ကျိုက်လတ် စက်တင်ဘာ ၂၃

 

ဧရာဝတီတိုင်းဒေသကြီး ကျိုက်လတ်မြို့နယ် အမှတ်(၄)ရပ်ကွက် ရွှေဧရာအောင်ခန်းမ၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးဖြင့်ထူးချွန်စွာ အောင်မြင်ခဲ့ကြသော ကျောင်းသား ကျောင်းသူများ၊ အောင်ချက်အကောင်းဆုံး ကျောင်းများနှင့် ဂုဏ်ထူးရ အောင်သင်ကြားပေးခဲ့သည့် ဆရာ ဆရာမများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကို စက်တင်ဘာ ၂၁ ရက် နံနက်ပိုင်းက ကျင်းပသည်။

 

အခမ်းအနားတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီးက ဂုဏ်ပြုအမှာစကားပြောကြားသည်။

 

ဆက်လက်၍ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးဖြင့်ထူးချွန်စွာ အောင်မြင်ခဲ့ကြသော ကျောင်းသား ကျောင်းသူများအား တိုင်းဒေသကြီးအစိုးရအဖွဲ့က ဂုဏ်ပြုဆုငွေနှင့် ဒုတိယဝန်ကြီးက ပညာရည်ချွန်ဆုပေးပွဲ ကျင်းပနိုင်ရေးအတွက် အလှူငွေကျပ် ၅၀၀၀၀၀ နှင့် ပညာရေးပဒေသာပင် အတွက် ငွေကျပ် ၃၀၀၀၀၀ တို့ကိုပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူသည်။

 

ထို့နောက် ဂုဏ်ထူးရ ကျောင်းသား ကျောင်းသူများနှင့် အောင်ချက်အကောင်းဆုံးကျောင်း ခြောက်ကျောင်း၊ ဂုဏ်ထူးရအောင် သင်ကြားပေးခဲ့သည့် ဆရာ ဆရာမ ၃၂ ဦးတို့အတွက် ဂုဏ်ပြုမှတ်တမ်းလွှာများ၊ ဆုတံဆိပ်များနှင့် ဆုချီးမြှင့်ငွေများအား ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီးနှင့် အဖွဲ့ဝင်များ၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်လွင်ဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိ မြို့ဖများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ အလှူရှင်များနှင့် ကျောင်းအုပ်ဆရာ ဆရာမကြီးများက ဆုများချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

ကျိုက်လတ်(ပြန်/ဆက်)