ကြို့ပင်ကောက် ၇  မေ

 

ပဲခူးတိုင်းဒေသကြီး ကြို့ပင်ကောက်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ၂၀၁၉ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေများကို မေ ၆ ရက်မှ စတင်ကာ ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။

 

“ကြို့ပင်ကောက်မြို့နယ်တွင် တစ်မြို့နယ်လုံးအတိုင်းအတာဖြင့် ဧကခြောက်သောင်းကို တစ်ဧကလျှင် တစ်သိန်းခွဲနှုန်း ထုတ်ချေးပေးရန် လျာထားထားကြောင်း၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ၂၀၁၆ ခုနှစ် မိုးရာသီ၊ ဆောင်ရာသီ ချေးငွေကာလမှ ၂၀၁၈ ခုနှစ် မိုးရာသီ၊ ဆောင်းရာသီ ချေးငွေအချိန်အထိ ကြွေးကျန် ငွေကျပ် သိန်းပေါင်း ၁၃၄၂၆၄ ဒသမ ၄၅ ကျပ် ကျန်ရှိကြောင်း၊ ကြွေးကျန်မရှိသော တောင်သူများကို ဦးစားပေး ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း” မြို့နယ်ဘဏ်ခွဲမန်နေဂျာ ဦးဇော်ထူးက ပြောသည်။

 

1

 

ထိုသို့ မိုးရာသီစိုက်ပျိုးစရိတ် ထုတ်ချေးရာတွင် ကြို့ပင်စခန်းအုပ်စု ကြို့ပင်စခန်းကျေးရွာမှ တောင်သူ ၁၁ ဦး၏ စိုက်ပျိုးဧက (၄၀)အတွက် တစ်ဧကလျှင် ငွေကျပ် ၁၅၀ဝ၀ဝ ကျပ်နှုန်းဖြင့် စုစုပေါင်း ချေးငွေ သိန်း ၆၀ ကို ထုတ်ချေးပေးခဲ့သည်။

 

ယခုနှစ်တွင် စိုက်ပျိုးစရိတ်ချေးငွေများကို ထုတ်ချေးခြင်းနှင့် ပြန်လည်ပေးဆပ်သော တောင်သူများကို လက်ခံခြင်းအား တစ်ပြိုင်တည်း လက်ခံဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး လယ်ယာမြေပိုင်ဆိုင်ခွင့် ပုံစံ(၇) အထောက်အထားနှင့် တစ်ဦးချင်း အာမခံစံနစ်ဖြင့် စိုက်ပျိုးချိန်အမှီ ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း  သိရသည်။

 

ဇေယျာထွန်း(ကြို့ပင်ကောက်)

 

1