ကျိုင်းတုံ ခရိုင်သို့

မောင်သာ(ရှေးဟောင်းသုတေသန)

 

တစ်ချိန်က ရှမ်းပြည်နယ်အရှေ့ပိုင်း၏ မြို့တော်ဖြစ်ခဲ့သည့် ကျိုင်းတုံမြို့သည် ရှမ်းပြည်နယ်၏ ကြီးမားထင်ရှားသော မြို့ကြီးတစ်မြို့ဖြစ်ကာ ကျိုင်းတုံခရိုင်ကို ကျိုင်းတုံ၊ မိုင်းခတ် မိုင်းပျဉ်းနှင့် မိုင်းယန်းမြို့နယ်များဖြင့် ဖွဲ့စည်းထားသည်။ ပြည်မဒေသမှ ဝေးလံသဖြင့် သွားလာမှုခက်ခဲခဲ့သည့် ကျိုင်းတုံခရိုင်သို့ လွန်ခဲ့သော ဆယ်စုနှစ်များက လေကြောင်းခရီးဖြင့်သာ သွားလာနိုင်ခဲ့သော်လည်း ယခုအခါတွင် ကုန်းလမ်းခရီးဖြင့် အလွယ်တကူ သွားရောက်နိုင်ကြပြီဖြစ်ပေသည်။ ကျိုင်းတုံမြို့သည် ရန်ကုန်မြို့မှ အရှေ့မြောက်ဘက်သို့ ၁၁၀၂ ကီလိုမီတာကွာဝေး၍ ရေလမ်းနှင့် မီးရထားလမ်းများ မရှိဘဲ လေကြောင်းနှင့် ကားလမ်းမှသာ သွားလာနိုင်သဖြင့် ရန်ကုန်မြို့မှ ကျိုင်းတုံမြို့ သို့ မော်တော်ကားဖြင့် ၂၁ နာရီဝန်းကျင် မောင်းနှင်ကြရသည်။

 

ကျိုင်းတုံခရိုင်သို့

 

၂၀၁၉ ခုနှစ် အောက်တိုဘာလ ၁၆ ရက်တွင် ထုတ်ပြန်သည့် နိုင်ငံတော်အတွင်းရှိ ခရိုင်၊ မြို့နယ်၊ မြို့၊ ရပ်ကွက်၊ ကျေးရွာအုပ်စုနှင့် ကျေးရွာဦးရေ စာရင်းချုပ်အရ ရှမ်းပြည်နယ်ရှိ ခရိုင် ၁၂ ခု အနက် ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် ကျိုင်းတုံခရိုင်၊ တာချီလိတ်ခရိုင်နှင့် မိုင်းဆတ်ခရိုင်တို့ တည်ရှိကြသည်။

 

ကျိုင်းတုံဟူသည့်အမည်သည် ရှမ်းဘာသာစကား နောင်တုံမှ ဆင်းသက်လာကာ နောင်သည်အင်း၊ တုံသည် ခံယူသည်ဟု အဓိပ္ပာယ်ရှိ၍ ဆွမ်းဆန်ဆေးရေများကို ခံယူထားသည့် ရေကန် (နောင်တုံကန်) ရှိသည့်မြို့ဟု အစဉ်အဆက် ယူဆကြသည်။ ကျိုင်းတုံသည် တရုတ်ဘာသာစကား ဗိန်းတုံမှ ဆင်းသက်လာ၍ ဇိန်းသည် မြို့၊ ဘုံသည် ဓမ္မိကရေအိုင်ကို ခန်းခြောက်အောင်ပြုလုပ်ခဲ့သည့် ဆန္ဒ သိကတုံက ရသေ့ဟူသည့် ယူဆချက်လည်း ရှိခဲ့သည်။

 

mdn

 

ကျိုင်းတုံမြို့ကို ရှေးအခါက စန္ဒရကွမ်း ဒမ္မိလပ်၊ ခေမရဌ် တုံဂပူရိစသည်ဖြင့် ခေါ်တွင်ကြသကဲ့သို့ ခေမာဝရ တိုင်းဂုံပြည်ဟုလည်း ခေါ်ဝေါ်ရေးသားကြကြောင်း ကျိုင်းတုံယဉ်ကျေးမှုပြတိုက်တွင် ဖော်ပြထားသည်။

 

လက်ရှိ ကျိုင်းတုံမြို့နယ်သည် အရှေ့မှ အနောက်သို့ ၆၂ မိုင်နှင့် တောင်မှ မြောက်သို့ ၆၃ မိုင်ရှည်လျားကာ ၁၄၆၀ ဒသမ ၉၀ စတုရန်းမိုင် ကျယ်ဝန်းသည်။ ကျိုင်းတုံမြို့သည် ၃ ဒသမ ၅၈ စတုရန်းမိုင် ကျယ်ဝန်းလျက် အရှေ့ဘက်တွင် မိုင်းယောင်းမြို့နယ်၊ အနောက်ဘက်တွင် မိုင်းပျဉ်းမြို့နယ်၊ တောင်ဘက်တွင် မိုင်းဖြတ်မြို့နယ်နှင့် မြောက်ဘက်တွင် မိုင်းခတ်မြို့နယ်၊ မိုင်းလားမြို့နယ်တို့ နှင့် နယ်နိမိတ် ထိစပ်နေသည်။

