ကလော စက်တင်ဘာ ၉
မန္တလေးငလျင်ကြီးကြောင့်ရှမ်းပြည်နယ် (တောင်ပိုင်း) ကလောမြို့နယ်တွင် လုံးဝပြိုကျပျက်စီးခဲ့သည့် နေအိမ်များနှင့် တစ်စိတ်တစ်ပိုင်း ပြိုကျပျက်စီးနေအိမ်များအား အမျိုးသားသဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှ ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့မွန်းလွဲပိုင်းက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်း၌ ကျင်းပသည်။
ဦးစွာ ကလောမြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသိန်းက အမှာစကား ပြောကြားသည်။ ထို့နောက် မန္တလေးငလျင်ကြီးကြောင့် ကလောမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ လုံးဝပြိုကျပျက်စီးခဲ့သည့် ဝါးထရံကာ နေအိမ်တစ်လုံးအတွက် ငွေကျပ် သိန်း ၂၀၊ တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ်တစ်လုံးလျှင် ငွေကျပ် ၆ ဒသမ ၆၆၆ သိန်းနှုန်းဖြင့် နေအိမ်ခုနစ်လုံးအတွက် ထောက်ပံ့ငွေကျပ် ၄၆ ဒသမ ၆၆၂ သိန်း၊ တစ်ထပ်ပျဉ်ထောင်အိမ်တစ်လုံးလျှင် ငွေကျပ် ၃၃ ဒသမ ၃၃၇ သိန်းနှင့် နှစ်ထပ်ပျဉ်ထောင်အိမ် တစ်လုံးလျှင် ငွေကျပ်သိန်း ၆၀ နှုန်းဖြင့်နေအိမ် နှစ်လုံးအတွက် သိန်း ၁၂၀ စုစုပေါင်းငွေကျပ် ၂၁၉ ဒသမ ၉၉၉ သိန်းကို ကလောမြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးစိုးသိန်းနှင့်အဖွဲ့ဝင်များက ပေးအပ်ခဲ့ကြောင်း သိရသည်။
ကျော်ဝင်း(ကလော)


