mdn

ကလျာမိုးမြင့် - ရေးသားသည်

 

ယခုရက်ပိုင်းမှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက လူငယ်တွေကို ထူးထူးခြားခြား သတိပေးချက် တစ်ခုလုပ်ဆောင် လာပါတယ်။ အဲဒါကတော့ လူငယ်တွေအနေနဲ့ ငယ်ရွယ် တဲ့သူတွေဆီမှာ ကိုရိုနာဗိုင်းရပ်စ်မကျရောက်နိုင်ဘူးဆို ပြီး မိမိကိုယ်ကို ကျေနပ်အားရမနေကြဖို့နဲ့ ကိုရိုနာ ဗိုင်းရပ်စ်ကို အထင်မသေးကြဖို့ပါပဲ။

 

ရောနှောဆက်ဆံခြင်းကို ရှောင်ကြဉ်

 

လူငယ်တွေဖြစ်နေပေမယ့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအန္တရာယ် မကျရောက်နိုင်ဘူးလို့ ပြောလို့ မရနိုင်တာကြောင့် ပိုပြီးရောဂါကူးစက်ဖို့ လွယ်တဲ့ သက်ကြီးပုဂ္ဂိုလ်တွေနဲ့ လူမှုရေးအရ ရောနှောဆက်ဆံ တာကို ရှောင်ကြဉ်သင့်တယ်လို့ အကြံပြုထားပါတယ်။  လူငယ်တွေ လုပ်ဆောင်လိုက်တဲ့ ရွေးချယ်မှုက နောက်ထပ်တစ်စုံတစ်ယောက်အတွက် ရှင်သန်ခြင်းနဲ့ သေဆုံးခြင်းကြားက ကွာခြားချက် တစ်ခုဖြစ်သွားနိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ တက်ဒရိုစ် အက်ဒဟာ နွမ်ဂီဘရီရက်ဆပ်ကပြောကြားခဲ့တာပါ။

 

ကျန်းမာရေးသတိပေးချက်တွေကို အလေးမထား

 

ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကြောင့် ဖြစ်ပွားရတဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါကြောင့် ကမ္ဘာ တစ်ဝန်းမှာ လူနာပေါင်း ၁၁၀၀၀ ကျော်အထိ အသက်ဆုံးရှုံးခဲ့ရပါပြီး၊ ဗိုင်းရပ်စ်ကူးစက်ခံ ထားရတဲ့လူနာအရေ အတွက်ဟာဆိုရင်လည်း ၂၅၀၀၀၀ အထိ ရှိနေပါတယ်။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့အကြီးအကဲရဲ့ မှတ်ချက်အရ  ကိုရိုနာဗိုင်းရပ်စ်ဟာ အသက်ကြီးတဲ့သူတွေကြားမှာသာ ပိုပြီးကူးစက် ဖြစ်ပွားနိုင်ခြေ ပိုများတယ်ဆိုတဲ့အချက်ကြောင့် လူငယ်တွေဟာ မိမိကိုယ်မိမိရောဂါမကျရောက် နိုင်ဘူးအထင်နဲ့ ကျန်းမာရေးသတိပေးချက်တွေကို သိပ်ပြီးဂရုမစိုက်ကြတဲ့ အနေအထား မျိုးဖြစ်နေတယ်လို့  သတင်းတွေ ကြားသိနေရတယ်လို့ ဆိုပါတယ်။

 

ရောဂါဗဟိုချက်မ အီတလီဖြစ်လာ

 

ကိုရိုနာဗိုင်းရပ်စ်ဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလမှ တရုတ်နိုင်ငံအတွင်းမှာ စတင်ပေါက်ဖွား ပျံ့နှံ့ခဲ့တာပါ။ အခုအခါမှာတော့ ရောဂါပျံ့နှံ့တဲ့ဗဟိုချက်မဟာ တရုတ် နိုင်ငံမဟုတ်တော့ဘဲ ဥရောပဖြစ်သွားပါပြီ။ အများဆုံး  ကူးစက်ခံနေရတဲ့နိုင်ငံကတော့ အီတလီနိုင်ငံပါပဲ။ နိုင်ငံတွင်းမှာ ဗိုင်းရပ်စ်ကြောင့် သေဆုံးရတဲ့အရေအတွက်ဟာ တခြားနိုင်ငံတွေထက် ပိုများနေပြီး မတ် ၂၀ ရက်မှာ  သေဆုံးသူ ၆၂၇ ဦးအထိ တိုးပွားလာခဲ့ပါတယ်။ ရောဂါ  ကူးစက်ခံရသူအရေအတွက်ဟာ ၄၀၃၂ ဦးဖြစ်ပြီး ရောဂါ စတင်ကူးစက်ခဲ့တဲ့နေ့ရက်ကစပြီး နိုင်ငံအတွင်းမှာ လူ အသေအပျောက်အများဆုံးနေ့တစ်နေ့အဖြစ်နဲ့ စံချိန်တင်ခဲ့ပါတယ်။

