ကလော ၁၁ ဧပြီ
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောမြို့နယ်တွင် မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၊ ကျန်းမာရေးဌာနနှင့် UNOPS /GF-RAI2E တို့မှ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်သည့် လူထုအခြေပြု ငှက်ဖျားရောဂါ ကာကွယ်ရေး စီမံကိန်းမှ ပြည်သူများ ခြင်အန္တရာယ်နှင့် ငှက်ဖျားရောဂါ ကာကွယ်နိုင်ရန် ရည်ရွယ်၍ ဧပြီလ ၁၀ ရက်၊ မွန်းလွဲ ၁ နာရီက ဝက်ဖြူရေကျေးရွာအုပ်စု နန်းပန်တက်ကျေးရွာ အနီးရှိ ရှမ်းရိုးမဆင်စခန်းမှ ဝန်ထမ်းများ၊ ရွာသူ၊ ရွာသားများနှင့် အလုပ်သားများအား တာရှည်ခံ ဆေးစိမ်ခြင်ထောင်များအား အခမဲ့ ဖြန့်ဝေပေးခဲ့သည်။
ရှေးဦးစွာ ရှမ်းရိုးမဆင်စခန်း တာဝန်ခံ ဦးစိုင်းသန်းနိုင်က အမှာစကား ပြောကြားပြီး မြို့နယ် ကြက်ခြေနီ အသင်းမှ ကွင်းဆင်းကြီးကြပ်ရေးမှူး ဦးကျော်စောဝေက ငှက်ဖျားရောဂါအကြောင်း သိကောင်းစရာများနှင့် ဆေးစိမ်ခြင်ထောင် အသုံးပြပုံနည်းများကို အသိပညာပေး ဟောပြောခဲ့သည်။
ဆက်လက်၍ ရှမ်းရိုးမ ဆင်စခန်းတွင်ရှိသော ဆင်စခန်းရွာမှ မိသားစု ၂၈စု လူဦးရေ ၅၃ ဦးနှင့် လမ်း၊ တံတား တည်ဆောက်ရေး အလုပ်သမားများအတွက် ရှမ်းရိုးမဆင်စခန်း တာဝန်ခံ ဦးစိုင်းသန်းနိုင်က တာရှည်ခံ ဆေးစိမ်ခြင်ထောင် ၃၂ လုံးကို အခမဲ့ပေးအပ်ခဲ့ပြီး ကျေးရွာနေသူများနှင့် ရှမ်းရိုးမ ဆင်စခန်းမှ ဝန်ထမ်းများအား ငှက်ဖျားပိုး ရှိ/မရှိ သွေးဖောက်စစ်ဆေးပေးခြင်းခဲ့ပြီး ငှက်ဖျားရောဂါအကြောင်း အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ကျော်ဝင်း (ပြန်/ဆက်)


