ကချင်ပြည်နယ်ဝန်ကြီးချုပ် တန်ဖိုးနည်းအိမ်ရာများသို့ ပြောင်းရွှေ့နေထိုင်သည့် အိမ်ထောင်စုများအား ထောက်ပံ့ပေးအပ်ပွဲနှင့် ကျေးရွာစီမံကိန်း ပြည်နယ်အဆင့်ကြီးကြပ်မှုကော်မတီ အစည်းအဝေးသို့ တက်ရောက်

မြစ်ကြီးနား မေ ၉

 

ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်းရှိ ယာယီခိုလှုံရာစခန်းနေပြည်သူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့နယ်အတွင်းရှိ ယာယီခိုလှုံရာစခန်း (၂၀)မှ အိမ်ထောင်စုများအတွက် ပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေဖြင့် ဆောက်လုပ်ပေးခဲ့သော ငွေပျော်စံပြကျေးရွာ၌ ရွှေ့ပြောင်းနေထိုင်ကြသည့် အိမ်ထောင်စုများအား မေ ၈ ရက် မွန်းလွဲ ၃ နာရီခွဲက ကျေးရွာခန်းမ၌ သွားရောက်တွေ့ဆုံ အားပေးထောက်ပံ့ကြသည်။

 

ထို့သို့တွေ့ဆုံရာတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ရွှေ့ပြောင်းနေထိုင်ကြသည့် အိမ်ထောင်စုများအား မိသားစုများအနေဖြင့် ယာယီခိုလှုံရာစခန်းများမှ ယခုလို ရွှေ့ပြောင်းနေထိုင်ကြသည့်အတွက် လတ်တလော နေထိုင်စားသောက်မှု အခက်အခဲရှိနေသည်ကို ဆက်လက်ကူညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ယနေ့ အမျိုးသားသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီနှင့် ပြည်နယ်အစိုးရအဖွဲ့၊ ဌာနဆိုင်ရာများက အတတ်နိုင်ဆုံး အဆင်ပြေစေရန် ထောက်ပံ့ပေးအပ်လိုပါကြောင်း၊ ထို့အပြင် အိမ်ထောင်စုများအနေဖြင့် လိုအပ်ချက်၊ အခက်အခဲများကို ဝိုင်းဝန်းဖြေရှင်းနိုင်ရေး ပွင့်လင်းရင်းနှီးစွာ တင်ပြဆွေးနွေးလိုပါကြောင်း အားပေးပြောကြားသည်။

 

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အမျိုးသားသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီက ထောက်ပံ့သည့် ဆန်အိတ် (၉၇)အိတ်၊ ကချင်ပြည်နယ်အစိုးရအဖွဲ့က ဆီ (၉၇)ဘူး၊ ကြက်ဥ (၉၇)ကဒ်၊ ခေါက်ဆွဲခြောက်ဖာ (၉၇)ဖာတို့နှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ပြောင်းရွှေ့စရိတ်အဖြစ် အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေကျပ် (၉၇၀၀၀၀၀)၊ ဆန်ရိက္ခာ တစ်လစာဖိုးငွေကျပ် (၄၂၈၄၀၀၀)နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုးပါ (၉၇)ပုံးတို့အား မြစ်ကြီးနားမြို့နယ်အတွင်းရှိ ယာယီခိုလှုံရာစခန်း (၁၃)ခုမှ ရွှေ့ပြောင်းနေထိုင်သည့် အိမ်ထောင်စု (၆၇)စု၊ ဝိုင်းမော်မြို့နယ်အတွင်းရှိ ယာယီခိုလှုံရာစခန်း (၇)ခု ရွှေ့ပြောင်းနေထိုင်သည့် အိမ်ထောင်စု (၃၀)စု လူဦးရေစုစုပေါင်း (၄၇၆)ဦးတို့အတွက် ပစ္စည်းနှင့် ငွေသားတန်ဖိုး စုစုပေါင်းငွေကျပ် (၃၀၀၂၅၄၇၂)ကျပ်ကို အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြသည်။

 

ယင်းနောက် ရွှေ့ပြောင်းနေထိုင်ကြသည့် အိမ်ထောင်စုများက ရေ၊ လျှပ်စစ်မီးနှင့် လိုအပ်ချက်များကို တင်ပြဆွေးနွေးကြရာ ပြည်နယ်ဝန်ကြီးချုပ်က ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး၊ အလုပ်အကိုင် အခွင့်အလမ်းရရှိရေးအတွက် မွေးမြူရေးနှင့် နေအိမ်ခြံဝင်းများအတွင်း စိုက်ပျိုးရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာကဏ္ဍအလိုက် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ကျေးရွာအတွင်း ပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေဖြင့် တည်ဆောက်ပေးခဲ့သည့် တန်ဖိုးနည်း လုံးချင်းအိမ်ရာများတွင် ရွှေ့ပြောင်းနေထိုင်လျက်ရှိကြသည့် မိသားစုများ၏ နေအိမ်များခြံဝင်းများသို့ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြပြီး ရွှေ့ပြောင်းနေထိုင်မှု အခြေအနေများနှင့် မိသားစုများ၏ လိုအပ်သည်များ အမြန်ဆုံး ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

 

ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် နောင်နန်းကျေးရွာအုပ်စုအတွင်းရှိ ဒေသခံစီးပွားလုပ်ငန်းရှင် ပိုင်ဆိုင်ပြီး ဒေသတွင်း လူငယ် ၁၀၀ ကျော်တို့အား အလုပ်အကိုင်ခန့်ထားပေးသည့် J2A အထည်ချုပ်စက်ရုံသို့ သွားရောက်ပြီး စက်ရုံအတွင်း J2A အမှတ်တံဆိပ်ဖြင့် စပို့ရှပ် အင်္ကျီ၊ T-Shirt အင်္ကျီနှင့် မိုးကာအင်္ကျီများ၊ အားကစားဝတ်စုံများကို ၎င်းတို့ကိုယ်တိုင် ဒီဇိုင်းရေးဆွဲ၍ အထည်ချုပ်လုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများ၊ ကုန်ကြမ်းအထည်များ ဝယ်ယူတင်သွင်း၍ စုဆောင်းရရှိမှု အခြေအနေများ၊ ခေတ်မီစက်ဖြင့် ကုန်ပစ္စည်းအမှတ်တံဆိပ် ရိုက်နှိပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုများကို ပိုင်ရှင်ဦးဇော်ဘောက်နှင့် တာဝန်ရှိသူများ၏ လိုက်လံရှင်းလင်းပြသမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ဈေးကွက်တင်ပို့ရောင်းချမှုအခြေအနေများ၊ ကုန်ကြမ်းဝယ်ယူရရှိမှု အခြေအနေများနှင့် လိုအပ်ချက်များကို မေးမြန်းဆွေးနွေးကာ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် မတည်ထောက်ပံ့မှုပေးနိုင်ရေးအတွက် ဆွေးနွေးဆောင်ရွက်ပေးခဲ့သည်။

 

ထို့အတူ ပြည်နယ်ဝန်ကြီးချုပ်သည် မေ ၉ ရက် နံနက် ၉ နာရီခွဲက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးဆောင်ရွက်သော ပြည်နယ်အဆင့် ကျေးရွာစီမံကိန်းကြီးကြပ်မှုကော်မတီ၏ (၇/၂၀၂၄)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်သည်။

 

အဆိုပါအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေကျပ် ၈ ဘီလီယံဖြင့် ရန်ပုံငွေ ပထမနှစ်စက်ဝန်းကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ပြီး ယနေ့ ဒုတိယနှစ်စက်ဝန်း မြန်ဆန်စွာ လည်ပတ်နိုင်ရေး စီမံကိန်းလက်စွဲစာအုပ်ပါ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ခရိုင်၊ မြို့နယ်ကော်မတီများမှ စိစစ်တင်ပြလာသည့် လုပ်ငန်းစီမံကိန်းများကို တောင်သူများနှင့်လုပ်ငန်းရှင်များ လက်ဝယ်လုံခြုံစွာချထားပေးနိုင်ရေး၊ ထို့အပြင် နယ်မြေအခြေအနေအပေါ် မူတည်၍ ခွင့်ပြုချထားပေးနိုင်ရေးကို အလေးအနက်ထား ဆွေးနွေးဆောင်ရွက်သွားရမည်ဖြစ်ကြောင်း တိုက်တွန်းမှာကြားသည်။

 

ယင်းနောက် ပြည်နယ်အဆင့်ကော်မတီအတွင်းရေးမှူး၊ ပြည်နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးက ဒုတိယနှစ်စက်ဝန်းအတွက် ရန်ပုံငွေမတည်ပေးရန် ဆွေးနွေးဆုံးဖြတ်ခဲ့မှုအခြေအနေများ၊ နယ်မြေအခြေအနေအရ ရန်ပုံငွေပြန်လည်အပ်နှံမည့် လုပ်ငန်းယူနစ်များ၊ ထပ်တိုးခွင့်ပြုချထားပေးနိုင်ရေး ဆွေးနွေးဆောင်ရွက်ရမည့် လုပ်ငန်းယူနစ်များ၊ ရန်ပုံငွေကျန်ရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ကော်မတီအဖွဲ့ဝင်များက လုပ်ငန်းကဏ္ဍအလိုက် ရင်းနှီးမတည်ပေးသွားမည့် လုပ်ငန်းယူနစ် အခြေအနေများကို လည်းကောင်း၊ ခရိုင်ကော်မတီအဖွဲ့ဝင်များက လုပ်ငန်းယူနစ်များအလိုက် ပြည်နယ်ကော်မတီသို့ စိစစ်တင်ပြထားရှိမှု၊ ရန်ပုံငွေလက်ခံရရှိမှုနှင့် ထပ်တိုးမတည်ပေးရမည့် လုပ်ငန်းစီမံကိန်းများကို လည်းကောင်း အသီးသီးရှင်းလင်းတင်ပြကြရာ ပြည်နယ်ကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်စီးပွားရေးရာဝန်ကြီးက လုပ်ငန်းစီမံကိန်းအလိုက် သုံးသပ်ရှင်းလင်းဆွေးနွေးတင်ပြသည်။

 

ထိုသို့ တင်ပြဆွေးနွေးမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က သက်ဆိုင်ရာလုပ်ငန်းကဏ္ဍအလိုက် ရင်းနှီးမတည်ပေးသွားမည့် လုပ်ငန်းယူနစ်များအပေါ် လိုအပ်သည်များကို ပြည်နယ်အဆင့် ကော်မတီအဖွဲ့ဝင်များနှင့် ခရိုင်ကော်မတီအဖွဲ့ဝင်များအကြား ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး လုပ်ငန်းယူနစ်တစ်ခုချင်းအလိုက် အတည်ပြုနိုင်ရေး ဆွေးနွေးဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

ပြည်နယ်(ပြန်/ဆက်)