 

ကျိုင်းတုံမြို့နယ်သည် ပင်လယ်ရေမျက်နှာပြင်အထက် ပျမ်းမျှ ပေ ၂၇၁၀ မြင့်၍ မြစ်ချောင်းများအလွန် နည်းပါးသည့် ဒေသတစ်ခုဖြစ်သည်။ ကျိုင်းတုံမြို့နယ်၌ ပေ ၅၀၀၀ မှ ၇၅၀၀ အထိမြင့်မားသော တောင်တန်းများ သွယ်တန်းနေကာ မြေမျက်နှာပြင်သည် တောင်ဘက် မှမြောက်ဘက်သို့ နိမ့်ဆင်းနေပြီး ကျိုင်းတုံချိုင့်ဝှမ်းကို တောင်တန်းများက ဝန်းရံနေကြသည်။ မြို့နယ်အတွင်းရှိ အမြင့်ဆုံးတောင်သည် ပေ ၇၅၀၀ ကျော်မြင့်သည့် လွယ်ဖီး တောင်ဖြစ်သည်။

 

ပျမ်းမျှမိုးရေချိန် ၄၅ ဒသမ ၅၁ လက်မ၊ အမြင့်ဆုံး အပူချိန် ၃၃ ဒသမ ၃ဒီဂရီ စင်တီဂရိတ်နှင့် အနိမ့်ဆုံးအပူချိန် ၁၂ ဒသမ ၁ ဒီဂရီစင်တီဂရိတ်ရှိသည့် ကျိုင်းတုံမြို့နယ် ၏ ၇၀ ဒသမ ၉၄ ရာခိုင်နှုန်းကို သစ်တောများက ဖုံးလွှမ်းနေကာ ကြိုးဝိုင်း၊ ကြိုးပြင် သစ်တောဧရိယာ ၅၁၉၈၉၁ ဧကတွင် ထင်းရှူး၊ လက်ပံ၊ ငါး စသည့် သဘာဝပေါက်ပင်များ ပေါက်ရောက်၍ ဝက်ဝံ၊ ဘောဝက်၊ ဂျီ၊ ဆတ် ၊ မြွေ စသည့် တောရိုင်းတိရစ္ဆာန်များ ရှင်သန်ပေါက်ပွားလျက်ရှိသည်။ ။

 

ကျိုင်းတုံမြို့နယ်ကို ရပ်ကွက် ငါးခု၊ ကျေးရွာအုပ်စု ၃၁ အုပ်စု၊ ကျေးရွာ ၇၁၈ ရွာဖြင့် ဖွဲ့စည်းထားကာ ၂၀၁၈ ခုနှစ် စက်တင်ဘာလတွင် ထုတ်ပြန်သည့် စာရင်းအရ ကျိုင်းတုံမြို့နယ်လူဦးရေသည် ၁၇၀၆၆၀ ဖြစ်သည်။ မြို့နယ်အတွင်း၌ တိုင်းရင်းသားလူမျိုးပေါင်းစုံ နေထိုင်ကြသည့်အနက် ရှမ်းတိုင်းရင်းသားများက မြို့နယ်လူဦးရေ၏ ၄၁ ဒသမ ၆၄ ရာခိုင်နှုန်း ၇၁၀၆၄ ဦး နှင့် လားဟူလူမျိုး များက ၂၄ ဒသမ ၂၆ ရာခိုင်နှုန်း ၄၁၄၀၅ ဦး ဖြစ်သည်။ မြို့နယ်လူဦးရေ၏ ၆၈ ဒသမ ၁၈ ရာခိုင်နှုန်း ၁၁၆၃၅၆ ဦးသည် ဗုဒ္ဓဘာသာကို ကိုးကွယ်ကြ၍ ခရစ်ယာန်၊ ဟိန္ဒူနှင့် အစ္စလာမ်ဘာသာ ကိုးကွယ်ကြသူများလည်းရှိသည်။

 

ကျိုင်းတုံမြို့နယ်၏ အဓိကစီးပွားရေးသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးဖြစ်ကာ အသားတင် စိုက်ပျိုးမြေဧရိယာ ၆၆၈၁၇ ဧကတွင် စပါး၊ အစေ့ထုတ်ပြောင်းနှင့် မြေပဲကို အများဆုံး စိုက်ပျိုးကြသည်။ ထို့အတူ နှစ်ရှည်သီးနှံပင်များဖြစ်သည့် ရော်ဘာ၊ လက်ဖက်၊ ကော်ဖီ၊ ငှက်ပျောနှင့် သစ်သီးပင်များနှင့် ဈေးကွက်ဝင် သီးနှံပင်များဖြစ်သည့် အာလူး၊ သံပရာ၊ မက်မန်း၊ နာနတ်နှင့် သရက်ပင်များကိုလည်း စိုက်ပျိုးကြသည်။ ကျိုင်းတုံမြို့နယ်တွင် စပါး ၄၇၂၇၂ ဧက စိုက်ပျိုးပြီး ဒေသတွင်းဆန်လုံမှုသည် ၁၆၈ ဒသမ ၈၇ ရာခိုင်နှုန်းဖြစ်၍ ဆီဖူလုံမှုမှာမူ ၃၄ဒသမ ၄၀ ရာခိုင်နှုန်း ဖြစ်သည်။ ကျိုင်းတုံမြို့နယ်၌ မွေးမြူရေးကဏ္ဍတွင် ကျွဲ၊ နွား၊ ဝက်၊ သိုး၊ ဆိတ်၊ ကြက်၊ ဘဲနှင့် ငါးတို့ကို မွေးမြူ၍ စက်မှုကဏ္ဍတွင် ပုဂ္ဂလိကစက်ရုံ ၂၆ ရုံနှင့် အိမ်တွင်းစက်မှု လက်မှုလုပ်ငန်း ၉၀ တည်ထောင်လည်ပတ်လျက်ရှိသည်။

