ဝင်းသူအောင် (သုတေသန)

( ကိုဗစ်- ၁၉ ကပ်ရောဂါဖြစ်ပွားနေသော လတ်တလောကာလတွင် မိမိတို့၏ အိမ်နီးချင်းနိုင်ငံများဖြစ်သော အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့၌ ဆိုင်ကလုန်းမုန်တိုင်းများဝင်ရောက်တိုက်ခတ်ခဲ့မှုကြောင့် သေကျေဒဏ်ရာရမှုများ၊ ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည်။ ထို့အပြင် အိန္ဒိယနိုင်ငံ၌ မိုးကြိုးပစ်မှု ဖြစ်စဉ်များ၊ တရုတ်နှင့်ဂျပန်နိုင်ငံတို့၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့်ရေကြီးရေလျှံမှုနှင့် မြေပြိုမှုများဖြစ်ပွားခဲ့ရာ ယင်းနိုင်ငံအသီးသီး၌ အသက်အိုးအိမ်စည်းစိမ် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပွားခဲ့ရပြန်သည်။ ထို့ကြောင့် အဆိုပါနိုင်ငံများ၌ တစ်ပူပေါ် နှစ်ပူဆင့်ဆိုသလို ဖြစ်ခဲ့ရသည့်အတွက် စိတ်မကောင်းဖွယ်ရာပင်ဖြစ်သည်။ မိမိတို့နိုင်ငံတွင်လည်း ၂၀၀၈ ခုနှစ် နာဂစ်၊ ၂၀၁၀ ပြည့်နှစ် ဂီရိဆိုင်ကလုန်းမုန်တိုင်းများ ကဲ့သို့ သဘာဝဘေးကပ်ဆိုးကြီးများကြောင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များစွာ ပျက်စီးဆုံးရှုံးခဲ့ရသည့်သာဓကများစွာရှိခဲ့ပြီးလည်း ဖြစ်ပါသည်။ ယခုကာလများတွင်လည်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ၊ မြေပြိုမှုများ၊ မိုးကြိုးပစ်ခံရခြင်းကြောင့် သေကျေဒဏ်ရာရရှိမှုများ မကြာခဏ ဖြစ်ပွားလျက်ရှိပါသည်။ ထို့ကြောင့် ကြိုတင်မျှော်မှန်းနိုင်ခြင်းမရှိသော သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်၍ မမေ့မလျော့ မပေါ့မဆဘဲ သတိပြုဆင်ခြင်နေထိုင်ကြရန် အရေးကြီးသည်မှာ အငြင်းပွားဖွယ်ရာမရှိပေ။

အတုယူစရာ သင်ခန်းစာ

အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့၌ မေလအတွင်း တိုက်ခတ်ခဲ့သော ဆိုင်ကလုန်းမုန်တိုင်း အမ်ဖန်သည် ၁၉၉၉ ခုနှစ်မှစ၍ အဆိုပါနိုင်ငံများ၌ တိုက်ခတ်သည့် အပြင်းထန်ဆုံး မုန်တိုင်းတစ်ခုဖြစ်ပြီး အိန္ဒိယနိုင်ငံ၌ ပြည်သူအနည်းဆုံး ၈၆ ဦးနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ၂၆ ဦး သေဆုံးခဲ့သည်။ ဘင်္ဂလားဒေ့ရှ်ရေတပ်သည် အလွန် အင်အားပြင်းသော ဆိုင်ကလုန်းမုန်တိုင်း အမ်ဖန်တိုက်ခတ်ပြီးနောက် အရေးပေါ်ရှာဖွေကယ်ဆယ်ရေးနှင့် ဆေးကုသရေးလုပ်ငန်းများ ချက်ချင်းဆောင်ရွက်နိုင်ရေး ကြိုးပမ်းမှုအဖြစ် ကယ်ဆယ်ရေးသင်္ဘော ၂၅ စင်း၊ ပင်လယ်ရေကြောင်း ကင်းလှည့်လေယာဉ်  ၂ စင်း၊ ရဟတ် ယာဉ် ၂ စင်းတို့ကို မုန်တိုင်းမတိုက်ခတ်မီ နှစ်ရက်အလို မေလ ၁၉ ရက်တွင် တပ်ဖြန့်ချထားခဲ့ပြီး မုန်တိုင်းဒဏ် ကျရောက်နိုင်မည့် ဒေသများရှိ ပြည်သူများကို ဘေးလွတ် ရရာသို့ ရွှေ့ပြောင်းပေးခဲ့ပါသည်။ ဝန်ကြီးချုပ် ရှိတ်ဟာဆီနာ သည်လည်း မုန်တိုင်းတိုက်ခတ်မှုဒဏ်ခံစားခဲ့ရသော ပြည်သူများကို ငွေကြေးနှင့် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးနိုင်ရေးနှင့် ၎င်းတို့၏ ပျက်စီးဆုံးရှုံးသွားသောနေအိမ်များကို ပြန်လည်ပြုပြင်တည်ဆောက်ပေးရေးတို့အတွက် အစီအမံများ ချက်ချင်းချမှတ်ဆောင်ရွက် ခဲ့သည်။

