၂၈ ဇွန်
အသစ်တစ်ဖန် ထပ်မံဖြစ်ပွားလာတဲ့ ကိုရိုနာဗိုင်းရပ်စ်က စီးပွား ရေးတိုးတက်မှုကို ကသောင်းကနင်းဖြစ်စေမယ်ဆိုပြီး စိုးရိမ်ပူပန် ကြောက်ရွံ့စိတ်တွေ ဖြစ်ပေါ်နေချိန်မှာ အလုပ်ပြုတ်သွားတဲ့ အလုပ်သမားသစ်တွေရဲ့ အကျိုးခံစားခွင့်တောင်းဆိုမှုတွေဟာ အမေရိကန်ပြည်ထောင်စုမှာ အရှိန်ကောင်းကောင်းနဲ့ ဆက်လက် မြင့်တက်နေဆဲပါ။
အလုပ်လက်မဲ့နှုန်းတွေမြင့်တက်
ဇွန် ၂၅ ရက်က ထုတ်ပြန်လိုက်တဲ့ အလုပ်သမားဌာနရဲ့ သတင်းအချက်အလက်တွေအရ လွန်ခဲ့တဲ့ သီတင်းပတ်က အမေရိကန် ၁ ဒသမ ၄၈ သန်းဟာ အလုပ်လက်မဲ့ အကျိုးခံစားခွင့် တွေ တောင်းဆိုခဲ့ပါတယ်။ ဒါဟာ အရင်သီတင်းပတ်ထက် အလုပ် လက်မဲ့ဦးရေ ၆၀၀၀၀ လောက် မြင့်တက်လာခဲ့တယ်ဆိုတာကို ပြသနေပါတယ်။ အမေရိကန်ပြည်ထောင်စုရဲ့ ပြည်နယ်တွေမှာ စီးပွားရေးလုပ်ငန်းတွေ ပြန်လည်ဖွင့်လှစ်ပေးခဲ့တာတောင်မှ တချို့ အလုပ်သမားတွေ အလုပ်မရကြဘဲ အလုပ်လက်မဲ့နှုန်းတွေ ဆက်လက်မြင့်တက်နေဆဲဖြစ်ပါတယ်။
ကုန်သွယ်ရေးဌာနရဲ့ သီးခြားထုတ်ပြန် ဖော်ပြလိုက်တဲ့ စာရင်းအချက်အလက်တွေအရ စက်ရုံတွေက ကုန်ထုတ်လုပ်မှု တွေ ပြန်လည်စတင်ခဲ့တဲ့အတွက် လွန်ခဲ့တဲ့လက ကုန်အမှာစာ တွေ အနည်းငယ် ပြန်လည်မြင့်တက်လာခဲ့တယ်လို့ သိရသော် လည်း ကိုရိုနာဗိုင်းရပ်စ်က ကမ္ဘာ့အကြီးဆုံး စီးပွားရေး အင်ပါယာ ကြီးကို ထပ်မံထိုးနှက်တိုက်ခိုက်ခဲ့ပါတယ်။ လေ့လာသုံးသပ် သူတွေကတော့ တိုးတက်မှုတွေ စတင်လာတဲ့အချိန်မှာ ကန့်သတ်ချက်တွေရှိနေတာက အန္တရာယ်ဖြစ်စေနိုင်တယ်လို့ သတိပေးထားပါတယ်။
ပုံမှန်အခြေအနေပြန်ရောက်ဖို့မလွယ်
ကိုရိုနာဗိုင်းရပ်စ် တစ်ကျော့ပြန်လှိုင်းဂယက်ရိုက်ခတ်မှု ကြောင့် အခုဆိုရင် စီးပွားရေးလုပ်ငန်းအများစုဟာ အရင်က မျှော်လင့်ထားသလို အရှိန်အဟုန်ကောင်းကောင်းနဲ့ ပြန်လည် လည်ပတ်ဖို့ မဖြစ်နိုင်တော့တဲ့အတွက် ပုံမှန်အခြေအနေ ပြန်လည် ရောက်ရှိဖို့ဆိုတာ မလွယ်တဲ့ ကိစ္စတစ်ခုလို့ သုံးသပ်ရမယ်လို့ ဘိုင်ပါတီဆန် မူဝါဒရေးရာဌာနက စီးပွားရေးမူဝါဒဆိုင်ရာ ညွှန်ကြားရေးမှူး ရှာအိအခါဘက်စ်က တွစ်တာမှာ ပြောကြား ထားပါတယ်။
အမေရိကန်ပြည်ထောင်စုအတွင်း ကိုရိုနာဗိုင်းရပ်စ်ကို တားဆီးရန် ကန့်သတ်ပိတ်ဆို့မှုတွေ စတင်ပြုလုပ်ခဲ့ချိန်ကတည်း က အခုအချိန်အထိ အလုပ်မှ အနားရသူအရေအတွက်ဟာ ၄၇ ဒသမ ၂ သန်းထိ ရှိလာခဲ့တယ်လို့ နောက်ဆုံးကိန်းဂဏန်း ဖော်ပြချက်တွေအရ သိရပါတယ်။