 

ဒေသနေကျောင်းသား ကျောင်းသူများ ပညာသင်ယူနိုင်ရန် ကျိုင်းတုံမြို့နယ်တွင် ကျိုင်းတုံတက္ကသိုလ်၊ ကျိုင်းတုံနည်းပညာ တက္ကသိုလ်၊ ကျိုင်းတုံကွန်ပျူတာ တက္ကသိုလ်၊ အစိုးရအထက်တန်းကျောင်း ၁၁ ကျောင်း၊ အထက်တန်းကျောင်းခွဲ သုံးကျောင်း၊ အလယ်တန်းကျောင်း ကိုးကျောင်း၊ အလယ်တန်းကျောင်းခွဲ လေးကျောင်း၊ မူလတန်းလွန်နှင့် မူလတန်းကျောင်း ၁၄၇ ကျောင်းကို ဖွင့်လှစ်ထားသကဲ့သို့ ဒေသနေပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်ရန် ခုတင် ၃၀၀ ဆံ့ တပ်မတော်စစ်ဆေးရုံ၊ ခုတင် ၂၀၀ ဆံ့ အထွေထွေရောဂါကုဆေးရုံ၊ ၁၆ ခုတင်ဆံ့အစိုးရဆေးရုံ သုံးရုံနှင့် ၂၅ ခုတင်ဆံ့ ပုဂ္ဂလိက ဆေးရုံတစ်ရုံတို့ကို ဖွင့်လှစ်ထားသည်။ ထို့အတူ ကျေးလက်ကျန်းမာရေးဌာန ခုနစ်ခုနှင့် ကျန်းမာရေးဌာနခွဲ ၃၄ ခုကိုလည်း ဖွင့်လှစ်ထားသည်။

 

မြို့နယ်စာရင်းချုပ်အရ ကျိုင်းတုံမြို့နယ်တွင် ဘုရားစေတီပေါင်း ၁၅၉၉ ဆူနှင့် ဘုန်းကြီးကျောင်း ၃၂၂ ကျောင်းရှိသည့်အနက် ကျိုင်းတုံမြို့ပေါ်ရှိ မဟာမြတ်မုနိ ဘုရား၊ ခေမာရဋ္ဌဗျာဒိတ်တော်ပေး ရပ်တော်မူဘုရား၊ စွန်ခမ်းစေတီတော်၊ မိုင်းလန်းကျေးရွာအုပ်စုရှိ မူလကမ္ဘာအေးစေတီ၊ လွယ်မွေကျေးရွာအုပ်စုရှိ စတုရဋ္ဌသုမင်္ဂလစေတီနှင့် အဘယရာဇမုနိရုပ်ပွားတော်တို့သည် အထင်ရှား ဆုံးဖြစ်ကြသည်။

 

ကျိုင်းတုံမြို့နယ်တွင် ၁၉၉၄-၁၉၉၅ နှစ်က တူးဖော်ခဲ့သည့် စွန်ဆပ်ကုန်း၊ ကျိုင်းတုံမြို့ဟောင်း၏ မြို့ရိုးနှင့်ကျုံး၊ ပါလျန်တံခါးတို့သည် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက စောင့်ရှောက်ထိန်းသိမ်း ပြုပြင်ထားသည့် အဆောက်အအုံများဖြစ်ကာ ကျိုင်းတုံမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ စော်ဘွားဂူသင်္ချိုင်းနှင့် လွယ်မွေကျေးရွာရှိ လွယ်မွေနှစ် ၁ဝဝ အိမ်တို့သည်လည်း ထင်ရှားသော သမိုင်းဝင် အဆောက်အအုံများဖြစ်ကြပေသည်။ ၁၇၅၃ ခုနှစ်တွင် အလောင်းမင်းတရား ဦးအောင်ဇေယျ ကျိုင်းတုံမြို့၌ စစ်စခန်းချခဲ့စဉ် စိုက်ပျိုးခဲ့သည့် ကညင်ဖြူပင်ကြီးသည် ၂၁၈ ပေမြင့်၍ လုံးပတ် ၃၆ ပေရှိကာ ကျိုင်းတုံမြို့၏ အမှတ်လက္ခဏာတစ်ခုအဖြစ် ထင်ရှားလျက်ရှိသည်။ ထို့အတူ နောင်တုံကန်၊ ပါလျန်တံခါး ရပ်တော်မူဘုရား၊ စော်ဘွားဂူ စသည်တို့သည် ကျိုင်းတုံမြို့သို့ ရောက်ရှိလာကြသူများ သွားရောက်လေ့လာလည်ပတ်ကြသည့် နေရာများဖြစ်ကြပေသည်။

