သိပ္ပံစာရေးဆရာကိုကိုအောင်

 

အရင်းရှင်စနစ်ကူးသန်းရောင်းဝယ်ရေး
အင်္ဂလိပ်-မြန်မာပထမစစ်ပွဲအပြီး ၁၈၂၆ ခုနှစ်မှစ၍ ဗြိတိသျှပိုင်ဖြစ်လာသော အောက်မြန်မာနိုင်ငံတွင် အရင်းရှင်စီးပွားရေးစနစ် ထွန်းကားလာသဖြင့် ပြည်ပ အရင်းရှင်လောကနှင့် အဆက်အသွယ်ရှိလာခဲ့သည်။ ပြည်တွင်း ပြည်ပ ကူးသန်းရောင်းဝယ်ရေး တိုးတက်ကာ နိုင်ငံခြားသား ကုန်သည်ပွဲစားကြီးများနှင့် ကုမ္ပဏီများ က မြန်မာ့မြေပေါ်၌ အခြေချ၍ မြန်မာ့စီးပွားရေးကို ချုပ်ကိုင်ခြယ်လှယ်လာကြသည်။


နိုင်ငံခြားသား အရင်းရှင်များသည် အရင်းအနှီး စိုက်ထုတ် မြှုပ်နှံရသော အရင်းရှင် စက်မှုလက်မှုလုပ်ငန်း များထက် အချိန်တိုအတွင်း အမြတ်အစွန်းများစွာရသော ကူးသန်းရောင်းဝယ်ရေးလုပ်ငန်းများကိုသာ လုပ်ကိုင် ခဲ့ကြသည်။ ထို့ကြောင့်ပင် ပြည်ပထုတ်ကုန်ဖြစ်သော ဆန်စပါးနှင့် ကျွန်းသစ်များ ကြိတ်ခွဲရေးအတွက် ဆန်စက်နှင့် သစ်စက်များသာ ပေါ်ထွန်းခဲ့ပြီး စားကုန်၊ ဝတ်ကုန်နှင့် သုံးကုန်ထုတ်လုပ်သော စက်မှုလုပ်ငန်းများကို တည်ထောင်မှုမရှိခဲ့ပေ။


ပထမကမ္ဘာစစ်အတွင်းက ရရှိခဲ့သော အတွေ့အကြုံများအရ အိန္ဒိယရှိ ဗြိတိသျှအစိုးရသည် ထိရောက်သော စက်မှုလက်မှုပေါ်လစီကို ကျင့်သုံးရန် လိုအပ်ကြောင်း သိမြင်လာသည်။ ထို့ကြောင့်ပင် ၁၉၁၆ ခုနှစ်က Indian Industrial Commission ကို ဖွဲ့စည်းခန့်အပ်ကာ စက်မှု လက်မှုလုပ်ငန်းများကို ငွေရေးကြေးရေးအကူအညီနှင့် နည်းပညာအကူအညီများပေးရန် ချမှတ်ခဲ့သည်။ ထို့ပြင် Indian Fiscal Commission ၏ တိုက်တွန်းချက်အရ ၁၉၂၁ ခုနှစ်တွင် Discriminatory Tariff Protection စနစ်ကိုလည်း လက်ခံကျင့်သုံးခဲ့သည်။


