန်သုံးဆေးဝါးများ ဈေးနှုန်း အပြောင်းအလဲမရှိကြောင်း ဖြေဆိုခဲ့ကြသဖြင့် ကိုဗစ်-၁၉ရောဂါ စတင်ဖြစ်ပွားသည့်အချိန်မှစ၍ စစ်တမ်း ကောက် ယူသည့်အချိန် အထိ တိရစ္ဆာန်အစာနှင့် ဆေးဝါးရရှိမှု အခြေအနေမှာ သိသာစွာ ထိခိုက်မှုမရှိ ကြောင်း စစ်တမ်းက ဖော်ပြနေသည်။ (ပုံ-၇)။
အလတ်စားနှင့် စီးပွားဖြစ် မွေးမြူရေးလုပ်ငန်းရှင် များ၏ ၉၆ ရာခိုင်နှုန်းသည် လက်ရှိ အလုပ်သမားများကို ဆက် လက် ခန့်ထားလျက်ရှိပြီး ၉၇ ရာခိုင်နှုန်းသော မွေးမြူသူများအနေဖြင့်လည်း အလုပ်သမားမရှားပါး ကြောင်း ဖြေဆိုခဲ့ကြသဖြင့် ကိုဗစ်-၁၉ ကာလအတွင်း အလုပ်သမားရှားပါးမှုပြဿနာများ များစွာရင်ဆိုင် ကြုံတွေ့ရမည် မဟုတ်ကြောင်း စစ်တမ်းအရ လေ့လာ တွေ့ရှိ ရသည် (ပုံ- ၈)။
ရေရှည်အစီအမံ
တစ်ဖက်တွင်လည်း အစာထုတ်လုပ်ရောင်းချသူများနှင့် သီးခြားမေးမြန်းခဲ့ရာတွင် တိရစ္ဆာန်အစာ ကုန်ကြမ်းများ၏ ၃၀ ရာခိုင်နှုန်းကို ပြည်ပမှတင်သွင်း ရသဖြင့် ပြည်တွင်း ပြည်ပ ခရီးသွားလာမှုနှင့် ကုန်ပစ္စည်း တင်ပို့မှုကို ကန့်သတ်ထားသောကာလရှည်ကြာလာသည် နှင့် အမျှ အစာကုန်ကြမ်းရှားပါးမှုနှင့် ကြုံတွေ့လာနိုင် သဖြင့် ပြည်တွင်းထွက် စိုက်ပျိုးရေးထွက်ကုန်များကို တိရစ္ဆာန်အစာအဖြစ် ပိုမိုအသုံးပြုနိုင်မည့် ရေရှည်အစီအမံ များ ချမှတ်ဆောင်ရွက်သွားမှသာ ထိခိုက်မှုအနည်းဆုံးဖြင့် မွေးမြူရေးကဏ္ဍကို ဆက်လက်မြှင့်တင် ဆောင်ရွက် နိုင်မည်ဖြစ်သည်။
စစ်တမ်းကောက်ယူမှုအရ ရရှိလာသည့် အခြေခံ အချက်အလက်များက မွေးမြူရေးလုပ်ငန်းတွင် စီးပွားရေး အရ ထိခိုက်မှုအတန်အသင့်ရှိသည်ကို ဖော်ပြနေပြီး စစ်တမ်းတွင်လည်း မွေးမြူသူများ၏ ၄၈ ရာခိုင်နှုန်းမှာ စီးပွားရေးအရ ထိခိုက်နစ်နာမှုရှိသည်ဟု ဖြေဆိုခဲ့ကြပါ သည် (ပုံ- ၉)။ စစ်တမ်းကောက်ယူခဲ့သည့် ကာလမှာ ကိုဗစ်-၁၉ ဖြစ်ပွားမှုကို စတင်အတည်ပြုခဲ့သည့် ဧပြီ ၂၇ ရက်မှ စတင်ရေတွက်ပါက တစ်လကျော် ကာလသာရှိသေး သဖြင့် ပုံမှန်ထုတ်လုပ်မှုလုပ်ငန်းများ ဆက်လက်လည်ပတ် နေပြီး အစာ၊ ဆေး၊ လုပ်သားစသည့် သွင်းအားစုများ ထိခိုက်မှုအနည်းဆုံးအခြေအနေတွင် ဈေးကွက်ကျဆင်းမှု ကြောင့်သာ စီးပွားရေးထိခိုက်မှုရှိသည် ကိုလည်း တွေ့ရှိရသည်။
သို့ရာတွင် မွေးမြူရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု၏ ၄၀ ရာခိုင်နှုန်းမှာ လည်ပတ်ရန်ပုံငွေ ဖြစ်သဖြင့် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားချိန် ကြာမြင့်သည်နှင့်အမျှ လုပ်ငန်းတွင်းလည်ပတ်နေသော ငွေကြေးများ ဆုံးရှုံးလာနိုင်ပြီး လုပ်ငန်း ရပ်ဆိုင်းရမည့် အနေအထားသို့ ရောက်ရှိသွားမည်ဟု ခန့်မှန်းရသည်။