 

မိုင်းပျဉ်းသို့

 

မိုင်းပျဉ်းမြို့သည် ကျိုင်းတုံမြို့မှ အနောက်ဘက်သို့ ၁၀၆ ကီလိုမီတာကွာဝေး၍ အရှေ့ဘက်တွင် ကျိုင်းတုံမြို့နယ်၊ အနောက်ဘက်တွင် ကွန်ဟိန်းမြို့နယ်၊ တောင်ဘက်တွင် မိုင်းဆတ်မြို့နယ်နှင့် မိုင်းတုံမြို့နယ်၊ မြောက်ဘက်တွင် မက်မန်းမြို့နယ်တို့နှင့် ထိစပ်နေသည်။

 

မိုင်းပျဉ်းမြို့နယ်အနီးတွင် တောင်မှ မြောက်သို့ စီးဆင်းနေသည့် နမ့်ပင်းချောင်းကို အစွဲပြုလျက် မိုင်းပင်း ဟု ခေါ်ဆိုကြရာမှ ကာလကြာမြင့်ချိန်တွင် မိုင်းပျဉ်းဟု အမည်တွင်ခဲ့သည်။ ရာဇဝင်များအရ မိုင်းပျဉ်းကို ရှမ်းညီနောင်လေးဦးဖြစ်သည့် အိုက်ဆူ၊ အိုက်ရီ၊ အိုက်စံနှင့် အိုက်ဆိုက်တို့က ကောဇာသက္ကရာဇ် ၁၀၇ ခုနှစ်တွင် တည်ထောင်ခဲ့သည်ဟု ဆိုကြပြီး သူကြီးများနှင့် ကျိုင်းတုံ စော်ဘွားက ခန့်အပ်သည့်မြို့စားများက မိုင်းပျဉ်းဒေသကို အစဉ်အဆက် အုပ်ချုပ်ခဲ့ကြသည်။ တော်လှန်ရေးကောင်စီ အစိုးရလက်ထက် ၁၉၇၂ ခုနှစ် ဩဂုတ်လ ၄ ရက်တွင် မိုင်းပျဉ်းမြို့နယ်ကို ဖွဲ့စည်းခဲ့ပြီး တုံတာကို ၂၀၁၄ ခုနှစ် မေလ ၂၂ ရက်တွင် မြို့အဖြစ် သတ်မှတ်ခဲ့သည်။ ။

 

မိုင်းပျဉ်းမြို့နယ်သည် အရှေ့အနောက် ၃၆ မိုင်နှင့် တောင်မြောက် ၆၄ မိုင်ရှည်လျား၍ ၂၃၃၁ ဒသမ ၈၆ စတုရန်းမိုင်ကျယ်ဝန်းသည်။ ပင်လယ်ရေမျက်နှာပြင် အထက် ၁၅၁၈ ပေမြင့်သည့် မိုင်းပျဉ်းမြို့နယ်သည် တောင်ကုန်း တောင်တန်းများ ထူထပ်သည့် ဒေသဖြစ်၍ ၇၃၂၉ ပေမြင့်သည့် လွယ်ဆီးတောင်သည် အမြင့်ဆုံးဖြစ်သည်။ သံလွင်မြစ်သည် မိုင်းပျဉ်းမြို့နယ်၏ အနောက်မြောက် ဘက်မှ အနောက်ဘက်သို့ စီးဆင်းနေသည်။

 

ပျမ်းမျှမိုးရေချိန် ၃၅ ဒသမ ၆၁ လက်မ၊ အမြင့်ဆုံး အပူချိန် ၃၄ ဒီဂရီ စင်တီဂရတ်နှင့် အနိမ့်ဆုံးအပူချိန် ၁၁ ဒီဂရီ စင်တီဂရိတ်ရှိသည့် မိုင်းပျဉ်းမြို့နယ်၏ ၅၉ ဒသမ ၃၁ ရာခိုင်နှုန်းကို သစ်တောများက ဖုံးလွှမ်းနေကာ ကြိုးပြင် သစ်တောဧရိယာ ဧက ၃၆၁၄၇၀ တွင် ကျွန်း၊ အင်ကြင်း၊ ပိတောက်၊ သစ်ရာ၊ သစ်အယ်၊ ထင်းစသည့် သဘာဝပေါက်ပင်များ ပေါက်ရောက်၍ ကျား၊ ကျားသစ်၊ ဂျီ၊ ဆတ်၊ တောဝက်၊ သင်းခွေချပ်၊ မျောက်၊ မြွေစသည့် တောရိုင်းတိရစ္ဆာန်များ ရှင်သန်ကျက်စားလျက်ရှိသည်။

 

