ကြက်ဥထမင်းလိပ်

နေပြည်တော် ၁၂ ဖေဖော်ဝါရီ

 

 

ပဲငံပြာရည်အရသာသွင်းထားတဲ့ ထမင်းကြော်ကို ကြက်ဥခေါက်ကြော်ထဲ အဆာသွပ်ထားတာပါ။ ဂျင်းနဲ့ shiso (ရှီဆို)  အရွက်ရဲ့ အနံ့အရသာကြောင့်  ကြက်ဥထမင်းလိပ်ကို  ဂျပန်အရသာ ပိုပေါက်သွားစေပါတယ်။

 

 

ပါဝင်ပစ္စည်းများ (နှစ်ဦးစာ)

 

•           ကြက်ဥ  ၄ လုံး

 

•           ထမင်း ၃၀ဝဂရမ် ( အပူ)

 

•           ဝက်သား ဗိုက်သား  ၆၀ဂရမ်

 

•           ရှီမဲဂျီ( shimeji) မှို တစ်ထုတ် ( အမြစ်မာတဲ့ အပိုင်းတွေကို ဖယ်ထားပါ။)

 

•           ဂျပန်ကြက်သွန်မြိတ် အပင်ရဲ့ သုံးပုံတစ်ပုံ

 

•           ရှီဆိုရွက်   ၇ရွက်

 

•           ဆား

 

•           ငရုတ်ကောင်း

 

•           ထောပတ်တစ်ဇွန်း

 

•           ပဲငံပြာရည်တစ်ဇွန်း

 

•           ဟင်းရွက်ဆီ

 

•           ဆော့စ်

 

•           dashi ၁၅၀ မီလီလီတာ

 

•           mirin ဆန်အရက် စားပွဲဇွန်း  ၁ ဇွန်း

 

•           ပဲငံပြာရည် စားပွဲဇွန်း ၁ ဇွန်း

 

•           ဂျင်းအရည် စားပွဲဇွန်း ၂ ဇွန်း

 

•           မှတ်ချက်။ ဆော့စ်အရည် ပျစ်ပျစ်ကြိုက်ပါက အာလူးမှုန့် ထည့်နိုင်ပါသည်။

 

 

ပြင်ဆင်ပုံ

 

၁။ ဝက်သားကို  ၂ စင်တီမီတာအရွယ် အချောင်းလေးတွေ ဖြတ်ပြီး  ဆား နဲ့ ငရုတ်ကောင်း ဖြူးထားပါ။ မှိုကို  ၁ စင်တီမီတာအရွယ် အပိုင်းလေးတွေ ဖြတ်ပါ။ ကြက်သွန်မြိတ်ကိုလည်း နှစ်ပိုင်းပိုင်းပြီး  စင်တီမီတာအရွယ် အပိုင်းလေးတွေ ဖြတ်ပါ။ ရှီဆိုအရွက်  ၂ ရွက်ကို အလှဆင်ဖို့အတွက် ဖယ်ထားပြီး  ကျန် ၅ ရွက်ကို ခပ်ပါးပါးလှီးပါ။

 

၂။ ဒယ်အိုးကို အပူပေးပြီး ထောပတ်ထည့်ပါ။ ထောပတ်ပျော်လာပါက ဝက်သားတွေကို  ကြွပ်သွားတဲ့အထိ ကြော်ပါ။ မှိုနဲ့ ကြက်သွန်မြိတ်ထည့်ပြီး ပျော့လာတဲ့အထိကြော်ပါ။ ထမင်းထည့်ပြီး ဆက်ကြော်ပါ။ ထမင်းနဲ့ အဆာတွေ သမသွားအောင်  သစ်သားယောက်မဇွန်းနဲ့ မွှေပြီး ကြော်ပါ။ ပဲငံပြာရည်ကို ဒယ်အိုးအနှံ့ ဆမ်းပေးပြီး ထမင်းကြော်ကို ဆက်မွှေပေးပါ။ ဆားနဲ့ ငရုတ်ကောင်း မှုန့်ဖြူးပြီး အရသာကို လိုသလို ပြုပြင်ပါ။နောက်ဆုံး ရှီဆိုအရွက်ထည့်ပြီး အသာလေး မွှေပေးပါ။

 

၃။ ကြက်ဥ၂လုံးကို ခွက်တစ်ခုထဲ ဖောက်ထည့်ပြီး ဆားနဲ့ ငရုတ်ကောင်းမှုန့် ထည့်ကာ ခေါက်ပါ။ ဒယ်အိုးပူလာတဲ့အခါ ဟင်းရွက်ဆီထည့်ပြီး ဆီပူလာတဲ့အခါ ခေါက်ထားတဲ့ကြက်ဥကို ထည့်ပါ။ ကြက်ဥအရည် အထူအပါးညီအောင် ခပ်မြန်မြန်လေး ညှိပေးပါ။ ကြက်ဥ နည်းနည်းကျက်လာတဲ့အခါ  မီးဖိုမီးကို ပိတ်လိုက်ပြီး ထမင်းကြော် တစ်ဝက်ကို ကြက်ဥကြော် အလယ်မှာ ပုံပါ။  ကြက်ဥကြော်က ထမင်းကို အုပ်သွားအောင် ဒယ်အိုးကို မြှောက်မြှောက်ပြီး လှည့်ပေးပါ။လက်တစ်ဖက်က ဒယ်အိုးကို ကိုင်ထားပြီး နောက်လက်တစ်ဖက်မှာ ပန်းကန်ပြားတစ်ချပ်ကို ကိုင်ကာ ကြက်ဥလိပ်ကို ပန်းကန်ပြား ထဲ မြှောက်ထည့်ပါ။ ကြက်ဥလိပ်နောက်တစ်ခုကိုလည်း အထက်ပါအတိုင်း ဆက်လုပ်ပါ။

 

၄။ ဆော့စ် စပ်ဖို့အတွက် ပြင်ဆင်ထားတဲ့ အမယ်တွေကို အိုးတစ်လုံးထဲထည့်ပြီး မီးခပ်နွေးနွေးနဲ့ တည်ပါ။ ဆော့စ်အရည် စပွက်လာတဲ့အခါ  အာလူးမှုန့်ထည့်ပြီး ကြိုက်နှစ်သက်ရာ အပျစ်အကျဲ အနေအထား ရောက်တဲ့အထိ ဆက်တည်ထားပါ။ ကြက်ဥလိပ် နှစ်ခုစလုံးပေါ်မှာ ဆော့စ်ကို အညီအမျှ လောင်းဆမ်းပေးပြီး  ရှီဆိုအရွက်ကို အလှတင်ပြီး ပြင်ဆင်ပါ။

 

ကိုးကား- NHK