ထိုပေါ်လစီများမှာ မြန်မာပြည်သို့လည်း အာဏာသက်ရောက်သည့်တိုင် လက်တွေ့တွင် မသက်ဆိုင် သကဲ့သို့ ရှိနေခဲ့ပြီး စက်မှုလက်မှုလုပ်ငန်းများနှင့် စပ်လျဉ်း၍ အကျိုးသက်ရောက်မှု လုံး၀မရှိခဲ့ပေ။ ၁၉၂၁ ခုနှစ်တွင် စက်မှုလက်မှုဝန် (Director of Industries) တစ်ဦးကို ခန့်ထားခဲ့သော်လည်း ၁၉၂၂ ခုနှစ်တွင် ထိုရာထူးကို ဖျက်သိမ်းလိုက်သည်။ နောက်ပိုင်းတွင် သမဝါယမအသင်းဌာနမှ Joint Registrar ကို အိမ်တွင်း စက်မှုလက်မှု ဝန်ထောက်အဖြစ်လုပ်ငန်းကို ပူးတွဲဆောင်ရွက်စေခဲ့သည်။ အစိုးရက မြန်မာနိုင်ငံတွင် စက်မှု လက်မှုလုပ်ငန်းများမှာ တိုးတက်ဖွံ့ဖြိုးရန်မလိုဘဲ ဆင်းရဲသောလယ်သမားများ လယ်နားချိန်၌ အပိုဝင်ငွေရရုံမျှအတွက်သာ အိမ်တွင်းစက်မှုလက်မှုလုပ်ငန်း ငယ်များကို ထူထောင်ရန်လိုအပ်သည်ဟု သဘောထား ခဲ့သည်။ ထို့ကြောင့်ပင် မြန်မာနိုင်ငံ၌ ကိုလိုနီခေတ်သက် တမ်းတစ်လျှောက်လုံးတွင် ပထမကမ္ဘာစစ်မဖြစ်မီက အိန္ဒိယတွင်ကျင့်သုံးခဲ့သော စက်မှုလက်မှု မူဝါဒအတိုင်း ရှိနေခဲ့သည်။


ဗြိတိသျှအစိုးရ၏စက်မှုလက်မှုပေါ်လစီများ
စက်မှုလက်မှုလုပ်ငန်းများနှင့် စပ်လျဉ်း၍ Indian Industrial Commission အနေဖြင့် ၁၉၁၆ ခုနှစ် ကတည်းက တိုက်တွန်းခဲ့သော်လည်း ထိုစဉ်က အိန္ဒိယ၏ ပြည်နယ်တစ်ခုဖြစ်နေရသော မြန်မာနိုင်ငံတွင် အိန္ဒိယဗဟိုအစိုးရ၏ ချုပ်ကိုင်မှုကြောင့် State Aids to Industries Act ကို ၁၉၃၉ ခုနှစ်ရောက်မှသာ ပြဋ္ဌာန်းနိုင်ခဲ့သည်။ ရက်ကန်းသမားများအတွက် Weavers Loans Act ကိုလည်း ၁၉၄၀ ပြည့်နှစ်တွင်မှ ပြဋ္ဌာန်းနိုင်ခဲ့သည်ဖြစ်ရာ ဗြိတိသျှ အစိုးရအနေဖြင့် မြန်မာနိုင်ငံတွင် စက်မှုလက်မှုလုပ်ငန်းများ ထူထောင်ရေးနှင့်စပ်လျဉ်း၍ မည်မည်ရရ လုပ်ဆောင်ခဲ့ခြင်းမရှိဟု ဆိုရမည်ဖြစ်သည်။


Tariff Protection ပေါ်လစီအရ မီးခြစ်စက်နှင့် တစ်ခုတည်းသော သကြားစက်တို့သာလျှင် အကျိုးခံစားခွင့်နှင့် အကာအကွယ်ရခဲ့သော်လည်း အခြား မည်သည့် လုပ်ငန်းကမျှ အကျိုးခံစားခွင့် မရခဲ့ပေ။ အိန္ဒိယ၏ ပြည်နယ်အဖြစ်မှ မြန်မာနိုင်ငံ ခွဲထွက်ပြီးသည့်နောက်ပိုင်းတွင်လည်း Free Trade ပေါ်လစီက ဆက်လက်ရှိနေခဲ့ သဖြင့် မြန်မာနိုင်ငံအနေဖြင့် များစွာနစ်နာခဲ့သည်။ ထို့ပြင် အိန္ဒိယ၏ ယှဉ်ပြိုင်ထိုးနှက်မှုများကြောင့် မြန်မာနိုင်ငံတွင် တိုးတက်ဖွံ့ဖြိုးနိုင်သော အထည်လုပ်ငန်း၊ ဆေးလိပ်နှင့် စီးကရက်လုပ်ငန်းတို့မှာလည်း လုံးဝခေါင်းမထူနိုင်ဘဲ ရှိခဲ့ရလေသည်။