မိုင်းပျဉ်းမြို့နယ်ကို မြို့နှစ်ခု (မိုင်းပျဉ်းနှင့်တုံတာ)၊ ရပ်ကွက်ခုနစ်ခု၊ ကျေးရွာအုပ်စု ၂၄ အုပ်စု၊ ကျေးရွာ ၃၉၃ ရွာဖြင့် ဖွဲ့စည်းထားကာ ၂၀၁၈ ခုနှစ် စက်တင်ဘာလတွင် ထုတ်ပြန်သည့်စာရင်းအရ မိုင်းပျဉ်းမြို့နယ် လူဦးရေသည် ၆၂၃၄၉ ဦးဖြစ်သည်။ မြို့နယ်အတွင်း၌ တိုင်းရင်းသားလူမျိုး ပေါင်းစုံ နေထိုင်ကြသည့်အနက် ရှမ်းတိုင်းရင်းသားများက မြို့နယ်လူဦးရေ၏ ၃၉ ဒသမ ၀၈ ရာခိုင်နှုန်း (၂၄၃၆၉ ဦး) နှင့် လားဟူလူမျိုးများက ၃၉ ဒသမ၆၇ ရာခိုင်နှုန်း ၂၄၇၃၆ ဦး ဖြစ်သည်။ မြို့နယ်လူဦးရေ၏ ၅၅ ဒသမ ၈၈ ရာခိုင်နှုန်း (၃၄၈၄၀) သည် ဗုဒ္ဓဘာသာကို ကိုးကွယ်ကြ၍ ခရစ်ယာန်ဘာသာ၊ အစ္စလာမ်ဘာသာနှင့် နတ်ကိုးကွယ်ကြသူများလည်းရှိသည်။

 

မိုင်းပျဉ်းမြို့နယ်၏ အဓိကစီးပွားရေးသည် စိုက်ပျိုးရေးလုပ်ငန်းဖြစ်၍ လက်ဖက်ခြောက် အများဆုံးထွက်ရှိသည်။ အသားတင် စိုက်ပျိုးမြေရိယာ ၁၂၆၉၉ ဧကတွင် စပါး၊ မြေပဲ၊ နှမ်း၊ ရော်ဘာ၊ လက်ဖက်၊ ကော်ဖီ၊ ကြက်သွန် နီ၊ အာလူးနှင့် လိမ္မော်ကို အများဆုံးစိုက်ပျိုးသည်။ မိုင်းပျဉ်းမြို့နယ်တွင် စပါးစိုက်ဧက ၁၃၃၀၄ ဧကမှ စပါး ၉၄၁၉၇၄ တင်း ထွက်ရှိသဖြင့် ဒေသတွင်း ဆန်ဖူလုံမှုသည် ၁၅၂ ဒသမ ၅၂ ရာခိုင်နှုန်းဖြစ်၍ ဆီဖူလုံမှုမှာမူ ၂၅ ဒသမ ၃၂ ရာခိုင်နှုန်းဖြစ်သည်။ မိုင်းပျဉ်းမြို့နယ်တွင် ကျွဲ၊ နွား၊ ဝက်၊ သိုး၊ ဆိတ်၊ ကြက်၊ ဘဲ၊ ငုံးနှင့်ငါးတို့ကို မွေးမြူသည်။

 

မိုင်းပျဉ်းမြို့နယ်၌ အစိုးရအထက်တန်းကျောင်းနှင့် အထက်တန်းကျောင်းခွဲ ခြောက်ကျောင်း၊ အစိုးရအလယ် တန်းကျောင်းနှင့် အလယ်တန်းကျောင်းခွဲ ခုနစ်ကျောင်း၊ မူလတန်းလွန်နှင့် မူလတန်းကျောင်း ၅၇ ကျောင်း၊ ၂၅ ခုတင်ဆံ့မိုင်းပျဉ်းမြို့နယ်ပြည်သူ့ ဆေးရုံ၊ ၁၆ ခုတင်ဆံ့ တုံတာတိုက်နယ်ဆေးရုံ၊ ကျေးလက်ကျန်းမာရေးဌာန သုံးခုနှင့် ကျေးလက်ကျန်းမာရေးဌာနခွဲ ကိုးခုကို ဖွင့်လှစ်ထားသည်။ မြို့နယ်အတွင်းရှိ ဘုရားစေတီများအနက် မိုင်းပုအွန်ကျေးရွာရှိ ကြောင်ကျိန်စေတီသည် အထင်ရှား ဆုံးဖြစ်သည်။

 

မိုင်းခတ်သို့

 

ကျိုင်းတုံမြို့နယ်၏ အနောက်ဘက်တွင် တည်ရှိသည့် မိုင်းခတ်သည် ၁၉၆၂ ခုနှစ် မတိုင်မီက မိုင်းယန်းမြို့နယ်၏ နယ်ခြားဝန်ထောက် လက်အောက်ခံဒေသ တစ်ခုဖြစ်ခဲ့ပြီး ၁၉၇၂ ခုနှစ် သြဂုတ်လ ၄ ရက်တွင် မိုင်းခတ်မြို့နယ်ကို ဖွဲ့စည်းခဲ့သည်။

 