ထို့အပြင် နိုင်ငံတစ်ဝန်း၌ မုန်တိုင်းဒဏ်ခံအဆောက်အအုံများ တည်ဆောက်၍ ပြည်သူပေါင်း ၂ ဒသမ ၂ သန်း ခန့်ကို ဘေးလွတ်အောင် ခိုလှုံခွင့်ပေးခဲ့သည်။ ထိုကဲ့သို့ ကြိုတင်ပြင်ဆင်မှုများ အစွမ်းကုန်ပြုလုပ်ထားသော်လည်း မုန်တိုင်းတိုက်ခတ်မှုကြောင့် နေအိမ်များပျက်စီးခြင်း၊ သစ်ပင်များ အမြစ်မှကျွတ်ထွက်ခြင်း၊ နေအိမ်ခေါင်မိုးများ  လေနှင့်အတူ လွင့်ပါခြင်း၊ ဓာတ်တိုင်များ လဲကျခြင်း၊ ပင်လယ်ကမ်းခြေရှိ ကျေးရွာများ၌ ရေလွှမ်းမိုးခြင်းနှင့်  ပြည်တွင်းစီးပွားရေးအတွက် အရေးပါသော ပုစွန်မွေးမြူရေးကန်များ ပျက်စီးခြင်းတို့ ဖြစ်ပေါ်ခဲ့သည်။ ထို့အပြင် မုန်တိုင်းကြောင့် ပြည်သူ ၁၀ သန်းခန့် ထိခိုက်ခံစားခဲ့ရပြီး ၅ သိန်းခန့်မှာ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပါသည်။ မုန်တိုင်း ( တိုက်ခတ်မှုဒဏ်အား ခရိုင် ၂၆ ခုခန့်တွင် အဓိကခံစားခဲ့ရပြီး ပျက်စီးဆုံးရှုံးမှုတန်ဖိုးမှာ တာကာ ၁၁ ဘီလီယံ (အမေရိကန်ဒေါ်လာ သန်း ၁၃၀)ခန့်ရှိကြောင်း အစိုးရ၏ ခန့်မှန်းတွက်ချက်မှုများအရ သိရှိရသည်။

အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီသည်လည်း မုန်တိုင်းမတိုက်ခတ်မီ ၃ ရက်အလို မေလ ၁၈ ရက်တွင် ပြည်ထဲရေးဝန်ကြီး၊ အနောက်ဘန်ဂေါပြည်နယ်ဝန်ကြီးချုပ်၊ ဩရိသျှ ပြည်နယ်ဝန်ကြီးချုပ်တို့နှင့် ဆွေးနွေးပွဲပြု  လုပ်ခဲ့ပြီး ကြိုတင်ပြင်ဆင်ထားမှုနှင့် ဘေးလွတ်ရာ ရွှေ့ပြောင်းမှု အစီအစဉ်များကို ပြန်လည်သုံးသပ်ခဲ့သည်။