 

 ပေါ့ပေါ့ဆဆမနေသင့်

 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ဌာနချုပ်ရုံးစိုက်ရာ ဂျီနီဗာက နေ အွန်လိုင်းသတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ချိန် မိန့်ခွန်း ပြောကြားခဲ့ရာမှာ မစ္စတာတက်ဒရိုစ်က လူကြီးတွေမှာ ထိခိုက်မှုအများဆုံးဆိုတာ မှန်ပေမယ့် လူငယ်တွေမှာ လည်း မဖြစ်နိုင်ဘူးလို့ ပြောလို့မရဘူးလို့ သတိပေးခဲ့ပါတယ်။

 

“ကျွန်တော့်အနေနဲ့ လူငယ်တွေကို တစ်ခုအသိပေးချင် တာရှိတယ်။ အဲဒါကတော့ သင်ဟာလူငယ်တစ်ယောက် ဖြစ်နေပေမယ့် ဗိုင်းရပ်စ်ကို ကျော်လွှားနိုင်ပြီလို့ ကိုယ့်ကိုယ် ကိုကျေနပ်နေလို့မရဘူး။ဗိုင်းရပ်စ်က သင့်ကို ရက်သတ္တပတ် များစွာကြာတဲ့အထိ ဆေးရုံကို အရောက်ပို့လိုက်နိုင်သလို  အသက်ဆုံးရှုံးတဲ့အထိလည်း ဖြစ်ရင်ဖြစ်သွားနိုင်တယ်။ သင့်အနေနဲ့ မဖျားမနာခဲ့ဘူးဆိုရင်တောင်မှသင် ဘယ်သွား မယ်၊ ဘယ်လာမယ်ဆိုပြီး ရွေးချယ်လိုက်တဲ့လုပ်ဆောင်ချက်က တခြားသူတစ်ဦးအတွက် သေခြင်းနဲ့ ရှင်ခြင်းကြားက  အရာတစ်ခုခုဖြစ်သွားနိုင်တယ်”လို့ ၎င်းက ပြောကြားခဲ့ပါတယ်။

 

 ဝူဟန်မှာ ရောဂါထိန်းချုပ်မှုအောင်မြင်

 

ရောဂါစတင်ပျံ့နှံ့ရာဗဟိုချက်မဖြစ်ခဲ့တဲ့ တရုတ်နိုင်ငံ ဟူပေပြည်နယ် ဝူဟန်မြို့မှာ ကိုရိုနာဗိုင်းရပ်စ်ထပ်မံကူးစက် ခံရသူ ပေါ်ထွက်မလာတော့ဘူးဆိုတဲ့ သတင်းကို မစ္စတာ တက်ဒရိုစ်က ဝမ်းမြောက်စွာကြိုဆိုခဲ့ပါတယ်။ ဒါဟာ  အာဏာပိုင်တွေအနေနဲ့ ရောဂါထိန်းချုပ်ရေးဆောင်ရွက် ရာမှာ အောင်မြင်မှုရရှိခဲ့တယ်ဆိုတဲ့သတင်းကောင်းတစ်ခု ဖြစ်သလို ကမ္ဘာတစ်ဝန်းက ကျန်ရှိနေတဲ့တခြားနိုင်ငံတွေမှာ အဆိုးရွားဆုံးအခြေအနေတွေကို ရင်ဆိုင်နေရချိန်မှာ တောင် မျှော်လင့်ချက်ရှိနေသေးတယ်ဆိုတာကို မီးမောင်းထိုးပြ လိုက်သလိုပါပဲ။

 

သုတေသနပြု လေ့လာမှုတွေအရ လူကြီးလူငယ် အရွယ်သုံးပါးမရွေး ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရနိုင်တဲ့ အန္တရာယ်ရှိတယ်ဆိုတာကို ဖော်ပြနေတယ်။ ဒါပေမယ့် ဒီထဲမှာမှကိုယ်ခံအားယုတ်လျော့လာပြီဖြစ်တဲ့ လူငယ်တွေ နဲ့ ပင်ကိုအားဖြင့် ကျန်းမာရေးအားနည်းသူတွေမှာ ပိုပြီး အန္တရာယ်ရှိတယ်လို့ ဆိုပါတယ်။ ရောဂါကူးစက်မှုအမြင့် ဆုံးဖြစ်ပွားနေတဲ့ အီတလီမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် အသက်ဆုံးရှုံးရတဲ့ ပျမ်းမျှအသက်အရွယ်ဟာ ၇၈ နှစ်နဲ့ အထက် လူကြီးတွေဖြစ်တာကို တွေ့ရပါတယ်။

 

ခပ်ခွာခွာနေဖို့လို

 