မိုင်းခတ်မြို့နယ်သည် အရှေ့ အနောက် ၄၁ မိုင်နှင့် တောင်မြောက် ၃၂ မိုင် ရှည်လျား၍ ၉၇၃ ဒသမ ၃၃ စတုရန်းမိုင်သာ ကျယ်ဝန်းသည်။ မိုင်းခတ်မြို့နယ်၏ အရှေ့ဘက်တွင် ကျိုင်းတုံမြို့နယ်၊ အရှေ့မြောက်ဘက်တွင် မိုင်းယန်းမြို့နယ်၊ အနောက်ဘက်တွင် မက်မန်းမြို့နယ်နှင့် အနောက်တောင်ဘက်တွင် မိုင်းပျဉ်းမြို့နယ်တို့ တည်ရှိသည်။ မိုင်းခတ်မြို့နယ်သည် တောင်ကုန်းတောင်တန်းများနှင့် ချိုင့်ဝှမ်းများအကြား၌ တည်ရှိသဖြင့် မြေပြန့်လွင်ပြင် နည်းပါးကာ အရှေ့ဘက်၌ ပေ၈၀၀၀ ကျော်မြင့်သည့် လွယ်မီးတောင်နှင့် အနောက်ဘက်တွင် ၇၃၂၉ ပေ မြင့်သည့် လွယ်ဆီးတောင်တို့က ဝန်းရံထားသည်။ မြစ်၊ ချောင်းများပေါများသည့် မိုင်းခတ်မြို့နယ်သည် ပင်လယ်ရေမျက်နှာပြင်အထက် ပေ၂၇၀၀ မြင့်၍ နမ့်ဟူးချောင်းနှင့် နမ့်ခတ်ချောင်းတွင် လက်ရိုက်ဆည် သုံးခု တည်ဆောက်ကာ စိုက်ပျိုးရေနှင့် သောက်သုံးရေများကို ရယူသုံးစွဲကြသည်။

 

ရှစ်နှစ်အတွင်း ပျမ်းမျှမိုးရေချိန် ၄၈ ဒသမ ၅၈ လက်မ၊ အမြင့်ဆုံးအပူချိန် ၃၉ ဒီဂရီ စင်တီဂရိတ်နှင့် အနိမ့်ဆုံး အပူချိန် ၄ ဒီဂရီ စင်တီဂရိတ်ရှိသည့် မိုင်းခတ်မြို့ နယ်၏ ၅၀ ရာခိုင်နှုန်းကို သစ်တောများက ဖုံးလွှမ်းနေကာ ကြိုးပြင်သစ်တောဧရိယာဧက ၂၆၀၀၀ တွင် သစ်မာ၊ ထင်းရှူး နှင့်ဝါးပင်များသာ ပေါက်ရောက်၍ ဆင်၊ ကျား၊ ကျားသစ်၊ ဂျီ၊ ဆတ်၊ တောဝက်၊ တောင်ဆိတ်၊ သင်းခွေချပ်၊ ဝက်ဝံ၊ မျောက်၊ ဒေါင်း၊ မြွေစသည့် တောရိုင်းတိရစ္ဆာန်များ ရှင်သန် ကျက်စားလျက်ရှိသည်။

 

မိုင်းခတ်မြို့နယ်ကို ရပ်ကွက် နှစ်ခု၊ ကျေးရွာအုပ်စု ၁၆ အုပ်စု၊ ကျေးရွာ ၁၆၆ ဖြင့် ဖွဲ့စည်းထားကာ ၂၀၁၈ ခုနှစ် စက်တင်ဘာလတွင် ထုတ်ပြန်သည့်စာရင်းအရ မိုင်းခတ်မြို့နယ် လူဦးရေသည် ၄၅၅၄၀ ဖြစ်သည်။ မြို့နယ်အတွင်း၌ တိုင်းရင်းသားလူမျိုးပေါင်းစုံနေထိုင်ကြပြီး လားဟူလူမျိုးများက မြို့နယ်လူဦးရေ၏ ၃၅ ဒသမ ၂၀ ရာခိုင်နှုန်း (၁၆၀၂၉ ဦး)၊ ရှမ်းလူမျိုးများက ၂၀ ဒသမ ၉၄ ရာခိုင်နှုန်း (၉၅၃၇ ဦး) ဖြစ်သည်။ မြို့နယ်လူဦးရေ၏ ၆၆ ဒသမ ၂၀ ရာခိုင်နှုန်း (၃၀၁၄၉ ဦး) သည် ဗုဒ္ဓဘာသာကို ကိုးကွယ်ကြ၍ ခရစ်ယာန်ဘာသာ ကိုးကွယ်သူများမှာ ( ၁၆ ဒသမ ၈၂ ရာခိုင်နှုန်း (၇၆၆၂ ဦး) ဖြစ်သည်။

 

မိုင်းခတ်မြို့နယ်သည် စီးပွားရေးတိုးတက်မှုနှေးကွေးသည့် မြို့နယ်တစ်ခုဖြစ်၍ ဒေသနေ ပြည်သူများသည် စိုက်ပျိုးရေးလုပ်ငန်းဖြင့် အဓိက အသက်မွေးကြကာ အသားတင်စိုက်ပျိုးမြေဧရိယာ ၂၆၅၁၄ ဧကတွင် စပါး၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲပုပ်၊ အစေ့ထုတ်ပြောင်းနှင့် မလှိုင်ဝါ တို့ကို စိုက်ပျိုးကြသည်။ ထို့အတူ နှစ်ရှည်သီးနှံပင်များဖြစ်သည့် ရော်ဘာနှင့်လက်ဖက်ကို စိုက်ပျိုးကြပြီး ဈေးကွက်ဝင်သီးနှံပင်များကို စိုက်ပျိုးခြင်းမရှိချေ။

 

