ကျိုင်းတုံ ၂၇ မတ်

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့၌ တစ်နှစ်တွင် တစ်ရက်သာ ရှမ်းတိုင်းရင်းသားများ၏ ရိုးရာနှင့်အညီ ကျင်းပသည့် စော်ဘွားဈေးနေ့ကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။

 

11

 

ကျိုင်းတုံမြို့တွင် ရှေးနှစ်ပေါင်းများစွာကတည်းကပင် စော်ဘွာဈေးနေ့ (ဈေးဟောင်းနေ့)ကို တစ်နှစ်တစ်ကြိမ် ရက်ကောင်း ရွေးချယ်ကာ ကျင်းပသည့်အပြင် ကျိုင်းတုံမြို့နှင့် အနီးပတ်ဝန်းကျင် ကျေးရွာဒေသများတွင်လည်း ငါးရက်တစ်ဈေးနေ့ကို ရွာစဉ်အလိ်ုက် ဈေးနေ့များပြုလုပ်၍ ရောင်းဝယ်ဖောက်ကားခြင်းများ ပြုလုပ်ကြသည်။

 

“ဒီနေ့က ကျိုင်းတုံမြို့မဈေးကြီး ပိတ်ပြီး စော်ဘွားဈေး၊ ဈေးဟောင်းမှာ အနယ်အရပ်ရပ်က ကျွန်မတို့လို့ ဈေးသည်တွေ လာရောက် ရောင်းချနေကြတာပါ။ လာရောက် ဈေးဝယ်တဲ့သူတွေကလည်း ဒီနေ့ ဝယ်တဲ့ပစ္စည်းက တစ်နှစ်လုံးအတွက် လာဘ်လာဘကောင်းတယ်လို့ ယုံကြည်နေကြတယ်လေ။

 

နောက်ပြီး ငါးရက်ဈေးနေ့နဲ့ တစ်ရက်တည်း သတ်မှတ်လိုက်တော့ ဈေးဝယ်သူကော၊ ဈေးရောင်းသူကော အရမ်းစည်းကာနေတာပါ”ဟု စော်ဘွားဈေးနေ့ လာရောက်ရောင်းချသည့် အမျိုးသမီးတစ်ဦးက ပြောသည်။

 

စော်ဘွားဈေးနေ့တွင် ဒေသထွက် အသီးအနှံများ၊ အစားအစာများ၊ တိုင်းရင်းသားရိုးရာ အဝတ်အထည်နှင့် လူသုံးကုန်ပစ္စည်းများကို မဟာမြတ်မုနိ ဘုရားကြီးကနေ ဈေးတန်းကြီးလမ်းအတိုင်း၊ တာယော်လမ်း၊ ပါလျှံတံခါးလမ်းဆုံမှ ကျိုင်းလန်းလမ်းအကွေ့၊ လွိုင်မွေလမ်း၊ စော်ဘွား အောင်မြေနတ်နန်းနှင့် စော်ဘွားသင်္ချိုင်းဟောင်းတို့တွင် သတ်မှတ်နေရာများ၌ ဆိုင်ခန်းများ ခင်းကျင်းပြီး နံနက် ၅ နာရီခန့်မှ မွန်းတည့် ၁၂ နာရီခန့်အထိ ရောင်းဝယ်ဖောက်ကားကြသည်။

 

ယင်းနေ့တွင် ပါလျန်တံခါး တစ်ဝိုက်၌ ယဉ်ကျေးမှု အဆို၊ အက၊ အတီးများ၊ စတုဒီသာကျွေးခြင်း၊ ယဉ်ကျေးမှုဝတ်စုံ ဆင်မြန်းလာသူများအား ဗလာမပါ ကံစမ်းမဲများဖောက်ပေးခြင်းများ၊ သင်္ချိုင်းဟောင်းနှင့် အောင်မြေ နတ်နန်းတို့တွင် စော်ဘွားအဆက်ဆက် အရိုးအိုးများ မြုပ်နှံရာနေရာတွင် သစ်သီး၊ ပန်း၊ ဆီမီး၊ အမွှေးနံသာများ ပူဇော်ပသကြသည်။

 

စော်ဘွားဈေးနေ့ကို အေဒီ ၁၃၆၈ ခုနှစ်တွင် စော်ဘွား စဝ်ကျစ်ပ်ပန်းတူက အထိန်းတော် ဦးလော်ယောင်ကို မိုင်းငွမ်းမြို့စားအဖြစ် ခန့်အပ်ခဲ့ရာမှ မကျေနပ်သည့်အတွက် ဦးလော်ယောင်က သခင်စော်ဘွားကို ဓားဖြင့်ထိုးသတ်ခဲ့ကြောင်း၊ ၎င်းလည်း ပြန်ပြီးကွပ်မျက်ခံရကြောင်း၊ အဆိုပါ အဖြစ်အပျက်အား ရည်စူးကာ နတ်နန်းတည်ဆောက်ပြီး ပူဇော်ပသခဲ့ရာမှ အစဉ်အလာတစ်ရပ်ဖြစ်ကာ စော်ဘွားဈေးဟောင်းနေ့အဖြစ် ကျင်းပခဲ့ကြောင်း ယဉ်ကျေးမှု ဦးစီးဌာနမှ သိရသည်။

 

မြင့်မိုရ်(တာချီလိတ်)