ဗြိတိသျှအစိုးရ၏ Laissez Faire ပေါ်လစီ၊ စီးပွားရေး လွတ်လပ်မှုဝါဒ၊ တံခါးဖွင့်ဝါဒနှင့် လွတ်လပ်စွာ ကူးသန်းရောင်းဝယ်ရေး(Free Trade)ပေါ်လစီတို့ကြောင့် မြန်မာနိုင်ငံအဖို့ အရင်းရှင် စီးပွားရေးစနစ်အောက်တွင် ကမ္ဘာ့စီးပွားရေးဈေးကွက်သို့ ဝင်ရောက်နိုင်ခဲ့သော်လည်း အရင်းရှင်နိုင်ငံဖြစ်မလာခဲ့ပေ။ နိုင်ငံခြားသားအရင်းရှင် များ၏ ခြယ်လှယ်အမြတ်ထုတ် လက်ဝါးကြီးအုပ်မှုကိုသာ အလူးအလှိမ့်ခံခဲ့ရသည်။ စပါးသီးနှံတစ်မျိုးတည်းကိုသာ အားထားစိုက်ပျိုးသော စီးပွားရေးစနစ်မှ တိုးတက် ပြောင်းလဲခွင့်မရခဲ့ပေ။ စိုက်ပျိုးရာတွင်လည်း နွားနှင့် အတူရုန်းရ၊ ထွန်ယက်ရသော အလွန်ရှေးကျသည့် သမားရိုးကျစနစ် ထက်ပို၍ တစ်စုံတစ်ရာ မတိုးတက် ခဲ့ပေ။ ဗြိတိသျှအစိုးရ၏ လျစ်လျူရှု ဥပေက္ခာပြုသော စက်မှုလက်မှုဝါဒကြောင့် ခေတ်မီစက်မှုလက်မှု လုပ်ငန်းများ မပေါ်ထွန်းနိုင်ခဲ့ဘဲ တိုင်းရင်းသားတို့၏ သမားရိုးကျ ရက်ကန်းလုပ်ငန်း၊ ဆားချက်လုပ်ငန်း၊ အိုးလုပ်ငန်း စသည့် လက်မှုလုပ်ငန်းများ သာလျှင် မှေးမှိန်ပျက်စီးခဲ့ရသည်။


မြေယာလက်ဝါးကြီးအုပ်မှု
၂၀ ရာစု နှစ်ဆန်းစကာလတွင် ရန်ကုန်စည်ပင် သာယာ နယ်နိမိတ် တိုးချဲ့ရေးကို မျှော်မှန်းလျက် မြို့ပတ်ဝန်းကျင်ရှိ မြေများကိုခွဲဝေကာ လက်ဝါးကြီးအုပ်ထား သော ကုမ္ပဏီကြီးများ ရှိခဲ့ကြသည်။ ထိုကုမ္ပဏီများ အနက် The Ahlone Land Co., Ltd. သည် ရှယ်ယာ တစ်စုလျှင် ငွေ ၅၀၀ ကျပ်နှုန်းဖြင့် ရှယ်ယာပေါင်း ၃၀၀၀ ခေါ်ယူကာ ငွေရင်း ကျပ် ၁၅၀၀၀၀၀ ဖြင့် ၁၉၀၆ ခုနှစ် အောက်တိုဘာလတွင် ကုမ္ပဏီ တည်ထောင်ခဲ့သည်။ A.R.H Ady၊ A.C. Martin၊ Dr. E.M. de Souza၊ P.H.Ripley စသူတို့က ဒါရိုက်တာ လူကြီးများဖြစ်ကြကာ Martin & Co. က အုပ်ချုပ်မှု ကိုယ်စားလှယ်အဖြစ် တာဝန်ယူခဲ့သည်။ ထိုကုမ္ပဏီက ပိုင်ဆိုင်ထားသောမြေမှာ အလုံဆိပ်ကမ်း မျက်နှာစာရှိ ၁၉ ဒသမ ၆၄ ဧကရှိသော သစ်လုပ်ငန်းဝင်း (Timber Yard) ဖြစ်သည်။