မွေးမြူသူများအနေဖြင့် အခက်အခဲများနှင့် ရင်ဆိုင် နေရသော်လည်း ဖြေဆိုသူများ၏ ၉၆ ရာခိုင်နှုန်းမှာ မွေးမြူရေးလုပ်ငန်းကို ဆက်လက်လုပ်ကိုင်လိုကြောင်း ပြောကြားခဲ့ကြပြီး လုပ်ငန်းဆက်လက်လည်ပတ်ရန် သို့မဟုတ် ပြန်လည်ထူထောင်ရန်အတွက် အလတ်စား မွေးမြူရေးလုပ်ငန်းများအနေဖြင့် မွေးမြူသော ကောင်ရေလျှော့ချမွေးမြူရန် လိုအပ်လာနိုင်ကြောင်း ဖြေကြားခဲ့ကြသည်။
လုံလောက်စွာရောင်းချနိုင်မည်
မွေးမြူသူအများစုမှာ အအေးခန်းသိုလှောင်ရုံများ မရှိခြင်းတို့ကြောင့် ကိုဗစ်-၁၉ ကာလအတွင်း နေ့စဉ် ထွက်ရှိနေသော မွေးမြူရေးထွက်ကုန်များကို ကာလရှည်ကြာစွာ သိုလှောင်မထားနိုင်ဘဲ ထုတ်ရောင်းရခြင်း၊ တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရန် နည်းပညာ အားနည်းခြင်းတို့ကြောင့် ဆုံးရှုံးမှုများ ရင်ဆိုင်ရကြောင်း လည်း ဖြေကြားခဲ့ကြသည်။ ထို့ကြောင့် မွေးမြူသူများ၊ အထူးသဖြင့် အငယ်စားနှင့် အလတ်စား မွေးမြူသူများအား သွင်းအားစုများ စဉ်ဆက်မပြတ် ရရှိနေစေရန်အတွက် ပံ့ပိုးမှုများ ပြုလုပ်ပေးရန် လိုအပ်လာပါလိမ့်မည်။ အထူးသဖြင့် ကိုဗစ်-၁၉ အလွန်ကာလများတွင် လုပ်ငန်းပြန်လည်စတင်နိုင်ရန်အတွက် လိုအပ်သော ရင်းနှီးမြှုပ်နှံမှုများအားထောက်ပံ့ငွေ၊ ချေးငွေများအဖြစ် ပံ့ပိုးပေးခြင်း၊ သွင်းအားစု များဖြစ်သည့် အစာ၊ ဆေး၊ မျိုး စသည်တို့အား ပံ့ပိုးပေးခြင်း၊ တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်ခြင်း၊ ဈေးကွက် ဖော်ဆောင်ခြင်းနှင့် အာမခံချက်ရှိသော ပြည်တွင်း ပြည်ပ ဈေးကွက်ဖြစ်ပေါ်လာစေရေးတို့ကို အစိုးရနှင့် ပုဂ္ဂလိက ကဏ္ဍတို့ ပူးပေါင်းညှိနှိုင်းဆောင်ရွက်မှသာ မွေးမြူရေး လုပ်ငန်း ဆက်လက်လည်ပတ်ပြီး ပြည်သူလူထု၏ အာဟာရ ပြည့်ဝမှုအတွက် အသား၊ နို့နှင့် ဥများ လုံလောက်စွာ ထုတ်လုပ်ရောင်းချနိုင်မည်ဖြစ်သည်။
မွေးမြူရေးနှင့် ကုသရေးဦးစီးဌဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါကြောင့် မွေးမြူရေးလုပ်ငန်းများ စီးပွားရေးအရ ထိခိုက်နစ်နာမှုကြုံတွေ့နေရချိန်တွင် တိရစ္ဆာန်ရောဂါဖြစ်ပွားမှုကြောင့် ထပ်ဆင့်ဆုံးရှုံးမှုများ မရှိစေရန်အတွက် ကန့်သတ်မှုများရှိနေသည့် ကာလ ဖြစ်သော်လည်း တိရစ္ဆာန်ရောဂါ ကာကွယ်ထိန်းချုပ်ခြင်း လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိသည်။