ဩရိသျှ ဘေးအန္တရာယ်အလျင်အမြန် တုံ့ပြန်ရေးတပ်ဖွဲ့၊ အမျိုးသားဘေးအန္တရာယ်တုံ့ပြန်ရေးတပ်ဖွဲ့တို့မှ အဖွဲ့ငယ်များသည် မုန်တိုင်းအတွက် ကြိုတင်ပြင်ဆင်မှု များ ပြုလုပ်ရာတွင် အကူအညီပေးရန်နှင့် လိုအပ်သည့် နေရာများအား အကူအညီချက်ချင်းပေးအပ်နိုင်ရန် အတွက် ဩရိသျှနှင့် အနောက်ဘန်ဂေါပြည်နယ်တို့၌ ကြိုတင် တပ်ဖြန့်ချထားမှု ပြုလုပ်ခဲ့သည်။ ထို့အပြင် ကူညီ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်စေရေး အတွက် အိန္ဒိယလေတပ်မှ သယ်ယူပို့ဆောင်ရေး လေယာဉ်များ၊ ရေတပ်မှ စစ်ရေယာဉ်များနှင့် ရေငုပ်အဖွဲ့ များကိုလည်း အသင့်ထားရှိခဲ့သည်။

ထို့အပြင် နိုင်ငံအရှေ့ပိုင်း ကမ်းရိုးတန်းဒေသများ၌ မုန်တိုင်းဒဏ်ခံအဆောက်အအုံများ တည်ဆောက်၍ ပြည်သူပေါင်း ၂ သန်းခန့်ကို ဘေးလွတ်အောင်ခိုလှုံခွင့် ပေးခဲ့သည်။ ထိုကဲ့သို့ ပြင်ဆင်ထားသည့်ကြားမှ မုန်တိုင်း တိုက်ခတ်ချိန်တွင် အနည်းဆုံး ၈၆ ဦး သေဆုံးပြီးလျှပ်စစ် ဓာတ်အားပြတ်တောက်မှုများ၊ သစ်ပင်များနှင့် နေအိမ်အဆောက်အအုံများ ပြိုကျပျက်စီးမှု၊ ရေကြီး ရေလျှံမှုများ ဖြစ်ပွားခဲ့ပါသည်။ မုန်တိုင်းကြောင့် ပြည်သူအများအပြား ထိခိုက်ခဲ့သည့်အပြင် ပျက်စီးဆုံးရှုံးမှု တန်ဖိုး အိန္ဒိယရူပီး တစ်ထရီလီယံ (အမေရိကန်ဒေါ်လာ ၁၃ ဒသမ ၂ ဘီလီယံ) ခန့် ရှိကြောင်း အိန္ဒိယအစိုးရက ခန့်မှန်းခဲ့သည်။ ထို့အပြင် အိန္ဒိယနိုင်ငံ အနောက်အလယ်ပိုင်း မဟာရာရှထရာ ပြည်နယ်၌ ဇွန် ၄ ရက်တွင် နီဆာဂါ ဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်ခဲ့ရာ ၆ ဦး သေဆုံးပြီး ပျက်စီးဆုံးရှုံးမှု တန်ဖိုးမှာ အိန္ဒိယရူပီး ၅၀ ဘီလီယံ (အမေရိကန်ဒေါ်လာ ၆၆၄သန်း) ရှိကြောင်း အိန္ဒိယအစိုးရကခန့်မှန်းခဲ့ပါသည်။