အလားတူပင် The Golden Valley Estate Co., Ltd. က တစ်စုလျှင် ကျပ် ၁၀၀ တန် အစုရှယ်ယာပေါင်း ၆၉၀၀ ခေါ်ယူပြီး ငွေရင်း ကျပ် ၆၉၀၀၀၀ ဖြင့် ၁၉၀၇ ခုနှစ်တွင် တည်ထောင်ခဲ့သည်။ ရွှေတောင်ကြား နယ်မြေ တစ်ခုလုံးကို ချုပ်ကိုင်ပိုင်ဆိုင်ထားသော ကုမ္ပဏီဖြစ် သည်။ ဒါရိုက်တာလူကြီးများမှာ H.W. Watts၊ Lim Chin Tsong၊ A.C. Martin၊ Yeo Eng Byan၊ A Sarkies တို့ ဖြစ်ကြသည်။


ရန်ကုန်မြို့၊ ပြည်လမ်း ၉ မိုင်တွင် ဘိုးဘပိုင်မြေ ၆၀၁ ဧကကို Hanthawaddy Land Co., Ltd. က ပိုင်ဆိုင်ထားသည်။ ကုမ္ပဏီကို ၁၉၀၄ ခုနှစ် စက်တင်ဘာလ ၁၅ ရက်တွင် ဒါရိုက်တာလူကြီးများ ဖြစ်သော X.H. Shaw၊ P.H. Ripley၊ N.M. Cowasjee တို့က ငွေရင်းကျပ် ၁၀၀၀၀၀ ကို ကျပ် ၁၀၀ တန် အစု ရှယ်ယာပေါင်း ၁၀၀၀ ဖြင့် ခေါ်ယူ၍ တည်ထောင်ခဲ့သည်။ ဆူးလေဘုရားလမ်းတွင် ရုံးဖွင့်လှစ်ပြီး P.H.Ripley က စက္ကရီတေရီ (Secretary) အဖြစ် ဆောင်ရွက်ခဲ့သည်။


အလားတူပင် ရန်ကုန်မြစ်၏ တောင်ဘက်မြစ်ကမ်း ဥပစာမြေ ၇၅ ဧကကို ၁၉၀၇ ခုနှစ် ဩဂုတ် ၂၁ ရက်က တည်ထောင်ခဲ့သော The Rangoon River Land Co., Ltd. က ပိုင်ဆိုင်ခဲ့သည်။ ကျပ် ၁၀၀ တန် အစုရှယ်ယာ ၂၅၀၀ ကို ခေါ်ယူကာ မတည်ရင်းနှီးငွေ ကျပ် ၂၅၀၀၀၀ ဖြင့် ကုမ္ပဏီက ရယူထားခြင်း ဖြစ်သည်။ ကုမ္ပဏီရုံးကို ရန်ကုန်မြို့ ဖယ်ယာလမ်းတွင် ဖွင့်လှစ်ထားကာ ဒါရိုက် တာ လူကြီးများမှာ Sasson E. Solomon၊ D.J.Morrison၊ C.E Stewart၊ A.P.Pennell တို့ဖြစ်ကြပြီး Jno. A. Mes- senger က စက္ကရီတေရီအဖြစ် ဆောင်ရွက်ခဲ့သည်။


ထိုစဉ်က ရှင်းလင်းခုတ်ထွင် တိုးချဲ့ခြင်းမပြုရသေး သော ကန်တော်ကြီးတစ်ဝိုက်ရှိ မြေများမှာ ၁၉၀၆ ခုနှစ် ဩဂုတ် ၁ ရက်က တည်ထောင်သော Victoria Lake Land Co., Ltd. ၏ လက်တွင်ရှိပြီး ထိုမြေများအတွက် ကုမ္ပဏီက ငွေရင်း ကျပ် ၂၃၀၀၀၀ မြှုပ်နှံခဲ့သည်။ ဒါရိုက် တာ အဖွဲ့ဝင်များမှာ A.R.H. Ady၊ A.C. Martin၊ Koo Kim Cheng တို့ဖြစ်ကြပြီး S.Cowasjee က စက္ကရီတေရီအဖြစ် ဆောင်ရွက်ကာ ကုမ္ပဏီရုံးကို အမှတ်(၃) ဘုရားလမ်း ရန်ကုန်တွင် ဖွင့်လှစ်ခဲ့သည်။


