ဝါရှင်တန် ၂၆ ဖေဖော်ဝါရီ
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါပျံ့နှံ့မှု တိုက်ဖျက်ရေး ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံ အတည်ပြုပေးရန် အစိုးရအဖွဲက ကွန်ဂရက်ထံ တောင်းခံခဲ့ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားသည်။
သမ္မတ ဒေါ်နယ်ထရမ့်က အဆိုပါမှတ်ချက်စကားကို အမေရိကန်ပြည်ထောင်စုသို့ မပြန်မီ ယမန်နေ့က အိန္ဒိယနိုင်ငံ၌ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတစ်ခု၌ ပြောကြားခဲ့ခြင်းဖြစ်သည်။ ဂျပန်နိုင်ငံမှပြန်လာသည့် အမေရိကန်နိုင်ငံသားအားလုံးကို အခြားသူများနှင့်ခွဲ၍ စောင့်ကြည့်နေကြောင်း၊ ကာကွယ်ဆေးတစ်မျိုး တီထွင်ထုတ်လုပ်ရန် အဆိုပြုထားသည့်ငွေကြေးကို ၄င်းက အတည်ပြုခဲ့ကြောင်း ဒေါ်နယ်ထရမ့်က ဆိုသည်။ ကိုရိုနာဗိုင်း ရပ်စ် ကူးစက်ရောဂါနှင့်ပတ်သက်၍ တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် ဆွေးနွေးခဲ့သည်ဟုလည်း ဒေါ်နယ်ထရမ့်က ဝန်ခံခဲ့သည်။
ဖြစ်နိုင်သမျှစော၍ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါပြဿနာဖြေရှင်းရန် တရုတ်နိုင်ငံနှင့် အနီးကပ် လက် တွဲဆောင်ရွက်နေကြောင်း ၄င်းက ပြောကြားသည်။ နိုဝင်ဘာလ သမ္မတရွေးကောက်ပွဲမတိုင်မီ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါကြောင့် အမေရိကန်စီးပွားရေး မထိခိုက်စေရန် ဒေါ်နယ်ထရမ့်က တားဆီးလိုပုံပေါ်သည်ဟု လေ့လာသူများက ဆိုသည်။
ကိုးကား--အင်န်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်