မြန်မာအစိုးရ၏ ကြိုးပမ်းဆောင်ရွက်မှု

မြန်မာနိုင်ငံတွင်လည်း သဘာဝဘေးအန္တရာယ်များ အတွက်ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နိုင်စေရန် ရည်ရွယ်၍ အမျိုးသားသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ကော်မတီ ကို ဖွဲ့စည်းထားရှိပြီး ကော်မတီအစည်းအဝေးကို တစ်နှစ် နှစ်ကြိမ် ပုံမှန်ပြုလုပ်ခဲ့ပါသည်။ ယခုနှစ်တွင် ကိုဗစ်- ၁၉ ဖြစ်ပွားနေသောကြောင့် အမျိုးသားဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီ၏ (၁/၂၀၂၀) အစည်းအဝေးကို မေ ၂ ရက်က နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်း အဝေးခန်းမ၌ Video Conferencing ဖြင့် Online Meeting ပြုလုပ်ခဲ့သည်။ အစည်းအဝေးသို့ကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၊ ပြည်ထောင်စု ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီ နယ်မြေဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များ၊ ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ ကြပါသည်။ အစည်းအဝေးကို နိုင်ငံအတွင်း ဖြစ်ပေါ်လာနိုင်သည့် ကိုဗစ်-၁၉ ကပ်ရောဂါဘေး၊ ရေဘေး၊ လေဘေး၊ မီးဘေး၊ မုန်တိုင်း၊ ငလျင်ဘေး စသည့် သဘာဝဘေး အမျိုးမျိုးအတွက် ကြိုတင်ပြင်ဆင်ကာကွယ်ရေး လုပ်ငန်း များကို ညှိနှိုင်းဆောင်ရွက်ရန် ရည်ရွယ်ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ အစည်းအဝေး၌ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်မှုလုပ်ငန်းအဆင့်များ၊ ဖြစ်ပွားပါက ပြန်လည်ထူထောင်မှု လုပ်ငန်းအဆင့်များအတွက် ကော်မတီဥက္ကဋ္ဌ အပါအဝင် တက်ရောက်လာသည့်တာဝန် ရှိသူအားလုံးက ဝိုင်းဝန်းတင်ပြ ဆွေးနွေးခဲ့ကြပါသည်။ ထို့အပြင် ကိုဗစ်- ၁၉ ကပ်ရောဂါကူးစက်ဖြစ်ပွားနေမှု အခြေအနေများနှင့် ထိန်းချုပ်ရေးလုပ်ငန်းများကိုလည်း ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။ တင်ပြဆွေးနွေးသည့် အချက်များတွင် အားတက်ဖွယ်ရာ အကောင်းဆုံးအချက် မှာ ကိုဗစ်- ၁၉ ကပ်ရောဂါ ဘေး၊ မုန်တိုင်းနှင့် ရေကြီး ရေလျှံမှုဘေးတို့အတွက် ဘက်စုံသုံး အဆောက်အအုံများ၊ ဆိုင်ကလုန်းမုန်တိုင်းဒဏ်ခံ အဆောက်အအုံများ တည်ဆောက်ရေးကိစ္စရပ်ဖြစ်ပါသည်။ မှန်ပါသည်။ ဖြစ်ပြီး မှ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ လုပ်ဆောင်ခြင်း ထက် မဖြစ်မီက ကြိုတင်ပြင်ဆင်မှုပြုလုပ်ထားခြင်းက ပိုမို ကောင်းမွန်မှုရှိသည်ဟု ထင်မြင်မိပါသည်။ အစည်း အဝေး၌ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက ဦးဆောင်အခန်းကဏ္ဍမှနေ၍ ပြည်သူလူထုနှင့်အတူ လက်တွဲပြီးဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဆွေးနွေးခဲ့ကြသည်။

