ဘိုဂိုတာ ၂၆ ဒီဇင်ဘာ
ပြင်းအား၆ ဒသမ ၂ ရစ်ခ်ျတာစကေးရှိ ငလျင်တစ်ခု ကိုလံဘီယာ အလယ်ပိုင်း၌ ဒီဇင်ဘာ ၂၄ ရက်ကလှုပ်ခဲ့ရာ ဒေသခံပြည်သူများ အထိတ်တလန့်ဖြစ်စေခဲ့ပြီး ဘေးကင်းလုံခြုံသည့် နေရာများဆီသို့ ထွက်ပြေးခဲ့ရကြောင်း သိရသည်။
ထိခိုက်ပျက်စီးဆုံးရှုံးမှုမရှိ
ငလျင်လှုပ်မှုကြောင့် လတ်တလောတွင် သေဆုံးဒဏ်ရာရရှိမှုနှင့် အစားထိခိုက်ပျက်စီးဆုံးရှုံးမှု မရှိခဲ့ကြောင်း အာဏာပိုင်များ၏ ပြောကြားချက်အရသိရသည်။ ငလျင်သည်ဒေသစံတော်ချိန် ညနေ ၂ နာရီ ၃မိနစ်တွင် လှုပ်ခဲ့ခြင်းဖြစ်ပြီး မီဆီတက်စ်အနီးကို ဗဟိုပြုလျက် လှုပ်ခဲ့ကာ အနက်အားဖြင့် ၃၀ ကီလိုမီတာ ရှိကြောင်း ကိုလံဘီယာ ဘူမိဗေဒတိုင်းတာရေးအဖွဲ့က ပြောကြားခဲ့သည်။
ဘိုဂိုတာမြို့အနီးရှိ အခြားအဆောက်အအုံများ၊ လူနေအိမ်များနှင့် စီးပွားလုပ်ငန်း အဆောက်အအုံအချို့မှ ပြည်သူများကို ကြိုတင်ကာကွယ်သည့်အနေဖြင့် ကယ်ဆယ်ရွှေ့ပြောင်းမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
နောက်ဆက်တွဲ ငလျင်လှုပ်မှု
ကနဦး ငလျင်လှုပ်မှုသည် ညနေ ၂ နာရီ ၁၅ မိနစ်တွင် လှုပ်ခဲ့ပြီး မိနစ်အနည်းငယ်အကြာတွင် ပြင်းအား ၅ ဒသမ ၇ အဆင့်ရှိ နောက်ဆက်တွဲ ငလျင်လှုပ်မှု ထပ်မံဖြစ်ပွားခဲ့ရာ အထူးသဖြင့် ကုန်းမြင့်ပိုင်းတွင် နေထိုင်ကြသည့် ဒေသခံပြည်သူများ ကြောက်ရွံ့ ထိတ်လန့်ခဲ့ရကြောင်း သိရသည်။
အေအက်ဖ်ပီ