အကျိုးခံစားခွင့်လျှောက်ထားကြ
၂ ဒသမ ၂ ထရီလီယံတန်ဖိုးရှိ ကိုဗစ်-၁၉ ကူညီကယ်ဆယ် ရေးနှင့် စီးပွားရေးလုံခြုံမှု အက်ဥပဒေဟု အမည်ပေးထားသော ကူညီထောက်ပံ့ရေးအစီအစဉ်သို့ အကျိုးခံစားခွင့်လျှောက်ထားသူပေါင်းဟာ ၇၂၈၁၂၀ ရှိခဲ့ပါတယ်။ ဒီကူညီထောက်ပံ့ရေး အစီ အစဉ်ဟာ ကွန်ထရက်တာတွေနဲ့ ကိုယ်ပိုင်စီးပွားရေးလုပ်သူ တွေအတွက် ခွင့်ပြုပေးထားတာဖြစ်ပြီး အလုပ်သမားတွေကတော့ ဒီအကျိုးခံစားခွင့်ကို လျှောက်ထားလို့ မရဘူးလို့ သိရပါတယ်။
ဇွန် ၁၃ ရက်မှာ အဆုံးသတ်ခဲ့တဲ့ တကယ့်ကို အကျိုးခံစားခွင့် ရရှိခဲ့တဲ့အလုပ်လက်မဲ့အရေအတွက်ဟာ ၁၃ ဒသမ ၄ ရာခိုင်နှုန်း ရှိခဲ့ပါတယ်။ အဲဒီပမာဏဟာ စီးပွားရေးပြန်ဖွင့်ရင် အလုပ်ပြန်ရ မယ်လို့ မျှော်လင့်ထားတဲ့ အလုပ်သမားအရေအတွက်ရဲ့ ထက်ဝက် သာသာလောက်ပဲ ရှိပါတယ်။
စီးပွားရေး ပိတ်ဆို့လိုက်တာကြောင့် မတ်လနှောင်းပိုင်းမှာ အလုပ်လက်မဲ့နှုန်းတွေဟာ မြင့်တက်လာခဲ့ပါတယ်။ သို့သော် လည်း ကမ္ဘာ့စီးပွားရေးပျက်ကပ်မှာ ကြုံတွေ့ခဲ့တဲ့အထိတော့ မဆိုးရွားခဲ့ပါဘူး။ သို့သော်လည်း မေလထဲမှာတော့ အလုပ်လက်မဲ့ အရေအတွက်ဟာ ၁၃ ဒသမ ၃ သန်းအထိ ရောက်ရှိလာခဲ့ပါတယ်။
လုပ်သားအင်အားကို စီမံခန့်ခွဲနိုင်မှရမယ်
ရှေ့ဆက်ပြီး သီတင်းပတ်လေးပတ်ဆက်တိုက် ပျမ်းမျှ အကျိုးခံစားခွင့်တောင်းခံသူတွေဟာ ၁ ဒသမ ၇၈ မှ ၁ ဒသမ ၆၂ သန်းကြား ရှိနိုင်ကြောင်း အဆင့်မြင့် စီးပွားရေးပညာရှင် တစ်ဦးဖြစ်တဲ့ ရူဘီလာဖာရိုးဂီက ပြောပါတယ်။ သို့သော်လည်း ကိုဗစ်- ၁၉ ကာလအတွင်း တင်းကျပ်တဲ့ စည်းမျဉ်းစည်းကမ်း တွေကြားမှာ လုပ်သားအင်အားကို ကုမ္ပဏီတွေအနေနဲ့ စီမံခန့်ခွဲမှု မလုပ်ဆောင်နိုင်ဘူးဆိုရင်တော့ အကျိုးခံစားခွင့် တောင်းခံသူတွေ ဒီထက်မြင့်တက်လာဖို့ရှိကြောင်း ဖာရိုးဂီက ဆက်လက်ပြောကြားထားပါတယ်။ ရှေ့ဆက်ပြီး သုံးပတ် ဆက်တိုက် အကျိုးခံစားခွင့်တောင်းဆိုမှုတွေ ကျဆင်းလာမယ် ဆိုရင်တော့ အလုပ်သမားငှားရမ်းမှုတွေ ပြန်လည်မြင့်တက်လာ ဦးမယ့် သဘောပါပဲလို့ သူက ဆက်ပြောပါတယ်။
ဂရုစိုက်မှုအက်ဥပဒေလို့ အမည်ပေးထားတဲ့ ကူညီ ထောက်ပံ့ရေးအစီအစဉ်က ဖန်တီးပေးထားတဲ့ ဝန်ထမ်းလစာ ကာကွယ်မှုအစီအစဉ်က အလုပ်သမားများကို ချေးငွေပေးမည် ဖြစ်ပြီး အဲဒီချေးငွေဟာ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် အလုပ်ဖြုတ်ခဲ့တဲ့ အလုပ်သမားတွေကို အလုပ်ရှင်က ပြန်လည် ငှားရမ်းလိုက်ပါက အလိုလိုကင်းလွတ်ပြီးသားဖြစ်မှာ ဖြစ်ပါတယ်။ သို့သော်လည်း အောက်စ်ဖို့ဒ်စီးပွားရေးပညာရှင်များက အဲဒီ အခြေအနေဟာ အလုပ်လက်မဲ့နှုန်းကို ပိုဖြစ်စေကြောင်း ပြောလိုက်ပါတယ်။