မိုင်းခတ်မြို့နယ်၏ ဆန်ဖူလုံမှုသည် ၂၂ ဒသမ ၉၄ ရာခိုင်နှုန်း၊ ဆီဖူလုံမှုသည် ၁၇၂ ဒသမ ၂၈ ရာခိုင်နှုန်းဖြစ်၍ ကျွဲ၊ နွား၊ ဝက်၊ သိုး၊ ဆိတ်၊ ကြက်၊ ဘဲနှင့် ငါးတို့ကိုမွေးမြူသည်။ စက်မှုကဏ္ဍတွင် အိမ်တွင်းစက်မှုလက်မှုလုပ်ငန်း ၁၇၃ ခုရှိသည်။

 

မိုင်းခတ်မြို့နယ်တွင် အစိုးရအထက်တန်းကျောင်း တစ်ကျောင်း၊ အစိုးရအလယ်တန်းကျောင်းခွဲ တစ်ကျောင်း၊ မူလတန်းလွန်နှင့် မူလတန်းကျောင်း ၄၀ ၊ ၂၅ ခုတင်ဆံ့ မိုင်းခတ်မြို့နယ် ပြည်သူ့ဆေးရုံ၊ ၁၆ ခုတင်ဆံ့ မိုင်းညှင်း တိုက်နယ်ဆေးရုံ၊ ကျေးလက်ကျန်းမာရေးဌာန သုံးခု နှင့် ကျေးလက်ကျန်းမာရေး ဌာနခွဲ ၁၁ ခုကို ဖွင့်လှစ် ထားသည်။

 

မြို့နယ်အတွင်းရှိ ဘုရားစေတီ ၃၃ ဆူအနက် မိုင်းနှုန်းကျေးရွာရှိ နှီးဘုရား၊ ဝမ်ခုတ်ကျေးရွာရှိ ရပ်တော်မူ ဘုရားနှင့် ယန်းမိုင်ကျေးရွာရှိ မဟာမြတ်မုနိဘုရားတို့သည် အထင်ရှားဆုံးဖြစ်ကြသည်။

 

မိုင်းယန်းသို့

 

ကျိုင်းတုံမြို့နယ်၏ အနောက်ဘက်တွင်တည်ရှိသည့် မိုင်းယန်းမြို့နယ်သည် သက္ကရာဇ် ၆၂၃ ခုနှစ်တွင်မြို့ပျက်တစ်ခုဖြစ်ခဲ့ပြီး ကျိုင်းတုံစော်ဘွား၏ လက်အောက်ခံနယ်မြေ တစ်ခုဖြစ်ခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ မှတ်တမ်းတွင် ဖော်ပြထားသည်။ မိုင်းယန်းသည် ခရီးတစ်ထောက်နားသည့် မြို့ဟု အဓိပ္ပာယ်ရှိကာ တော်လှန်ရေး ကောင်စီအစိုးရလက်ထက် ၁၉၇၂ခုနှစ် သြဂုတ်လ ၄ ရက် တွင် မိုင်းယန်းမြို့နယ်ကို ဖွဲ့စည်းခဲ့သည်။

 

မိုင်းယန်းမြို့နယ်သည် ၁၀၄၉ ဒသမ ၆၇ စတုရန်း မိုင်သာ ကျယ်ဝန်း၍ အရှေ့ဘက်တွင် ကျိုင်းတုံမြို့နယ်၊ အနောက်ဘက်တွင် မက်မန်းမြို့နယ်၊ တောင်ဘက်တွင် မိုင်းခတ်မြို့နယ်နှင့် မြောက်ဘက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်နှင့် နယ်နိမိတ်ထိစပ်နေသည်။

 

မိုင်းယန်းမြို့နယ်သည် တောင်ကုန်းတောင်တန်းများ ထူထပ်၍ လျှိုမြောင်ကမ်းပါးများ တည်ရှိကာ မြေပြန့်လွင်ပြင် နည်းပါးပြီး ပင်လယ်ရေမျက်နှာပြင် အထက်ပေ ၃၂၀၀ မြင့်သည်။ ပျမ်းမျှမိုးရေချိန် ၃၉ ဒသမ ၇၄ လက်မ အမြင့်ဆုံးအပူချိန် ၃၆ ဒီဂရီ စင်တီဂရိတ်နှင့် အနိမ့်ဆုံး အပူချိန် ၃ ဒီဂရီစင်တီဂရိတ်ရှိသည့် မိုင်းယန်းမြို့နယ်တွင် ပေ ၁၅၀၀ မှ ၃၂၀၀ မြင့်သည့် တောင်များရှိနေကာ သစ်ရာ၊ သစ်အယ်၊ လက်ပံနှင့် ဝါးပင်များပေါက်ရောက်၍ ဂျီ၊ တောဝက်၊ သင်းခွေချပ်၊ ဖွတ်၊ မျောက်၊ ယုန် စသည့် တောရိုင်းတိရစ္ဆာန်များ ရှင်သန်ကျက်စားလျက်ရှိသည်။

 

