ကျိုက်မရော အောက်တိုဘာ ၁၃
ကျိုက်မရော မြို့နယ်၌ အရန်မီးသတ် တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး မွမ်းမံသင်တန်း (၁/၂၀၂၅)ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျိုက်မရော မြို့နယ် မီးသတ်စခန်းရုံး သင်တန်းခန်းမ၌ ပြုလုပ်သည်။
ဦးစွာ ကျိုက်မရောမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ အဖွဲ့ဝင် ဗိုလ်မှူးမျိုးကျော်က အမှာစကားပြောကြားပြီး မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးတင်သောင်းဦးက သင်တန်း ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့် သင်တန်း လေ့ကျင့်ရေး အစီအမံများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် သင်တန်းသား အရန် မီးသတ် တပ်ဖွဲ့ဝင်များအား တာဝန်ရှိသူများက တူညီဝတ်စုံများ ပေးအပ်ခဲ့သည်။
အဆိုပါ သင်တန်းသို့ ရပ်ကွက်၊ ကျေးရွာများမှ အရန်မီးသတ် တပ်ဖွဲ့ဝင် သင်တန်းသား ၅၀ တက်ရောက်ကြပြီး သင်တန်းကာလမှာ အောက်တိုဘာ ၁၃ ရက် မှ နိုဝင်ဘာ ၇ ရက်အထိ လေးပတ် ကြာမြင့်မည်ဖြစ်ကာ သင်တန်းတွင် မီးငြှိမ်းသတ်နည်းနှင့် ရှာဖွေ ကယ်ဆယ်ရေး သင်ခန်းစာများကို စာတွေ့ လက်တွေ့ သင်ကြားပို့ချ ပေးမည်ဖြစ်ကြောင်း သိရသည်။
ကျိုက်မရော(ပြန်/ဆက်)