အောင်မြင်မှုမရရှိသေး
အမေရိကန်ပြည်ထောင်စုရဲ့ နေရာအတော်များများမှာ ကိုရိုနာဗိုင်းရပ်စ်ကို တိုက်ဖျက်ရာမှာ အောင်မြင်မှုမရရှိသေးသလို နောက်ကိုပဲ ရောက်နေပါတယ်။ ဇွန် ၂၄ ရက်တစ်ရက်တည်းကို ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူပေါင်းဟာ ၃၅၉၀၀ ဖြစ်ခဲ့ပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ အန္တရာယ် ထပ်မံမြင့်တက်လာတဲ့ အတွက် လူတွေဟာ နောက်တစ်ကြိမ် စားသောက်ဆိုင်တွေ၊ ဈေးဝယ်ကုန်တိုက်တွေကို သွားလာခြင်း မပြုကြတော့ပါဘူးလို့ စီးပွားရေးပညာရှင်တစ်ဦးဖြစ်တဲ့ အီယန်ရှပ်ဟာဆန်က ပြောပါ တယ်။
တိုးတက်ရာကနေ ဆုတ်ယုတ်သွား
ကုန်ထုတ်လုပ်ရေးကဏ္ဍမှာတော့ ကုန်ထုတ်လုပ်မှု အချက် အလက်များဟာ အောက်လည်းမကျ၊ အပေါ်လည်းမတက်ဘဲ တစ်သမတ်တည်းလို တည်ငြိမ်လျက်ရှိပြီး ကြာရှည်ခံကုန်ပစ္စည်း တွေကတော့ မေလမှာ ၁၅ ဒသမ ၈ ရာခိုင်နှုန်း မြင့်တက်လာခဲ့ပြီး အမေရိကန်ဒေါ်လာ ၁၉၄ ဒသမ ၄ သန်း ရရှိခဲ့တယ်လို့ ကုန်သွယ် ရေးဌာနက ပြောပါတယ်။ ဒါဟာ ဧပြီလမှာ ဖြစ်ပေါ်နေတဲ့ အကျဘက်ကနေ ပြန်လည်မြင့်တက်လာခဲ့တာပဲ ဖြစ်ပါတယ်။ လေယာဉ်ထုတ်လုပ်ရေးကုမ္ပဏီဖြစ်တဲ့ ဘိုးရင်းနဲ့ ကားထုတ်လုပ် ရေးကုမ္ပဏီ ဒက်ထရိုက်တို့ဟာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပိတ်ထား တဲ့ စက်ရုံတွေ ပြန်လည်လည်ပတ်ပြီးနောက်မှာ သယ်ယူပို့ဆောင် ရေးကဏ္ဍမှာ အမှာစာတွေဟာ ၈၀ ဒသမ ၇ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ပါတယ်။
သို့သော်လည်း အခုတော့ အမေရိကန်ပြည်ထောင်စုမှာ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ ကူးစက်ပျံ့နှံ့မှု နောက်တစ်ကြိမ် ဖြစ်ပွားလာပြီး စက်ရုံတွေပိတ်လိုက်ရတဲ့အတွက် အခြေအနေတွေ ဟာ တိုးတက်ရာကနေပြီး ပြန်လည်ကျဆင်းလာမယ့်အရေးကို ရင်ဆိုင်နေရပါတယ်။ စာရင်းပိုင်းဆိုင်ရာ အချက်အလက်တွေအရ အရင်နှစ်ကနဲ့ နှိုင်းယှဉ်ရင် ဒီနှစ်မှာ အမှာစာတွေဟာ ၁၇ ဒသမ ၉ ရာခိုင်နှုန်း ကျဆင်းခဲ့တယ်လို့ ဖာရိုဂီက ပြောကြားခဲ့ပါတယ်။ ကုန်သွယ်ရေးဌာနကလည်း စီးပွားရေးဟာ ပထမသုံးလပတ်မှာ ၅ ရာခိုင်နှုန်းလောက်ကျဆင်းခဲ့တယ်လို့ ပြောပါတယ်။ ။
ကိုးကား- အေအက်ဖ်ပီ
ထွန်းသစ်စ


