ကျိုင်းတုံ ၁၁ မတ်
ရှမ်းပြည်နည်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ မိုင်းဇင်းကျေးရွာအုပ်စု၊ နောင်နွမ်းကျေးရွာ၊ ရွှေတြိဂံဂေါက်ကွင်းအတွင်းရှိ ရေကန်တွင် မတ် ၁၀ ရက် မွန်းတည့် ၁၂ ခန့်က သူငယ်ချင်းနှစ်ဦး ရေးဆင်းချိုးရာ တစ်ဦး ရေနစ်မြုပ်ပျောက်ဆုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ကျိုင်းတုံမြို့နယ်၊ မိုင်းဇင်းကျေးရွာအုပ်စု၊ ပန်ဟုန်းကျေးရွာနေ မနာပါ(ခ)မယ်ရီဟန် အသက်(၁၃)နှစ် ပဉ္စမတန်းကျောင်းသူသည် သူငယ်ချင်းဖြစ်သူ ခင်မျိုးချစ် အသက်(၁၀)နှစ်၊ တတိယတန်းကျောင်းသူနှင့်အတူ ရွှေတြိဂံဂေါက်ကွင်း ရေကန်တွင် မတ် ၁၀ ရက် မွန်းတည့် ၁၂ နာရီခန့်တွင် သွားရောက်ရေချိုးရာ မနာပါ(ခ)မယ်ရီဟန်မှာ ရေနစ်ပျောက်ဆုံးသွားခဲ့၍ မီးသတ်တပ်ဖွဲ့ဝင်များ၊ တပ်မတော်သားများ၊ အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ရပ်ကွက်နေပြည်သူများက ဝိုင်းဝန်းရှာဖွေရာ မတ် ၁၁ ရက် မွန်းတည့် ၁၂ နာရီ ၁၅ မိနစ်တွင် အဆိုပါရေကန်မှ မနာပါ(ခ)မယ်ရီဟန်အား သေဆုံးလျက် ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ ကျိုင်းတုံမြို့မရဲစခန်းက သေမှု၊ သေခင်းဖွင့်လှစ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)