ထို့အပြင် ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်သည့် သတင်းများကို ပြည်သူ များ အသိ သတိ ရှိကြစေရန်အလို့ငှာ သတင်းစာများ၊ ရုပ်မြင် သံကြားများတွင် ပုံစံအမျိုးမျိုးဖြင့် ကြိမ်ဖန် များစွာ ဖော်ပြပေးလျက်ရှိပါသည်။ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနအနေဖြင့် သဘာဝဘေး အန္တရာယ်သတင်းများကို ရေဒီယိုနှင့် ရုပ်မြင်သံကြားတို့မှ ထုတ်လွှင့်ခြင်းအပြင် တယ်လီဖုန်း အော်ပရေတာများ မှတစ်ဆင့်လည်း တယ်လီဖုန်းအသုံးပြုသူများထံသို့ Disaster Alert စာတိုပေးပို့မှုများ ပြုလုပ်ပေးလျက်ရှိပါ သည်။ ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် သဘာဝ ဘေးအန္တရာယ်ကျရောက်ချိန်တွင် လမ်း၊ တံတားများ ပျက်စီးပါက အချိန်နှင့်တစ်ပြေးညီ အရေးပေါ်ဆောင်ရွက် နိုင်ရေးအတွက် စက်ယန္တရားများကို သဘာဝဘေး အန္တရာယ်ဖြစ်ပွားလေ့ရှိသည့်ဒေသများ၌ အသင့်စုဆောင်း ထားရှိပါသည်။ အဆိုပါအချက်များကြောင့် အစိုးရ၏ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအစီအမံ များမှာ အားတက်စရာပင်ဖြစ်သော်လည်း ပြည်သူများ အနေဖြင့် အသိ သတိ ရှိကြဖို့လိုအပ်မည်ဖြစ်သည်။

ကြိုတင်ပြင်ဆင်ဆောင်ရွက်ဖွယ် သဘာဝဘေးအန္တရာယ်

ကမ္ဘာပေါ်ရှိ သက်ရှိသတ္တဝါတိုင်းအပေါ်ကြီးမားသော အကျိုးသက်ရောက်မှုများ ဖြစ်ပေါ်နေသည့် အကြောင်း အရတစ်ခုမှာ ရသီဥတုပြောင်းလဲမှုကြောင့်ဖြစ်ပေါ်လာ သောသဘာဝဘေးအန္တရာယ်များပင်ဖြစ်ပါသည်။ သဘာဝ ဘေးအန္တရာယ်ဆိုသည်မှာ ကမ္ဘာကြီး၏ရာသီဥတုဆိုင်ရာ သဘာဝဖြစ်စဉ်များ ဖောက်ပြန်ပြောင်းလဲမှုမှ လူသား များအပေါ် ဆိုးကျိုးများသက်ရောက်စေသော ရေကြီး ရေလျှံမှု၊ မုန်တိုင်းတိုက်ခတ်မှု၊ မိုးခေါင်ရေရှားမှု၊ မီးတောင် ပေါက်ကွဲမှု၊ မြေပြိုမှု၊ ငလျင်လှုပ်ခတ်မှုနှင့် ဆူနာမီလှိုင်းကြီး များ ဖြစ်ပေါ်မှုကဲ့သို့သော ဖြစ်စဉ်များပင်ဖြစ်သည်။ ကမ္ဘာကြီး သည် လက်ရှိအချိန်၌ ကြီးမားပြင်းထန်သည့် သဘာဝဘေးအန္တရာယ်များ ပိုမိုဖြစ်ပွားလာမှုနှင့်အတူ  လူသားတို့၏ အသက်အန္တရာယ်များကိုလည်း ခြိမ်းခြောက်မှုတစ်ရပ် ဖြစ်လာစေခဲ့သည်။ ကမ္ဘာတစ်ဝန်း၌ သဘာဝဘေးအန္တရယ်ဖြစ်ပွားမှုကြောင့် နှစ်စဉ်နှစ်တိုင်း လူပေါင်း ၉၀၀၀၀ ကျော် သေဆုံးခဲ့ရပြီး သန်း ၁၆၀ နီးပါး ဘေးဒုက္ခခံစားခဲ့ရသည်။

