ဘာလင် ၂၄ မတ်
ဂျာမနီဝန်ကြီးချုပ် အင်ဂျလာမာကယ်၏ ဆရာဝန်တွင် ကိုရိုနာဗိုင်းရပ်စ်တွေ့ရှိရ၍ ယခုအခါ ဂျာမနီ ဝန်ကြီးချုပ်သည်လည်း သီးခြားခွဲနေရမည်ဟု အစိုးရပြောရေးဆိုခွင့်ရှိသူ စတက်ဖန် ဆီဘတ်က မတ် ၂၂ ရက်တွင် ပြောကြားခဲ့သည်။
အင်ဂျလာမာကယ်ကို ကျန်းမာရေးစစ်ဆေးပေးသည့် ဆရာဝန်တွင် ကိုရိုနာဗိုင်းရပ်စ်တွေ့ရှိကြောင်း သိရှိရပြီးနောက် အင်ဂျလာမာကယ်သည် ၎င်း၏နေအိမ်အတွင်း၌သာ သီးခြားခွဲနေရန် ဆုံးဖြတ်ခဲ့သည်။ လာမည့် ရက်ပိုင်းအတွင်း အင်ဂျလာမာကယ်ကို ဆေးစစ်မှုပြုလုပ်သွားမည်ဟု အစိုးရပြောရေးဆိုခွင့်ရှိသူက ပြောသည်။
အင်ဂျလာမာကယ်သည် ရုံးပိုင်းဆိုင်ရာကိစ္စများကို နေအိမ်မှသာ စီမံခန့်ခွဲမှုပြုလုပ်သွားမည်ဖြစ်သည်။ ဂျာမနီနိုင်ငံတွင် လူနှစ်ဦးထက်ပိုကာ စုဝေးခွင့်မရှိကြောင်း ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။ သို့သော် နေအိမ်တွင် နေထိုင်ကြသည့် မိသားစုများမှာမူ ခြွင်းချက်အဖြစ်ထားရှိကြောင်း သိရသည်။
ဂျာမနီနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၂၄၁၀၀ ကျော်ရှိလာပြီး မတ် ၂၂ ရက်တွင် သေဆုံးသူ ၉၀ အထိ ရှိလာသည်။
ဆင်ဟွာ