တရုတ်နိုင်ငံမှာ ဗိုင်းရပ်စ်ကြောင့် သေဆုံးတဲ့ အသက် ၅၀ အောက်လူငယ်တွေဟာ ၁ရာခိုင်နှုန်းအောက်လျော့နည်း တယ်လို့ နယူးယောက်တိုင်းမ် သတင်းစာအရ သိရ ပါတယ်။ဒါပေမယ့်သေဆုံးသူတွေထဲမှာ ၁၅ ရာခိုင်နှုန်းနီးပါး ဟာ အသက် ၈၀ ကျော်တွေ ဖြစ်ပါတယ်။

 

လက်ရှိမှာတော့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ဗိုင်းရပ်စ်ကူးစက်မှုကို တားဆီးကာကွယ်ရာမှာ အထောက် အကူ ဖြစ်စေဖို့အတွက် လူမှုရေးအရ ခွဲခြားဆက်ဆံတာ မျိုးထက်ရုပ်ပိုင်းဆိုင်ရာအရ ခပ်ခွာခွာနေပြီး ကြိုတင် ရှောင်ရှားတာမျိုးကိုသာ အဓိကလုပ်ဆောင်ဖို့ အကြံပြုနေပါတယ်။

 

 ဗိုင်းရပ်စ်ကြောင့်ခြေချုပ်မိကုန်ပြီ

 

အခုဆိုရင် ပိုမိုအရှိန်မြင့်လာနေတဲ့ ဗိုင်းရပ်စ်ကူးစက် မှုအခြေအနေကြောင့် အမေရိကန်ရှိ ပြည်နယ်အမြောက် အပြားမှာ အမေရိကန်နိုင်ငံသားငါးဦးမှာ တစ်ဦးဟာ နေအိမ်မှာသာနေကြဖို့ အမိန့်ထုတ်ပြန်ထားပါတယ်။ ကွန်နက်တီကပ်ပြည်နယ်၊ နယူးဂျာစီပြည်နယ်၊ အီလီနွိုက်ပြည်နယ်နဲ့ ကယ်လီဖိုးနီးယားပြည်နယ်တွေမှာ ဗိုင်းရပ်စ်ပျံ့နှံ့မှုကိုတားဆီးဖို့အတွက် ဒေသခံတွေအနေနဲ့ နေအိမ်ထဲမှာပဲနေကြဖို့ အမိန့်ထုတ်နေပြီ ဖြစ်ပါတယ်။ နယူးယောက်မှာတော့ အရေးတကြီးမဟုတ်တဲ့ စီးပွားရေး လုပ်ငန်းတွေကို ပိတ်ထားဖို့ ထုတ်ပြန်ထားပါတယ်။

 

 သမ္မတထရမ့် ပယ်ချ

 

ကိုရိုနာဗိုင်းရပ်စ်ဟာ အမေရိကန်ပြည်ထောင်စုက ပြည်သူ၂၃၀နီးပါးရဲ့ အသက်တွေကို နုတ်ယူသွားခဲ့သလို ၁၈၅၀၀ ထက်မနည်း ရောဂါကူးစက်ခံထားရပါတယ်။ ဟာဝိုင်ယီမှာ ဘားဆိုင်တွေနဲ့ ကလပ်တွေ ပိတ်ထားဖို့နဲ့ လူ ၁၀ ဦးထက်ပိုတဲ့ လူမှုရေးအရစုဝေးမှုတွေ မလုပ်ကြဖို့ အမိန့်ထုတ်ထားပါတယ်။ ဒါပေမယ့် သမ္မတထရမ့် ကတော့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အဝင် အထွက် ပိတ်ဆို့မှုတွေ ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်ဖို့ကိစ္စကို မကြာသေးခင် ရက်ပိုင်းအတွင်းမှာတင် ပယ်ချခဲ့ပါတယ်။

 

အမေရိကန်ပြည်ထောင်စုတစ်ခုလုံးကို အပြီး ပိတ်ထားဖို့ လိုအပ်မယ်လို့ ကျွန်တော်မထင်ဘူး။ အမေရိကန်ဟာ ဗိုင်းရပ်စ်ကို တိုက်တဲ့စစ်ပွဲမှာ အနိုင် ရလာနေပြီလို့ မတ် ၂၀ ရက် သတင်းစာရှင်းလင်းပွဲမှာ သမ္မတ ထရမ့်က ပိုင်ပိုင်နိုင်နိုင် ပြောကြားခဲ့တာကို တွေ့ရပါတယ်။ နယူးယောက်မှာရှိတဲ့ သမ္မတရဲ့ ဟိုတယ် တွေနဲ့ ဝါရှင်တန်ဒီစီကိုတော့ ဆက်လက်ဖွင့်လှစ် ထားဆဲပါပဲ။ ။

 

ကိုးကား - နယူးယောက်တိုင်းမ်၊ ဘီဘီစီ