ကြို့ပင်ကောက် မေ ၂၉
    

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ်အတွင်းရှိ တောင်သူများ စိုက်ပျိုးရေးဆိုင်ရာ ဗဟုသုတများကြွယ်ဝလာစေရန်၊ စိုက်ပျိုးရေးဆိုင်ရာ ဆွေးနွေးပွဲများဆောင်ရွက်သွားရန်နှင့် စိုက်ပျိုးရေးဆိုင်ရာ သင်တန်းများဖွင့်လှစ် အကောင်အထည်ဖော်ဆောင်ရွက်သွားရန် ရည်ရွယ်၍ စိုက်ပျိုးရေးအသိပညာပေးစခန်း အသစ်နှစ်ခုကို မြို့လယ်ချောင်း ကျေးရွာနှင့် အလယ်ကုန်းကျေးရွာတို့တွင် တိုးချဲ့ဆောက်လုပ်လျက်ရှိသည်။
    

မြို့လယ်ချောင်းကျေးရွာ စိုက်ပျိုးရေးအသိပညာပေးစခန်းကို အလျားပေ ၆၀၊ အနံ ၃၅ ပေ၊ အမြင့် ၁၂ပေ အာစီတစ်ထပ်တိုက်ကို ခွင့်ပြုငွေကျပ်(၄၈ ဒသမ ၃၁)သန်းဖြင့် မင်းသွေးပိုင် ဆောက်လုပ်ရေးကုမ္ပဏီက တာဝန်ယူဆောက်လုပ်နေပြီး အလယ်ကုန်းကျေးရွာ စိုက်ပျိုးရေးအသိပညာပေးစခန်းကို အလျားပေ ၄၀ အနံ ၃၀ ပေ၊ အမြင့် ၁၃  ပေ Steel Structure အဆောက်အဦးကို ခွင့်ပြုငွေကျပ်သန်း(၂၀)ဖြင့် ရွှေတောင်သားကုမ္ပဏီက ဆောက်လုပ်လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။


ကြို့ပင်ကောက်မြို့တွင် တောင်သူများအတွက် လက်ပံပင်စုစိုက်ပျိုးရေး အသိပညာပေးစခန်းနှင့် မင်းကုန်းစိုက်ပျိုးရေး အသိပညာပေးစခန်းဟူ၍ နှစ်ခုသာရှိခဲ့ရာ ယခုစိုက်ပျိုးရေး အသိပညာပေးစခန်းအသစ်နှစ်ခုနှင့်ဆိုလျှင် လေးခုဖြစ်သွား၍ တောင်သူများအား စိုက်ပျိုးရေးအသိပညာများ ကျယ်ကျယ်ပြန့်ပြန့် အသိပညာပေးဆောင်ရွက်နိုင်တော့မည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးမောင်မောင်ဌေးက ပြောသည်။


ဇေယျာထွန်း(ကြို့ပင်ကောက်)

 

1