မလှိုင် ၁၁ ဧပြီ   

 

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်အတွင်းမှ ကြက်သွန်စိုက်တောင်သူများ ကြက်သွန်တူးဖော်ချိန် ကြက်သွန်ဈေး ကျနေသဖြင့် တောင်သူများ အရှုံးပေါ်နေပြီး ဈေးကောင်းရရန် မျှော်လင့်လျှက်ရှိကြောင်း မျက်သီးကျင်း ကျေးရွာနေ ကြက်သွန်စိုက်တောင်သူ ဦးမြင့်ဦးထံမှ သိရသည်။

 

ကြက်သွန်လက်ရှိပေါက်ဈေးမှာ တစ်ပိဿာ ၃၂၀ / ၃၅၀ ကျပ်သာ ရရှိပြီး မြေသြဇာ၊ ဆေးဘိုး၊ ဒီဇယ်ဘိုးနှင့် အလုပ်သမားခမှာ  ယခင်နှစ်များကထက် ဈေးပိုပေးသုံးနေရပြီး ကြက်သွန်ဈေးမှာ ထူးမတက်သဖြင့် တောင်သူများ အနေဖြင့် အရှုံးပေါ်နေပြီး တက်ဈေးမျှော်လင့်လျှက်ရှိကြောင်းသိရသည်။ ကြက်သွန်ကို တန်ဆောင်မုန်းလတွင် ပျိုးထောင်ပြီး  နတ်တော်၊ ပြာသိုလမှာ စိုက်ပျိုး၍ တပေါင်း၊ တန်ခူးလများတွင် တူးဖော်ရကြောင်း၊ ကြက်သွန်စတင် တူးဖော်ချိန်တွင် ဈေးကျလေ့ရှိကြောင်း သိရသည်။

 

“ တောင်သူတွေက ယာသီးနှံထက် ကိုင်းသီးနှံကို အလေးထားစိုက် ကြပါတယ်၊ ကျမတို့ဆို  ကြက်သွန်ကို နှစ်တိုင်း စိုက်ပျိုးပါတယ်၊ ဒီနှစ်ဈေးက မကောင်းဘူး၊ ကြက်သွန်ဈေးတာ မကောင်းတာ ဆီဈေးက (၅) ဂါလန်တစ်ပုံးကို နှစ်သောင်းကျော်ပေးရတယ်၊ မနှစ်ကထက်ပိုတယ်၊ မြေသြဇာ ကျတော့လည်း မနှစ်က တစ်အိတ်ကို လေးသောင်း၊ ဒီနှစ်မှာ ငါးသောင်းကျော်၊ ပုလဲမြေသြဇာပဲ သုံးသောင်းရတယ်၊ အလုပ်သမားကလည်း မိန်းကလေးတစ်ယောက်ကို တစ်နေ့ သုံးထောင်၊ ယောကျာ်းလေး တစ်ယောက်ကို လေးထောင်ပေးရတယ် အရေးကြီးရင်ကြီးသလို ပိုပေးရသေးတယ်၊ အစစအရာရာ ဈေးပိုပေးရပြီး ကိုယ့်ပစ္စည်းက ဈေးကောင်းမရတော့ တောင်သူတွေ ရှုံးတာပေါ့၊ အခါ (သင်္ကြန်) ပြီးရင် ဈေးကောင်းရဖို့တော့ မျှော်လင့်နေတာပါပဲ  ”  ဟု မျက်သီးကျင်း  ကျေးရွာမှ တောင်သူ ဒေါ်စန်းနွဲ့ကလည်း ပြောပြခဲ့သည်။

 

အောင်ဌေး(မလှိုင်)

 

1