မြို့နယ်များတွင် ဆောင်ရွက်လျက်ရှိသော လုပ်ငန်း များအားမြို့နယ် ၁၄၀တွင် သီးခြားစစ်တမ်းကောက်ယူခဲ့ရာ ဖြေဆိုသူများ၏ ၆၆ ရာခိုင်နှုန်းသည် နယ်မြေတာဝန်ခံ များ၊ တိရစ္ဆာန်ကျန်းမာရေးလုပ်သားများမှတစ်ဆင့် တိရစ္ဆာန်ရောဂါကာကွယ်ဆေးများ ထိုးနှံပေးခြင်း၊ တိရစ္ဆာန်ရောဂါကာကွယ်ခြင်းနှင့် မွေးမြူရေးဆိုင်ရာ အသိပညာပေးခြင်းလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပြီး ၃၄ ရာခိုင်နှုန်းမှာ ဒေသတွင်း အသွားအလာကန့်သတ်မှုများကြောင့် ကျေးရွာအရောက် ကာကွယ်ဆေးထိုးလုပ်ငန်းများ ဆောင်ရွက်နိုင်ခြင်း မရှိသော်လည်း ကာကွယ်ဆေးထိုး အစီအစဉ်အရ ယခင်ကထိုးနှံခဲ့သည့် ကာကွယ်ဆေးများ၏ ကိုယ်တွင်းခုခံစွမ်းအား(Immunity) ကျန်ရှိနေသည့် အတွက် တိရစ္ဆာန်ရောဂါဖြစ်ပွားမှု ကြီးကြီးမားမား မတွေ့ရှိရကြောင်း၊ သို့သော်လည်း ကိုဗစ်-၁၉ ရောဂါ အခြေအနေအရ အသွားအလာကန့်သတ်မှုကာလ ကြာရှည်လာပါက ရောဂါကာကွယ်ထိန်းချုပ်မှုလုပ်ငန်း များ ထိခိုက်လာနိုင်ပြီး ရောဂါဖြစ်ပွားမှုများ တွေ့ရှိလာ နိုင်ကြောင်း သုံးသပ်တွေ့ရှိရသည်။
အခမဲ့ထိုးနှံပေးမည်
ဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါကြောင့် ထိခိုက်မှုအများဆုံးဖြစ်သည့် ရန်ကုန်တိုင်းဒေသကြီးနှင့် ၎င်းနှင့်ဆက်စပ်နေသော ပဲခူးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ဝက်မွေးမြူရေးနှင့် ကြက်မွေးမြူ ရေးလုပ်ငန်းများ ဆက်လက်တည်တံ့စေရေးနှင့် ဆုံးရှုံးမှုများရှိခဲ့ပါက ပြန်လည်ထူထောင်ရေး လုပ်ငန်းများ လုပ်ဆောင်နိုင်ရန် ကြက်လည်လိမ်း ကြက်ဝမ်းကျ၊ ဝက်ဝမ်းကျ ရောဂါကာကွယ်ဆေးများ အခမဲ့ထိုးနှံပေးသွားမည် ဖြစ်ပြီး တိရစ္ဆာန်အစာလိုအပ်ချက်ကိုလည်း တစ်စိတ် တစ်ဒေသ ဖြည့်ဆည်းပေးနိုင်ရန် ဆောင်ရွက်လျက်ရှိသည်။
ထို့အတူ မွေးမြူရေးနှင့် ကုသရေးဦးစီးဌဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါကြောင့် ဖြစ်ပွားနိုင်သည့် ထိခိုက် နစ်နာမှုများကို စဉ်ဆက်မပြတ် ဆက်လက်သုံးသပ်သွား မည်ဖြစ်ပြီး မွေးမြူရေးသွင်းအားစုများ ရရှိရေးအတွက် လည်း သက်ဆိုင်ရာဌာနများ၊ မြန်မာနိုင်ငံမွေးမြူရေး လုပ်ငန်းအဖွဲ့ချုပ်၊ ပြည်တွင်း ပြည်ပ အဖွဲ့အစည်းများနှင့် ညှိနှိုင်းကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်သည်။