ကုက္ကိုင်းရှိ ဘိုးဘပိုင်မြေ ၂၅ ဧကခန့်မှာလည်း ၁၉၀၇ ခုနှစ် ဒီဇင်ဘာ ၁၉ ရက်က တည်ထောင်သော Windermere Co., Ltd. ၏ လက်တွင်ရှိကာ မတည် ရင်းနှီးငွေကျပ် ၂၂၅၀၀၀ မြှုပ်နှံပြီး ရယူ ပိုင်ဆိုင်ထားသော မြေဖြစ်သည်။ E.W.B. Summers၊ T.F.R. Mc Donnell၊ B.P. Lentaigne၊ H.P Adlard၊ G.S. Clifford တို့က ဒါရိုက်တာလူကြီးများဖြစ်ကြကာ ရန်ကုန်မြို့ Shafraz လမ်းတွင် ရုံးခန်းဖွင့်လှစ်ခဲ့သည်။


သန်လျင်ရှိ မြေလွတ်မြေရိုင်းများကို C.E. Brown၊ A.R.H. Ady၊ T. Fowle၊ Dr. J. D Rodriguez၊ E.T.Low စသော ဒါရိုက်တာလူကြီးများက ဦးဆောင်သည့် The Syriam Land Co., Ltd. က ချုပ်ကိုင်ကာ အပိုင်ယူထားခဲ့ သည်။ ၁၉၀၇ ခုနှစ်က တည်ထောင်သော ထိုကုမ္ပဏီ၏ ရုံးခန်းကို အမှတ် (၅၀) ကုန်သည်လမ်း ရန်ကုန်မြို့တွင် ဖွင့်လှစ်ကာ T.Fowle က စက္ကရီတေရီအဖြစ် တာဝန်ယူ ဆောင်ရွက်ခဲ့သည်။ ကုမ္ပဏီက ရင်းနှီးမြှုပ်နှံထားသော ငွေမှာ ကျပ် ၆၀၀၀၀၀ ဖြစ်ပြီး တစ်စုလျှင် ကျပ် ၁၅၀ ဖြင့် အစုရှယ်ယာပေါင်း ၄၀၀၀ ပါဝင်သည်။


အခြား အရင်းရှင်စီးပွားရေးလုပ်ငန်းများ

ရန်ကုန်မြို့ဝန်းကျင်ရှိမြေများကို လက်ဝါးကြီးအုပ် ချုပ်ကိုင်ပိုင်ဆိုင်ထားသော ကုမ္ပဏီကြီးများရှိသကဲ့သို့ ၁၈၉၅ ခုနှစ်ကတည်းက တည်ထောင်သော Burma Building and Loan Association Ltd. ခေါ် ငွေချေး ကုမ္ပဏီတစ်ခုလည်း ရှိခဲ့သည်။ ငွေရင်းကျပ် ၃၀၀၀၀၀ ကို တစ်စုလျှင် ကျပ် ၅၀ တန် အစုရှယ်ယာ ၆၀၀၀ ဖြင့် စုစည်းထားကာ မရွှေ့ပြောင်းနိုင်သော ပစ္စည်းများကို အပေါင်ခံ၍ ငွေချေးသော ကုမ္ပဏီဖြစ်သည်။ ဘဏ်များနှင့် ချစ်တီးများ၏လုပ်ငန်းတွင် အသွင်တစ်မျိုးဖြင့် ဝင်ရောက် နေရာယူသော ကုမ္ပဏီဟု ဆိုရမည်ဖြစ်သည်။ ဒါရိုက်တာ အဖွဲ့တွင် J.E Du Bern, A.G. Du Bern, R.Mc Ivor Mo- rrison, A.B. Court တို့ အပါအဝင် ဒါရိုက်တာ ကိုးဦးဖြင့် ဖွဲ့စည်းထားခဲ့သည်။


