၇ ဖေဖော်ဝါရီ
ဝူဟန်မြို့ရှိ ဝူဟန်ဗဟိုဆေးရုံမှာ အလုပ်လုပ်နေတဲ့ အသက် ၃၄ နှစ်အရွယ် ဒေါက်တာ လီဝမ်လီအန် ဟာ ကိုရိုနာဗိုင်းရပ်စ်ပိုးအကြောင်းကို ပထမဦးဆုံး သတိပြုမိတဲ့ ဆရာဝန်တစ်ဦးဖြစ်ပြီး ဒီနေ့(သောကြာနေ့) နံနက် ၂နာရီ ၅၈ မိနစ်တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးကြောင့် ကွယ်လွန်ခဲ့ကြောင်း သိရပါတယ်။
ဒေါက်တာလီက ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် ဆားစ်ရောဂါပိုးလိုမျိုးဖြစ်တဲ့အတွက် လုပ်ဖော်ကိုင်ဖက်တွေအား ကူးစက်မခံရအောင် ကာကွယ်ရေးအဝတ်တွေ ဝတ်ဆင်ဖို့ ဆရာဝန်တွေရဲ့ အုပ်စုစကားဝိုင်းကနေ တစ်ဆင့် သတိထားဖို့ ပြောကြားပါတယ်။ အဲဒီသတိပေးစကားကြောင့် ဒေသခံရဲတပ်ဖွဲ့က ဒေါက်တာလီ အပါအဝင် လူရှစ်ဦးအား သတင်းအမှားတွေ ပြောဆိုနေတာကို ရပ်တန့်ဖို့ ခေါ်ယူသတိပေးခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ဒေသခံအာဏာပိုင်တွေက ဒေါက်တာလီကို တောင်းပန်ကြောင်း သိရပါတယ်။
ဒေါက်တာလီ ဟာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူတွေကို ကုသပေးနေရင်း သူကိုယ်တိုင် ရောဂါပိုးကူးစက်ခံရပုံကို ဝီဘိုဆိုရှယ်မီဒီယာပေါ်မှာ ဇန်နဝါရီ ၁၀ တွင် သူဟာချောင်းဆိုးနေကြောင်း ရေးသားခဲ့ပြီး နောက်တစ်ရက်မှာ သူ့မှာ အဖျားရှိနေကြောင်းနဲ့ နှစ်ရက်အကြာမှာ သူဆေးရုံပေါ်ရောက်နေပြီလို့ ရေးသားပါတယ်။ ဇန်နဝါရီ ၃၀ ရက်နေ့မှာတော့ ကိုရိုနာဗိုင်းရပ်စ်ပိုး ရှိတယ်လို့ စစ်ဆေးအတည်ပြုထားကြောင်း ဆိုရှယ်မီဒီယာပေါ်မှာ ရေးသားခဲ့ပါတယ်။
ဖေဖော်ဝါရီ ၇ ရက်နေ့မှာ ဒေါက်တာလီ အပါဝင် ၂၄ နာရီ အတွင်း သေဆုံးသူ ၇၃ ဦးရှိရာ သေဆုံးသူ စုစုပေါင်း ၆၃၆ ဦး၊ ရောဂါရှင် အသစ် ၃၀ဝ၀ ဦး အပါအဝင် ဗိုင်းရပ်စ်ပိုးကူးစက်ခံရသူ စုစုပေါင်း ၃၁,၁၆၁ ဦး ရှိပြီ ဖြစ်ပါတယ်။
ဒေါက်တာလီသေဆုံးမှုနဲ့ပတ်သတ်ပြီး လုပ်ဖော်ကိုင်ဖက်ဆရာဝန်တစ်ဦးက လီဟာသူရဲကောင်းဖြစ်တယ် သူ့အသက်ကိုရင်းပြီး တခြားသူတွေကို သတိပေးသွားတယ်လို့ ဝီဘိုမှာ ရေးသားဂုဏ်ပြုသလို တာဝန်ရှိသူတွေရဲ့ ဆောင်ရွက်မှုကို အားမရသူတွေကလည်း အာဏာရှိသူတွေကို ဆဲဆိုကြိမ်းမောင်းကြတာကို တွေ့ရပါတယ်။
MDN
ကိုးကား -AFP