မိမိတို့နိုင်ငံသည်လည်း ရှည်လျားသည့် ပင်လယ်ကမ်းရိုးတန်းကို ပိုင်ဆိုင်ခြင်းနှင့် နိုင်ငံအတွင်း မိုးရွာသွန်း မှုများပြားခြင်းတို့ကြောင့် ရေနှင့်သက်ဆိုင်သော သဘာဝ ဘေးအန္တရာယ်များကို နှစ်နှစ်တစ်ကြိမ်၊ သို့မဟုတ် သုံးနှစ် တစ်ကြိမ်ခန့်ရင်ဆိုင်နေရပါသည်။ ရေကြီး ရေလွှမ်းမိုး မှုကြောင့် လူသေဆုံးခြင်း၊ နေအိမ်များ၊ အစိုးရရုံး အဆောက်အအုံများ ရေနစ်မြုပ်ပျက်စီးခြင်း သစ်တော များ ပျက်စီးခြင်း၊ သီးပင်စိုက်ခင်များ ပျက်စီးခြင်း ဆက်သွယ်ရေးလမ်းကြောင်းများ ပြတ်တောက်ခြင်း တို့ကြောင့် ကုန်စည်စီးဆင်းမှုရပ်တန့်ခြင်းတို့ဖြစ်ပွားခဲ့ရာ နိုင်ငံသားများနှင့် နိုင်ငံ့စီးပွားရေးအပေါ် များစွာထိခိုက် နစ်နာမှုများ ဖြစ်ပေါ်ခဲ့ရပါသည်။ ။

နိုင်ငံတော်အစိုးရအနေဖြင့် သာဘေးအန္တရာယ် လျှော့ချရေးနှင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ၌ နှစ်စဉ် ကျပ်သန်းပေါင်များစွာ အကုန်အကျခံသုံးစွဲခဲ့ပြီး အစွမ်းကုန်ကူညီမှုများ ပေးအပ်ခဲ့ရပါသည်။ သို့သော်လည်း မြန်မာနိုင်ငံအတွင်း သဘာဝဘေးအန္တရာယ် အမျိုးမျိုးကို တစ်နှစ်ထက် တစ်နှစ် မရိုးနိုင်အောင်ကြုံတွေ့ နေရဆဲ ဖြစ်သည်။ သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်ရသည့် အကြောင်းအရင်းများကို မှန်ကန်စွာသုံးသပ်ပြီး အနယ် တွင် ထပ်မံကြုံတွေ့ရပါက ထိခိုက်ပျက်စီးမှုနည်းအောင် ကြိုတင်ကာကွယ်ရေးမှာ လွန်စွာအရေးကြီးသည်။ ထို့အပြင် နိုင်ငံတော်အစိုးရအနေဖြင့် သဘာဝဘေး အန္တရာယ်စီမံခန့်ခွဲမှု စီမံချက်များကို ဆော်ကာလ အနေများနှင့် ကိုက်ညီအောင် ပြင်ဆင်ရေးဆွဲပြီး သဘာဝ ဘေဖြစ်ပွားချိန်၌ လစ်ဟာမှုမရှိစေရန် ကြိုတင်လေ့ကျင့်မှု များ ပြုလုပ်ထားသင့်သည်။ မိမိတို့နိုင်ငံအတွင်း ရာသီဥတု ဖောက်ပြန်မှုများ မဖြစ်ပေါ်စေရေးအတွက်လည်း သစ်တောများ စိုက်ပျိုးခြင်း ကမ္ဘာကြီးပူနွေးမှုကို ဖြစ်ပေါ်စေသော ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုများကိုလျှော့ချခြင်းနှင့် သဘာသယံဇာတထုတ်ယူသုံးစွဲမှုများကို ထိန်းသိမ်းဆောင်ရွက်ခြင်းတို့လုပ်ဆောင်သွားရန် လိုအပ်ပါသည်။ ။

သို့မဟုတ်ပါက မြန်မာနိုင်ငံအတွင်း သဘာ ဘေးအန္တရာယ်များပိုမိုဖြစ်ပွားလာနိုင်ပြီး အဆိုပါသဘာဝ ဘေးအန္တရာယ်လွန်ကာလများအတွင်း ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ လုပ်ဆောင်နေခြင်းကြောင့် စီးပွားရေးအပေါ်ထိခိုက်မှု ရှိလာနိုင်ပါသည်။ ထို့ကြောင့် နိုင်ငံတစ်ဝန်းသဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ခြင်းဖြင့် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားသင့်ကြောင်း ရေးသား လိုက်ရပါသည်။ ။

မြန်မာ့အလင်း