စီးပွားရေးကောင်းသော လုပ်ငန်းများတွင် ငွေပင်ငွေရင်းမြှုပ်နှံရန် ရည်ရွယ်၍ တည်ထောင်ထားသော ကုမ္ပဏီတစ်ခုမှာ Burma Investments Ltd. ဖြစ်ပြီး ဒါရိုက်တာ လူကြီးများမှာ S.A. Mower၊ G.S. Clifford၊ A.K.Jamal တို့ ဖြစ်ကြသည်။ ထင်ရှားသော ငွေရှင်ကြေး ရှင်ကြီးများဖြစ်ကြကာ အမှတ် (ဂ-၁၂)၊ စပတ်လမ်း၊ ရန်ကုန်မြို့တွင် ရုံးခန်းဖွင့်လှစ်ပြီး Mower & Co. က အုပ် ချုပ်မှုကိုယ်စားလှယ်အဖြစ် တာဝန်ယူဆောင်ရွက်ခဲ့သည်။ ကုမ္ပဏီ၏ ရင်းနှီးမြှုပ်နှံငွေမှာ ကျပ် ၇၅၀၀၀၀ ဖြစ်ပြီး ရည်ရွယ်ချက်မှာ အမြတ်အစွန်းရရန် အလားအလာကောင်း သော လုပ်ငန်းများတွင် ငွေပင်ငွေရင်း မြှုပ်နှံလုပ်ဆောင်ရန် ဖြစ်သည်။


ဖော်ပြပါ လက်ဝါးကြီးအုပ် အရင်းရှင်ကုမ္ပဏီကြီး များတွင် Dubern၊ Ady၊ Martin၊ Clifford၊ Jamal၊ Mower၊ Fowle၊ Ripley၊ de Souza စသော ဥရောပတိုက်သား များနှင့် Lim Chin Tsong၊ Yeo Eng Byan၊ Koo Kim Cheng စသော တရုတ်လူမျိုး ငွေရှင်ကြေးရှင်များက ဦးဆောင်ပါဝင်ခဲ့ကြသည်။ အစုရှယ်ယာ အများဆုံးဝယ် ယူနိုင်သူများဖြစ်ကြ သောကြောင့် ကုမ္ပဏီတစ်ခုထက်မကတွင် ရှယ်ယာပါဝင်ကာ ဒါရိုက်တာလူကြီးအဖြစ် ကြိုးကိုင်နေကြသူများ ဖြစ်ကြသည်။ ထိုငွေရှင်ကြေးရှင် များ၏ လက်ဝယ်တွင် အခြားစီးပွားရေးလုပ်ငန်းကြီးများနှင့် ကုမ္ပဏီများလည်း ကိုယ်စီရှိနေကြသည်။ ထိုစဉ်က မြန်မာ့စီးပွားရေးလုပ်ငန်းများကို မည်ရွေ့မည်မျှ ချုပ်ကိုင်လက်ဝါးကြီးအုပ် ခဲ့ကြသည်ကို ရန်ကုန်မြို့၌ ထိုပုဂ္ဂိုလ်ကြီးများနှင့် ကုမ္ပဏီများ၏ အမည်ပေးထားသော ဒူဘန်းလမ်း(Dubern Street)၊ အေဒီလမ်း(Ady Street)၊ ဂျမားလ်လမ်း(Jamel Street)၊ မာတင်ရိပ်သာ(Martin Avenue)၊ ချင်းချောင်းခြံ၊ ဝင်ဒါမီယာ စသည်တို့မှာ ယခုတိုင် မျက်မြင်ထင်ရှား ရှိနေသေးသည်ကို ထောက်ရှုခြင်းအားဖြင့် သိရှိနိုင်ပေသည်။  ။