၁၁ ဖေဖော်ဝါရီ

 

ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးကြောင့် သေဆုံးသူ ၁,၀၁၆ ဦး ရှိသွားပြီဖြစ်ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က တရုတ်နိုင်ငံကို ခရီးသွားလာခြင်းမရှိဘဲ ရောဂါပိုးကူစက်ခံမှုဟာ စိုးရိမ်စရာကောင်းတဲ့ အခြေအနေဖြစ်တယ်လို့ သတိပေးပြောကြားလိုက်ပါတယ်။

 

5

 

တရုတ်သမ္မတ ရှီကျင့်ဖျင်က ဘေကျင်းမြို့က ဆေးရုံးတစ်ရုံကို မနေ့က သွားရောက်ကြည့်ရှူပြီး  ကျန်းမာရေး ဝန်ထမ်းတွေနဲ့ လူနာတွေကို အားပေးစကားပြောကြားတာကို တွေ့ရပါတယ်။

 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ နိုင်ငံတကာကျွမ်းကျင်ပညာရှင်များ ပါဝင်တဲ့အဖွဲ့ကလည်း တရုတ်နိုင်ငံကို ရောက်ရှိနေပြီဖြစ်ပါတယ်။ အဖွဲ့ကို ဦးဆောင်သူမှာ ဘရုစ် အောဝေါ့ဖြစ်ပြီး ဘရုစ်ဟာ အာဖရိကအနောက်ပိုင်းမှာ ၂၀၁၄-၁၆ အတွင်းက အီဘိုလာဗိုင်းရပ်စ်ပိုး ပျံ့နှံ့မှုတားဆီးရေးမှာ ပါဝင်ခဲ့သူဖြစ်ပါတယ်။ ဒီအဖွဲ့ဟာ မြေပြင်အခြေအနေမှာ လက်တွေ့အလုပ်လုပ်မယ့် နိုင်ငံတကာ အဖွဲ့ဖြစ်သလို ဗိုင်းရပ်စ်ပိုးရဲ့အရင်းအမြစ်၊ သေဆုံးမှုမြင့်မားခြင်း အချက်အလက်တွေပါ စုဆောင်းမှာဖြစ်ပါတယ်။

 

ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးကူးစက်ခံရသူပေါင်း ၄၂,၆၃၈ ဦး ရှိလာပြီဖြစ်သလို နိုင်ငံပေါင်း ၂၅ နိုင်ငံအထိ ရောက်ရှိနေတာကိုလည်း တွေ့ရပါတယ်။

 

ဗိုင်းရပ်စ်ပိုးစတင်ရာ ဝူဟန်မြို့တည်ရှိတဲ့ ဟူပေပြည်နယ်ရဲ့ ကွန်မြူနစ်ပါတီခေါင်းဆောင်နဲ့ ပြည်နယ်ကျန်းမာရေးအဖွဲ့ရဲ့ ဒါရိုက်တာတို့ကို အလုပ်မှ ရပ်ဆိုင်းတာမျိုးအထိ လုပ်ဆောင်တာကို တွေ့ရပါတယ်။

 

တရုတ်အစိုးရက မြို့တော်တော်များများက လူတွေကို အပြင်မထွက်ဖို့ တားမြစ်ထားချိန်မှာ နိုင်ငံတချို့က သူတို့နိုင်ငံသားတွေ တရုတ်နိုင်ငံကို ခရီးမသွားအောင် လုပ်ဆောင်ထားမျိုးနဲ့ အဓိက လေကြောင်းလိုင်းတွေကလည်း တရုတ်နိုင်ငံကို ပျံသန်းခြင်း ယာယီရပ်ဆိုင်းတာမျိုးအထိ လုပ်ဆောင်ပြီး ကိုရိုနာဗိုင်းရပ်စ်ပိုး မပျံ့နှံ့အောင် လုပ်ဆောင်နေပါတယ်။

 

ဒါပေမယ့် တရုတ်နိုင်ငံကို မသွားဖူးဘဲ ဗိုင်းရပ်စ်ပိုးကူးစက်ခံရသူ ဗြိတိန်နိုင်ငံသားကနေ တဆင့် လူ ၁၁ ဦးအထိ ဗိုင်းရပ်စ်ပိုးကူးစက်ခံရမှုကလည်း ရှိနေပါတယ်။ ဗြိတိန်နိုင်ငံသားက စင်ကာပူနိုင်ငံမှာကျင်းပတဲ့ အစည်းအဝေးကို တက်ရောက်ပြီးအပြန် ပြင်သစ်နိုင်ငံရှိ အယ်လ်ပါ့စ်ဒေသကို အပန်းဖြေခရီးသွားခဲ့ပါတယ်။

 

58

 

အဲဒီအပန်းဖြေခရီးမှ အပြန် ဗြိတိန်နိုင်ငံအရောက်မှာ သူ့မှာ ကိုရိုနာဗိုင်းရပ်စ်ပိုးရှိနေကြောင်း သိရပါတယ်။ အဲဒီဗြိတိန်နိုင်ငံသားကြောင့် ပြင်သစ်နိုင်ငံမှ ငါးဦး၊ ဗြိတိန်နိုင်ငံမှ ငါးဦး၊ စပိန်နိုင်ငံမှ တစ်ဦးတို့ဟာ ဗိုင်းရပ်စ်ပိုးကူးစက်ခံရတဲ့အတွက် ဆေးကုသခံယူနေတာကို တွေ့ရပါတယ်။

 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကတော့ စင်ကာပူ ဆွေးနွေပွဲကို ဗိုင်းရပ်စ်ပိုး ပျံ့နှံ့ရာနေရာအဖြစ် သတ်မှတ်ခေါ်ဆိုဖို့ စောသေးကြောင်း ပြောပါတယ်။

 

MDN

ကိုးကား - AFP