နေပြည်တော် ဇန်နဝါရီ ၃

 

မြန်မာနိုင်ငံအစိုးရအနေဖြင့် အွန်လိုင်းလိမ်လည် လောင်းကစားမှုများ အများဆုံးအခြေချလုပ်ကိုင် လျက်ရှိကြသည့် ရွှေကုက္ကိုလ်နယ်မြေနှင့် KK Park နယ်မြေများရှိ တရားမဝင် အဆောက်အအုံများ အတွင်း ဝင်ရောက်ရှင်းလင်း၍ အွန်လိုင်းလိမ်လည် လောင်းကစားမှုလုပ်ငန်းစဉ်များတွင် အသုံး ပြုခဲ့သည့် သိမ်းဆည်းရမိပစ္စည်းများအား စနစ်တကျဖျက်ဆီးခြင်းနှင့် တရားမဝင် အဆောက်အအုံများ အား စနစ်တကျဖြိုချ ဖျက်ဆီးခြင်းများကို အဖွဲ့စုံပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် ဆောင်ရွက်လျက်ရှိရာ ယနေ့တွင်လည်း KK Park နယ်မြေအတွင်းရှိ တရားမဝင် အဆောက်အအုံ ရှစ်လုံးကို ထပ်မံဖြိုချဖျက်ဆီးခဲ့ကြောင်း သိရသည်။

 

ယနေ့တွင် မြဝတီ-မဲ့ထော်သလေး(KK Park)အပိုင်း(၃)နယ်မြေအတွင်းရှိ အွန်လိုင်းလိမ်လည် လောင်းကစားမှုများ ကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် တရားမဝင် တစ်ထပ်အဆောက်အအုံ ခြောက်လုံးနှင့် အပိုင်း(၂)နယ်မြေအတွင်းရှိ အွန်လိုင်းလိမ်လည် လောင်းကစားမှုများ ကျူးလွန်ရာတွင် အသုံးပြုခဲ့သည့်တရားမဝင်လေးထပ် အဆောက်အအုံနှစ်လုံး၊ စုစုပေါင်း တရားမဝင်အဆောက်အအုံ ရှစ်လုံး တို့ကို ထပ်မံဖြိုချဖျက်ဆီးခဲ့သဖြင့် KK Park နယ်မြေအတွင်း ရှိ တရားမဝင်အဆောက်အအုံ စုစုပေါင်း ၆၃၅ လုံး အနက် ၅၆၃ လုံးကို စနစ်တကျဖြိုချဖျက်ဆီးပြီး ဖြစ်ကြောင်း သိရသည်။

 

 

ထို့ပြင် KK Park နယ်မြေအတွင်းရှိ တရားမဝင် အဆောက်အအုံများအနက် ယာဉ်ယန္တရားများ အသုံးပြု၍ ဖြိုချဖျက်ဆီးခြင်းများ ဆောင်ရွက်ပြီးစီးခဲ့သည့် တရားမဝင် အဆောက်အအုံများကို အလုံးစုံ ပျက်စီးစေရန်အတွက် လေအိုးမီးအိုးဖြင့် ထပ်မံဖျက်ဆီးခြင်းများကိုလည်း ဒီဇင်ဘာ ၁၄ ရက်မှ စတင် ဆောင်ရွက်ခဲ့ရာ ယနေ့တွင် နှစ်ထပ်အဆောက်အအုံငါးလုံးကို ထပ်မံဖျက်ဆီးနိုင်ခဲ့သဖြင့် စုစုပေါင်း တရားမဝင်အဆောက်အအုံ ၉၆ လုံးတို့ကို ရာခိုင်နှုန်းပြည့် ဖျက်ဆီးပြီးဖြစ်ကြောင်း သိရသည်။

 

နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းလိမ်လည် လောင်းကစားမှုကျူးလွန်မှုများကို အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ်ခံယူကာ မြန်မာနိုင်ငံအတွင်း လုံးဝအခြေမပြုနိုင်ရေး ပြည်တွင်းအင်အားစုများ အပြင် အိမ်နီးချင်းနိုင်ငံ အစိုးရများနှင့်လည်း ပေါင်းစပ်ညှိနှိုင်း၍ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်