မိုင်းယန်းမြို့နယ်ကို မြို့နှစ်မြို့ (မိုင်းယန်းနှင့်မိုင်းပေါက်) ရပ်ကွက် ၁၃ ခု၊ ကျေးရွာအုပ်စု ၁၅အုပ်စု၊ ကျေးရွာ  ၃၃၄ ရွာဖြင့် ဖွဲ့စည်းထားကာ ၂၀၁၈ ခုနှစ် စက်တင်ဘာလတွင် ထုတ်ပြန်သည့် စာရင်းအရ မိုင်းခတ်မြို့နယ်လူဦးရေသည် ၄၉၅၄၂ ဦးဖြစ်သည်။ မြို့နယ်အတွင်း၌ တိုင်းရင်းသား လူမျိုးပေါင်းစုံ နေထိုင်ကြပြီး ရှမ်းလူမျိုးများက ၃၇ ဒသမ ၃၄ ရာခိုင်နှုန်း (၁၈၅၀၁ ဦး)နှင့် လားဟူလူမျိုးများက ၂၉ ဒသမ ၈၁ ရာခိုင်နှုန်း (၁၄၇၇၁ ဦး) ဖြစ်သည်။ မြို့နယ် လူဦးရေ၏ ၅၈ ဒသမ ၂ဝ ရာခိုင်နှုန်း (၂၈၈၃၅ ဦး) သည် ဗုဒ္ဓဘာသာကို ကိုးကွယ်ကြ၍ ခရစ်ယာန်ဘာသာကိုးကွယ် သူများမှာ ၃၉ ဒသမ ၂၁ ရာခိုင်နှုန်း(၁၉၄၃၀) ဖြစ်သည်။

 

မိုင်းယန်းမြို့နယ်နေ ဒေသခံပြည်သူများသည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းဖြင့် အဓိက အသက်မွေးကြကာ အသားတင်စိုက်ပျိုးမြေ ဧရိယာဧက ၆၅၂၃၀ တွင် စပါး၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲစင်းငုံ၊ ဝါနှင့် အစေ့ထုတ်ပြောင်းတို့ကို စိုက်ပျိုးကြသည်။ ထို့အတူ နှစ်ရှည်သီးနှံပင်များဖြစ်သည့် ကော်ဖီ၊ ရော်ဘာ၊ လက်ဖက်နှင့် ဈေးကွက်ဝင်သီးနှံပင်များဖြစ်သည့် ပဲပုပ်၊ စားတော်ပဲ၊ ငရုတ်နှင့် အာလူးတို့ကို စိုက်ပျိုးကြသည်။

 

မိုင်းယန်းမြို့နယ်၏ ဆန်ဖူလုံမှုသည် ၃၃၉ ဒသမ ၆၄ ရာခိုင်နှုန်း၊ ဆီဖူလုံမှုသည် ၁၀၉ ဒသမ ၀၁ ရာခိုင်နှုန်းဖြစ်၍ ကျွဲ၊ နွား၊ ဝက်၊ သိုး၊ ဆိတ်၊ ကြက်၊ ဘဲနှင့် ငါးတို့ကို မွေးမြူ သည်။ စက်မှုကဏ္ဍတွင် အိမ်တွင်းစက်မှုလက်မှုလုပ်ငန်း ၄၁ ခုရှိသည်။

 

မိုင်းယန်းမြို့နယ်တွင် အစိုးရအထက်တန်းကျောင်း နှစ်ကျောင်း၊ အစိုးရအလယ်တန်းကျောင်းနှင့် ကျောင်းခွဲ သုံးကျောင်း၊ မူလတန်းလွန်နှင့် မူလတန်းကျောင်း ၃၆ ကျောင်း၊ ၂၅ ခုတင်ဆံ့ မိုင်းယန်းမြို့နယ်ပြည်သူ့ဆေးရုံ နှင့် ကျေးလက်ကျန်းမာရေးဌာန လေးခုကို ဖွင့်လှစ်ထားသည်။ မြို့နယ်အတွင်းရှိ ဘုရားစေတီ ၅၂ ဆူ အနက် စွန်စနုတ်မြို့ဦးစေတီသည် ထင်ရှားသည်။

 

ရှမ်းပြည်နယ်အရှေ့ဘက်တွင် တည်ရှိသည့် ကျိုင်းတုံခရိုင်သည် ရှေးယခင်က လမ်းပန်းဆက်သွယ်ရေး ခက်ခဲခဲ့သော်လည်း တောင်ကြီး- တာချီလိတ် ပြည်ထောင်စု ကားလမ်းမကြီးကို ဖောက်လုပ်ပြီးသည့် နောက်ပိုင်းတွင် ဆက်သွယ်ရေးလမ်းကြောင်း တိုးတက်ကောင်းမွန်လာခဲ့သည်။ ကျိုင်းတုံခရိုင်သို့ ရောက်ရှိခိုက် ဒေသဖွံ့ဖြိုး တိုးတက်မှုများကို ကိုယ်တွေ့ မြင်တွေ့ခဲ့ရပြီး နောင်နှစ်များတွင် ယခုထက်ပိုမို တိုးတက်လာမည်ဟု ယုံကြည်မိခဲ့ပါသည်။ ။

 

ကိုးကား

မြန်မာ့စွယ်စုံကျမ်း အတွဲ(၂)

မြို့နယ် ဒေသဆိုင်ရာ အချက်အလက်များ(အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန) ၊

မြန်မာပြည်တစ်ခွင်လမ်းညွှန်(တင်နိုင်တိုး)